China Connection

by Hla Soewai - Jun 01 2024

တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းဌာန မှ ၂၀၂၃ ဇူလိုင်လမှစ၍ ကျားဖြန့် ရာဇဝတ်မှု များ နှင့် စပ်လျှင်းပြီး တရားခံ အဖြစ် သံသယ ရှိသူ တရုတ် နိုင်ငံသား ၄၉,၀၀၀ ကို မြန်မာ ဖက်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်ဟု သတင်း ထုတ်ပြန်လာခဲ့သည်။

 

ယခုအချိန်အထိ ရှစ်လ ဆက်တိုက် ဆိုသလို မှုခင်းများ ကျဆင်းလာနေသည်ကို ကြည့်က ထိထိရောက်ရောက် ထိန်းချုပ် နိုင်ပြီဟု လည်း ပါရှိသည်။ ထိုကဲ့သို့သော သတင်းမျိုးသည် ပြည်တွင်း ဝါဒဖြန့်ချီရေး public consumption အတွက် ရည်ရွယ်ချင်းသာ ဖြစ်ပုံရသည်။

 

မြဝတီ တဝိုက်မှ ကျားဖြန့် ရာဇဝတ်မှု များ ကျုးလွန်နေသော တရုတ် နိုင်ငံသားများ၏ လုပ်ငန်းများကို အောက်တိုဘာလ နောက်ဆုံးထား၍ ရုပ်သိမ်းသွားရန် BGF က တရားဝင် အသိပေးထားသော်လည်း ထိုလုပ်ငန်း များ နှင့် အဓိက ပါဝင်ပတ်သက်နေသည်ဟု အမေရိကန် ကွန်ဂရက်၏ ရံပုံငွေ ပံ့ပိုးမှု ဖြင့် ဖွဲ့စည်းထားသည့် ဝါရှင်တန် အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP အစီရင်ခံစာ တွင် ပါရှိ သည့် BGF မှ ဗိုလ်မှုး အဆင့်ရှိသူ စောတင်ဝင်းက ၎င်းဘာမှ မသိရကြောင်း နှင့် ကွန်ပြူတာများ ဖြင့် လုပ်ကိုင် အသက်မွေးနေကြသည့် လုပ်ငန်းငယ်များသာ ဖြစ်သည်ဟု ဧရာဝတီ သတင်း နှင့် အင်တာဗျုး တွင် ငြင်းဆိုသွားပြန်သည်။

 

အထက်တွင် ဖေါ်ပြခဲ့သည့် ပြန်လည်လွှဲပြောင်းပေခံရသူ များ အနက် BGF မှ ၁,၂၀၀ ခန့် ပါဝင်သည်ဟု ဆိုသည်။ လက်ရှိတွင် နိုင်ငံခြားသား ၁၀,၀၀၀ ခန့် ကျန်ရှိနေဆဲဟု ဆိုပြီး အတင်းအကျပ် ဖမ်းဆီး ခိုင်းစေခံရသူ မရှိဟုလည်း ငြင်းဆိုခဲ့သည်။

 

သို့သော် စစ်အာဏာပိုင်များ၏ အလွဲလွဲ အချော်ချော် စီမံခန့်ခွဲမှု များ ကြောင့် နိုင်ငံသားများ သာမက ၎င်းတို့ ကိုယ်တိုင်ပင် ကိုယ့်ရှူး ကိုယ်ပတ် ဖြစ်ကာ မရှုနိုင် မကယ်နိုင် ဖြစ်လာနေသဖြင့် ကြံရာပါ အကျိုးတူ partner-in-crime အဖြစ် လက်တွဲထားသည့် တရုတ် စီးပွားရေးလုပ်ငန်းရှင်များကို ငွေရရာ ရကြောင်း အဖြစ် ပို၍ အမှီသဟဲ ပြုလာနေရပြီ ဖြစ်သည်။

 

တရုတ်ကို အားကိုးအားထား ပြုမှသာ အဆုံးသတ် တွင် အောင်ပွဲ ခံနိုင်လိမ့်မည် ယူဆလာကြသည်။ ထိုနေရာတွင် မေးစရာ ဖြစ်လာသည်က မည်မျှ အတိုင်းအတာ အထိ တရုတ်ဖက်က ကျေနပ်အောင် လိုက်လျောပေးနိုင်မည်လဲ ဆိုသည်ပင် ဖြစ်သည်။ ယင်းသည် ဒေသတွင်း ဘူမိ နိုင်ငံရေး အခြေအနေများကို များစွာ အပြောင်းအလဲ ဖြစ်သွား နိုင်သည်ဟု Strategy Page ဝက်ဆိုဒ် တွင် ရေးသားထားသည်။

 

တရုတ်ဖက်ကမူ လက်ရှိ စစ်ကောင်စီ မှ ၎င်းတို့ ဆက်၍ အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် နောက်ဆုံးနည်းလမ်း အဖြစ် လူထု ကို စစ်ကြေညာ မလာခဲ့မချင်း အနိုင်ရနိုင်စရာ ရှိသည်ဟု တွက်ဆထားကြသည်။ တရုတ်သည် စစ်ဗိုလ်ချုပ်များ လိုအပ်သည့် စစ်လက်နက် ပစ္စည်း ၅၈ ရာနှုန်း၊ ရုရှားမှ ၃၃ ရာနှုန်း ထောက်ပံ့ထားပြီး ဖြစ်သည်။ ပြည်တွင်း ထောက်လှန်းရေး လုပ်ငန်းများ အတွက် လိုအပ်သော ပစ္စည်းနှင့် နည်းပညာများ ထောက်ကူ ပေးခဲ့ ပြန်သည်။

 

စစ်ကောင်စီ အရေး နိမ့် သွားက တရုတ်အဖို့ စီးပွားရေး အရ အကြီးအကျယ် ထိခိုက်ဖို့ ရှိနေ၍ ထိုသို့ ဖြစ်မည့်အရေးအား ခြိမ်းခြောက်မှု ကြီး အဖြစ် ရှူမြင်ထားကြသည်။ တရုတ်သည် ၎င်းတို့ ရင်းနှီးမြုပ်နှံမှု များအား ပစ်မှတ်ထားလာပါက ကြိမ်းသေပေါက် လက်တုန့်ပြန်လာမည်သာ ဖြစ်သည်။

 

ထို့အတွက်လည်း စစ်ကောင်စီ သည် အာဏာသိမ်းပြီးလျင် ပြီးချင်း တရုတ်၏ ရင်းနှီးမြုပ်နှံမှု များကို အကာအကွယ် ပေးသွားပါမည်ဟု အာမဘေန္တ ခံခဲ့ရသည်။ အမျိုးသား ညီညွတ်ရေး အစိုးရကလည်း အလားတူ အာမခံခဲ့ပြီး ဖြစ်သည်။ စစ်ကောင်စီ၏ တရုတ် ကို အားကိုးနေရသည့် အဖြစ်ကိုလည်း စစ်ဗိုလ်ချုပ် အဆက်ဆက် လုပ်နေကျလည်း ဖြစ်၍ မည်သူကမျှ လည်း တအံ့တဩ မဖြစ်ခဲ့ကြပေ။ အံ့ဩစရာ ဖြစ်နေရသည်က ယခုအချိန်ထိ တရုတ် မှ ၎င်းတို့အား ပေကပ် ထောက်ခံနေခြင်းကိုပင် ဖြစ်သည်။

 

Strategy page ဝက်ဆိုက်တွင် စစ်ဗိုလ်ချုပ် ကြီးများသည် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ငါးဆယ် အတွင်း စုစုပေါင်း ဒေါ်လာ ဘီလီယံ ၂၀ ခန့် ပြည်ပသို့ ခိုးထုတ်ခဲ့ကြပြီး ဖြစ်သည်ဟု ခန့်မှန်းထားသည်။ ထိုပမာဏ သည် ပျမ်းမျှ အားဖြင့် GDP ၏ ၆ ရာနှုန်းခန့် ရှိနေသဖြင့် နိုင်ငံ ဆင်းရဲ မွဲတေလာ‌ နေသည်မှာ မဆန်းလှဟု လည်း ရေးသားထားသည်။ ယခု အချိန်အထိလည်း တိုင်းပြည် စီးပွားရေး ကို ‌၎င်းတို့၏ မိသားစု များက ထိန်းချုပ်ထားဆဲ ဖြစ်သည်။

 

၎င်းတို့အဖို့က တရုတ်၊ ရုရှား အဆက်အသွယ် များ နှင့် ဇိမ်ကျနေခဲ့သော်လည်း နယ်စပ်စခန်းများတွင် ကုန်သွယ်မှုသည် ယခင်နှစ် အလားတူကာလကထက် ၄၈ ရာခိုင်နှုန်းလျှော့ကျကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည့် စာရင်းများတွင် ဖေါ်ပြထားသည်။ တတ်နိုင်သ‌ လောက် ထေမိစေရန် ရှားပါး သတ္တု ဒြပ်စင်များကို တရုတ် ကုမ္ပဏီများအား စည်းမဲ့ ကမ်းမဲ့ စိတ်ကြိုက် ထုတ်ယူခွင့် ပြုလာခဲ့သည်။ လိုသလောက် ဝင်ငွေ ရှာမပေးနိုင်တော့၍ အမျက်တော် ရှလာဟန် ရှိသော စစ်ကောင်စီသည် ၎င်းတို့ အားအထားရဆုံး စီးပွားရေး ဝန်ကြီး ဆိုသူ အောင်နိုင်ဦး အား ဖြုတ်ပစ်သည်အထိ ဂမူးရှူးထိုး ဖြစ်လာခဲ့သည်။

 

တရုတ်သည် မြန်မာနှင့် ပတ်သက်၍ ယခုအခါ ကမ်းမမြင် လမ်းမမြင်သည့် ပင်လယ်ပြင်ကြီးတွင် ခုတ်မောင်းနေရသည့် သင်္ဘောတစင်း၏ မာလိန်မှုး လို ဖြစ်လာနေသည်။ ၎င်းတို့၏ စီးပွားရေး ရင်းနှီးမြုပ်နှံမှု များသည် အချိန်မရွေး မှောက်သွားနိုင်သည့် သင်္ဘောကဲ့သို့ အန္တရာယ် များလာနေသည်။ ရှေ့ဆက်၍ စစ်ဗိုလ်ချုပ်များ ထံမှ မည်မျှ အထိ ညှစ်ထုတ်၍ ရဦးမည်နည်းဟု မျှောထားလိုပုံရသည်။

 

လက်ရှိ တော်လှန်ရေး အောင်မြင်သွားပါက နောက်ပိုင်း ကိစ္စများကြောင့် လက်ရှိထက်ပင် မရေရာ မသေချာသည့် အနေအထားများ တွေ့လာရမည်ဟုလည်း ယူဆထား၍ တရုတ် အဖို့ ဆုပ်လည်းစူး စားလည်း ရူးမည့် အနေအထား နှင့် ကြုံနေရပြီ ဖြစ်သည်။

 

တော်လှန်ရေး အောင်မြင်ဖို့ မိမိတို့ အချင်းချင်း ယခုထက် ပို၍ စည်းလုံးညီညွတ်ဖို့ လိုနေပြီ ဖြစ်ကြောင်း လတ်တလော အခြေအနေများက ထောက်ပြ လာနေပြီ ဖြစ်သည်။ သို့မှသာ တရုတ်-အမေရိကန် ယှဉ်ပြိုင်မှု တွင် မြန်မာသည် နယ်ရုပ် ဘဝ ဖြင့် ၎င်းတို့ ကြိုးဆွဲရာ မခံဘဲ ဘုရင်မကြီး အဖြစ် ထို နှစ်နိုင်ငံအား လိုသလို စေစားနိုင်မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!