ကိုဗစ်-၁၉ သည် ကမ္ဘာတဝှမ်း သို့ ပျံ့နှံ့လာနိုင်ဖွယ် ရှိဟု ကျွမ်းကျင်သူများ ခန့်မှန်း

by Hla Soewai - Feb 21 2020

ယခု လက်ရှိတွင် ကော်ရိုနာ ဗိုင်းရပ်စ် ၁၉ ဟု ခေါ်သော ကိုဗစ်-၁၉ ၏ ၉၉% သော ရောဂါကူးစက်မှု သည် တရုတ်နိုင်ငံအတွင်း တွင် ပင် ရှိနေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံ၏ ပြင်ပတွင် ဖြစ်ပွားနေသော ရောဂါ ကူးစက်မှု တထောင်ကျော်တွင် တဝက်ကျော်သည် ဂျပန် ကမ်းလွန်တွင် ကျောက်ချ နေရသည့် စိန် မင်းသမီး အပျော်စီး သင်္ဘော ပေါ်မှ ဖြစ်ပြီး ကျန် တဝက်ကျော်သည် နိုင်ငံပေါင်း ၂၇ နိုင်ငံသို့ ပျံ နှံ့သွားခဲ့ပြီ ဖြစ်သည်။ အများစုသည် အာရှ နိုင်ငံများ ဖြစ်ကြသည်။ တရုတ် အစိုးရမှ မြို့ကြီး များ အား ရက်သတ္တပတ်ပေါင်းများစွာ ပိတ်ဆို့ ထားခဲ့ကြသော်လည်း နိုင်ငံတွင်း တွင် လျှင်မြန်စွာ ပျံ့နှံ့လာနေသည်ကို တွေ့ရသည်။ နိုင်ငံပေါင်းများစွာ မှ တရုတ် နိုင်ငံသားများ အား ခရီးသွားလာခွင့် ပိတ်ပင်ထားမှု နှင့် အတူ တရုတ် အစိုးရ၏ ကြိုးပမ်းမှုများကြောင့် ဗိုင်းရပ်စ် ပျံ့နှံ့မှု သည် နှေးကွေးလာခဲ့သည်။ သို့သော် ကျန်းမာရေး ကျွမ်းကျင်သူများသည် epidemic မှ ကမ္ဘာတဝှမ်း ကူးစက်ရောဂါ pandemic အဖြစ် ရောက်ရှိလာမည်မှာ ရှောင်လွှဲ၍ မရ မည့် အဖြစ်ကို စိုးရိမ်လာနေကြပြီ ဖြစ်သည်။ ထိုအရေးအား ကမ္ဘာနိုင်ငံများ ရှိ ကျန်းမာရေး အာဏာပိုင်များသည် ကသုတ်ကရက် နှင့် ထိတ်ထိတ်ပျာပျာ ဖြင့် ပြင်ဆင်လာနေကြပြီ ဖြစ်သည်။

 

ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ ကမူ အမေရိကန် ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေး Centres for Diseases Control and Prevention (CDC) မှ နန်စီ မက်ဆိုနီယာ က အမေရိကန် အနေဖြင့် နိုင်ငံတွင်း ခြေကုပ်ယူလာတော့မည့် ဗိုင်းရပ်စ်အတွက် ပြင်ဆင်ထားသင့်သည်ဟု သတိပေးလာခဲ့သည်။ တောင်အာဖရိက ရှိ ဆရာဝန်များ သည်လည်း အထူး သတိကြီးစွာ စောင့်ကြည့်နေကြပြီ ဖြစ်သည်။ နိုင်ငံတွင်းရှိ ပြည်နယ်ပေါင်း ကိုးပြည်နယ် ရှိ ဆေးဝန်ထမ်း ၈၅၀ ကျော်အား ရောဂါ လက္ခဏ များ အား မည်သို့ မည်ပုံ သတိထား စောင့်ကြည့်ရမည်ကို သင်ကြား ပို့ချထားပြီး ဖြစ်သည်။ လောလောဆယ်တွင် WHO သည် နိုင်ငံပေါင်း ၅၀ ကျော် ရှိ ဆေးရုံများ သို့ ခွဲစိပ်ခန်းသုံး နှာခေါင်းစည်းများ၊ ဝတ်ရုံများ  နှင့် လက်အိတ်များ ပေးပို့လျက် ရှိနေသည်။ အာဖရိက တိုက် ကြီး ရှိ ကျန်းမာရေး ဝန်ထမ်းများအားလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိအောင် မည်သို့ကာကွယ်ရမည်နှင့် ရောဂါ ကူးစက်ခံထားရသူများ ကို မည်သို့ ပြုစုကုသ ရမည်ကိုလည်း သင်ကြား ပို့ချပေးလျက် ရှိနေသည်။

 

ယခုအခါ နိုင်ငံအသီးသီးမှ လေဆိပ်များ နှင့် နယ်ခြား အဝင်အထွက်များ တွင် ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါ လက္ခဏာများကို ရှာဖွေလျက် ရှိနေကြသည်။ သို့သော် ဗိုင်းရပ်စ်သည် ကမ္ဘာတဝှမ်း စတင် ပျံ့နှံ့သွားချိန်တွင်တော့ အမှန်တကယ် ရောဂါပိုး ဝင်ရောက်လာနိုင်သည့် နေရာသည် လူများ ပျားပန်းခပ်မျှ ပြေးလွှားနေသည့် အရေးပေါ် ဌာနများနှင့် ဆရာဝန် တဦးမှ ခွဲစိတ်ကုသမည့် နေရာများသာ ဖြစ်လာလိမ့်မည်ဟု WHO မှ ဒေါက်တာ မိုက်ကယ် ရိုင်ယန်က ပြောပြခဲ့သည်။

 

၂၀၀၃ ခုနှစ် တွင် ဖြစ်ပွားခဲ့သော SARS ရောဂါပိုး ကူးစက်ပျံ့နှံ့ချိန်တွင် နိုင်ငံပေါင်း ၂၀ သို့ ကူးစက်သွားခဲ့ပြီး ရောဂါပိုး ကူးစက်ခံရသူ ၈,၀၀၀ ကျော်တွင် ၃၀% သည် ကျန်းမာရေး ဝန်ထမ်းများ ဖြစ်သည်။ တိုရန်တို မှ စင်္ကာပူ အထိ ရောဂါ ပျံ့ နှံ့မှု ရှိခဲ့သော်လည်း အတော်များများသည် ပြည်ပ မှ ရောဂါ ကူးစက်၍ ရောက်လာသူ လူနာတဦး ရှိသည့် ဆေးရုံမှ စတင် ပျံ့နှံ့ ခဲ့ခြင်းသာ ဖြစ်သည်။

 

ယခု အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု မရှိသလောက် ဖြစ်နေသည့် နိုင်ငံများတွင် ဆရာဝန်များသည် မကြာမီက ရောဂါ ဖြစ်ပွားသည့် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ချောင်းဆိုး နှင့် အဖျား ရောဂါ လက္ခဏာများ တွေ့ရမည့် သံသယ ဖြစ်ဖွယ် လူနာများကို မေးမြန်း ခြင်းဖြင့် ရှာဖွေ ဖေါ်ထုတ်ရန် ကြိုးစားနေကြသည်။ အမေရိကန်တွင် ရာသီ တုတ်ကွေး ဖြစ်သူများ တွေ့ရှိက ဓါတ်ခွဲခန်းများမှ ကိုဗစ်-၁၉ ရှိမရှိ ဆက်လက် စမ်းသပ်စစ်ဆေးခဲ့ကြသည်။ (အမေရိကန်တွင် ယခုအထိ ၂၉ မှုသာ အတည်ပြုနိုင်ခဲ့သေးသည်)

 

ရောဂါ ကူးစက်ခြင်း၏ သံသယ ရှိမှု ကို အတည်ပြုနိုင်ရန် ဓါတ်ခွဲခန်း တခုမှာ ရက်ပေါင်း များစွာ အချိန်ယူခဲ့ရသည်။ အချို့သော ဥရောပတိုက် ရှိ နိုင်ငံငယ်ကလေးများတွင် ကိုဗစ်-၁၉ ကို စမ်းသပ်ရန် ဓါတ်ခွဲခန်း တခု သို့မဟုတ် နှစ်ခု လောက်သာ ရှိသည်။ ဥရောပ တတိုက်လုံး အတွက် စမ်းသပ်ပစ္စည်းများကို European Center for Diseases Control and Prevention (ECDC) မှ တင်ပို့ပေးနေခြင်း ဖြစ်ပြီး အမေရိကန် အတွက် မူ အတ္တလန်တာ ရှိ CDC မှ တင်ပို့ပေးနေခြင်း ဖြစ်သည်။ အဆိုပါ စမ်းသပ်ကိရိယာ များ ကို ပြင်ပဈေးကွက်တွင် ဝယ်ယူနိုင်ရန် လပေါင်းများစွာ ကြာဦးမည် ဖြစ်သည်။

 

အခြားသော နိုင်ငံများ၌ ကိုဗစ်-၁၉ အား တရုတ်လို အနေအထား ကြုံလာရပါက စမ်းသပ်ကိရိယာ များ တခဏအတွင်းမှာပင် ကုန်ခမ်းသွားနိုင်သည်။ အနည်းဆုံး ရလဒ် ထွက်ပေါ်လာရန် နှောင့်နှေးလာနိုင်သည်။ ဓါတ်ခွဲခန်း ပညာရှင် တဦး အဖို့ ပထမဦးစွာ စမ်းသပ်ရန် နမူနာ ကို ပြင်ဆင်ရမည် ဖြစ်သည်။ ထို့နောက်တွင် စမ်းသပ်မှု တခုစီအတွက် မော်လီကျူး များ ခွဲခြမ်း စိတ်ဖြာနိုင်သည့် စက်ထဲသို့ ထည့်သွင်းကာ တနာရီခွဲခန့် စောင့်ဆိုင်းရသည်။ ရာသီ တုတ်ကွေး နှင့် အခြားရောဂါများ စမ်းသပ်ရန် ထိုစက်ကိုသာ အသုံးပြုခဲ့ကြသည်။

 

ကိုဗစ်-၁၉ သည် သာမန် တုတ်ကွေးများ အဖြစ်များသည့် ဆောင်းရာသီ အလယ်တွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၍ နိုင်ငံ အများစုရှိ ဓါတ်ခွဲခန်း များ အဖို့ မနိုင်မနင်း ဖြစ်လာကြရသည်။  ကိုယ်ဝန်ရှိမရှိ စမ်းသပ် အဖြေထုတ် သလို ကိုဗစ်-၁၉ အတွက် လျှင်မြန်စွာ အဖြေရှာပေးနိုင်မည့် ကိရိယာ မျိုး တီထွင်နိုင်ရန် ဖေဖေါ်ဝါရီလ အတွင်း ကျင်းပသော WHO အစည်းအဝေးတွင် ဦးစားပေး သုတေသန ပြုလုပ်ရန် စာရင်းထဲ ထည့်သွင်းခဲ့သည့် အဆင့်သာ ရှိသေးသည်။

 

ရောဂါ ကူးစက်မှု အရှိန်အဟုန်နှင့် ပျံ့နှံ့လာချိန်တွင်တော့ လူတိုင်းအား ရောဂါ ကူးစက်ခံရမှု ရှိမရှိ စမ်းသပ်နေခြင်းမျိုးက အသုံးမဝင်လှတော့ဟု  မင်နီယာပိုလိစ် ရှိ ဟယ်နီပင် ခရိုင် ကျန်းမာရေးဌာနမှ အရေးပေါ် ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာ ဂျွန် ဟစ်ခ် က ပြောပြခဲ့သည်။ ထိုသို့သော အချိန်မျိုးတွင် ဆရာဝန်များသည် အခြားသော ရောဂါများလို လက္ခဏာ များ ကို ကြည့်၍ ဖြစ်နိုင်ခြေများကို သုံးသပ်ပြီး ကုစားပေးဖို့သာ လိုတော့သည်ဟု ၎င်းက ဆိုသည်။ တရုတ်ပြည်တွင် ဒေသအတော်များများ ရှိ ဆေးဝန်ထမ်းများသည် ထိုသို့ စတင်ပြုလုပ်နေကြပြီ ဖြစ်သည်။

 

အခြားသော ကူးစက် ရောဂါ ဝေဒနာရှင်များလို ကိုဗစ်-၁၉ လူနာများအားလည်း ဆေးရုံများတွင် သီးသန့် ခွဲခြား ထားရှိရမည်။ လူနာများကို အခန်းတခန်းထဲတွင် သီးသန့်ခွဲခြားရန် မဖြစ်နိုင်လောက်အောင် များပြားလာသည့် အခါများတွင်မူ ဆေးရုံ တဆောင်လုံးကို သီးသန့်ဖယ်ထုတ် အသုံးပြုရတော့မည်။ အမ်စတာဒမ်ရှိ ဆေးရုံတရုံတွင် အလားတူ ပြုလုပ်နိုင်ရန် စတင်ပြင်ဆင်နေပြီ ဖြစ်သည်။

 

ထိုအခါ မျိုးတွင် ဆေးဝန်ထမ်း များ အလုံအလောက် ရှိနေဖို့မှာ ကြီးမားသော စိမ်ခေါ်မှုကြီး ဖြစ်လာလိမ့်မည်ဟု ဒေါက်တာ ဂျွန် ဟစ် က ပြောသည်။ ရောဂါ ကာကွယ်ဆေး မရှိသေး၍ ဆရာဝန် နှင့် သူနာပြု အမြောက်အမြား ကူးစက်ခံရမည် ဖြစ်သည်။ ကျောင်းများလည်း ပိတ်ထားရမည် ဖြစ်၍ ကလေးများကို စောင့်ရှောက်ရန် အိမ်တွင် ရှိနေဖို့ လိုမည့် ဝန်ထမ်းများလည်း ရှိဦးမည် ဖြစ်သည်။

 

အလွန်အကျွံ ဖျားနာခြင်း မရှိသေးသည့် လူများကိုလည်း ဆေးရုံသို့ ရောက်မလာကြရန် တိုက်တွန်းရမည် ဖြစ်သည်။ ထိုလူများအား အိမ်ထဲတွင် သာ သီးသန့်နေထိုင်ရန် နှင့် အခြားသော တုတ်ကွေး ဖြစ်နေသည်ကို ကိုဗစ်-၁၉ ဟု သံသယ ရှိပြီး ရောက်လာပါက ကြိမ်းသေ ကူးစက်ခံရဖို့ ရှိပေမည်။

 

ယခုအခါ ချမ်းသာသော နိုင်ငံများ နှင့် ဆင်းရဲသော နိုင်ငံများရှိ ဆေးရုံများတွင် ရောဂါ ကူးစက်မှု အရှိန်အဟုန်မြင့် တက်လာက ခွဲစိပ်ခန်းသုံး နှာခေါင်းစည်းများ၊ ဝတ်ရုံများ  နှင့် လက်အိတ်များ အလျှင်အမြန် ပြတ်လပ်သွားမည့် အရေးကို စိုးရိမ်လျက် ရှိနေကြသည်။ ECDC မှ ချမှတ်ထားသော လမ်းညွှန်ချက်တွင် အထူး ကြပ်မတ်ဆောင်ရှိ ကိုဗစ်-၁၉ လူနာတဦးအတွက် တနေ့လျှင် တခါသုံး နှာခေါင်းစည်း၊ ဝတ်ရုံ နှင့် လက်အိတ် ၂၄ စုံ လိုအပ်သည်ဟု ဖေါ်ပြထားသည်။

 

အဆိုပါ တခါသုံး ပစ္စည်းများ ကမ္ဘာတဝှမ်း ပြတ်လပ်လာနေပြီ ဖြစ်သည်။ အချို့ နေရာများတွင် အဆ နှစ်ဆယ်ခန့် ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ အား အာရှနိုင်ငံများတွင် လိုအပ်ချက် မြင့်မားလာနေပြီး ဆေးရုံများက အတတ်နိုင်ဆုံး ဝယ်ယူ သိုလှောင်ထားမှု နှင့် အတူ တရုတ်ပြည်တွင် ထုတ်လုပ်နိုင်မှု လည်း ပျက်ပြားလာနေခြင်းကြောင့် ယခုလို ပြတ်လပ်လာခြင်း ဖြစ်သည်။ အချို့ ဆေးရုံများတွင် တခါသုံးပြီး လွှင့်မပြစ်ကြတော့ပဲ အပေါ်ယံ မျက်နှာပြင်ကို ကိုင်တွယ်မိခြင်း မရှိရန် သတိထားပြီး ပြန်လည် အသုံးပြုနေကြသည်ဟု ဆိုသည်။ မလိုအပ်သော လူနာများ အတွက်လည်း မသုံးရန် ညွှန်ကြားထားသည်။

 

၂၀၀၉ ခုနှစ်တွင် ကမ္ဘာလူဦးရေ ၁၆% ကို ကူးစက်စေခဲ့သည့် H1N1 ဝက်တုပ်ကွေး ရောဂါ ကြောင့် အမေရိကန် ဆေးရုံများ အဖို့ အတွေ့အကြုံများ ရရှိထားခဲ့ကြပြီး ဖြစ်သည်။ မက္ကဆီကို မှ စတင်ခဲ့သော H1N1 သည် လူ ပေါင်း ၂၀၃,၀၀၀ ခန့် သေဆုံးသွားခဲ့ရသည်။

 

ရောဂါ ကုသ ဆေးအား အတိအကျ မထုတ်လုပ်နိုင်သေးသော်လည်း အလားတူ ထိရောက်မှု ရှိသည့် ဆေးဝါးဖြင့် အစားထိုး ကုသ ခြင်း၊ အသက်ရှူ ကိရိယာ အားလည်း အရေးပေါ် လူနာတင် ယာဉ်တွင် အသုံးပြုနေသည့် အသက်ရှူ အထောက်အကူပြု ကိရိယာ ဖြင့် အစားထိုး သုံးစွဲခြင်း၊ ဆေးဝန်ထမ်းများ အနေဖြင့် ဖန်ပြွန်များကို တခါသုံးပြီး လွှင့်မပြစ်ပဲ ဆင်းရဲသော နိုင်ငံများရှိ ဆရာဝန်များလို ဆေးကြောပြီး ပြန်လည် အသုံးပြုခြင်း တို့ လုပ်သင့်သည်ဟု ဒေါက်တာ ဂျွန် ဟစ်ခ် က ဆိုသည်။

 

အသက်ရှူ ကိရိယာ လူတိုင်း လိုအပ်နေချိန်တွင် မည်သူအား ဦးစားပေးရမည် ဆိုသည်ကို ဆရာဝန်များ အဆုံးအဖြတ် ပေးရတော့မည့် ကြီးလေးသော တာဝန်ကြီး ကျရောက်လာဖို့ ရှိနေသည်။ ကိုဗစ်-၁၉ လူနာ များ အတွက် ဆရာဝန်များ အကျပ်ရိုက်တော့မည် ဖြစ်သည်။ အဆိုပါ လူနာအား အသက်ရှူ ကိရိယာ တခုကို ရက်ပေါင်းများစွာ တပ်ပေးထားသော်လည်း အနည်းငယ်သာ တိုးတက်မှု ရှိပေသည်။ နောက်ဆုံးတွင် ပြန်လည် ကောင်းမွန်လာမည့် အခွင့်အလမ်း ရှိနေဆဲ ဖြစ်သည်။

 

မည်သို့ပင် ဆိုစေ ဆင်းရဲသော နိုင်ငံများ အဖို့ အကြီးအကျယ် ထိခိုက်လာရဖို့ ရှိသည်။ အဆိုပါ နိုင်ငံများတွင် ကျန်းမာရေး စောင့်ရှောက်မှု ဘတ်ဂျက် အားနည်း နေသည့် အပြင် အဟာရ ချို့တဲ့မှုကြောင့် ကိုယ်ခံအား နည်းနေရသည့် လူအများအပြား နေထိုင်လျက် ရှိနေသောကြောင့်ပင် ဖြစ်သည်။

 

ဂျွန် ဟော့ကင်း တက္ကသိုလ် ၏ အမေရိကန် စံတော်ချိန် ကြာသပတေး မနက် ထုတ်ပြန်သော စာရင်းအရ ရောဂါ ဖြစ်ပွားသူ ၇၅, ၇၂၇ နှင့် သေဆုံးသူ ၂,၁၂၉ ဦး ရှိသွားပြီ ဖြစ်သည်။

 

ရည်ညွှန်း၊ ၊ “Experts predict that covid-19 will spread more widely” from The Economist (Feb 22, 2020)