တော်လှန်ရေး အတွက် တလ ဒေါ်လာ ၇၀,၀၀၀ ခန့် ရှာပေးနိုင်သည့် PDF မိုဘိုင်း ဂိမ်း

by Hla Soewai - Jun 01 2024

ထို ဂိမ်း ကို တီထွင်ခဲ့သူ သည် အိုင်တီ ပညာရှင် တဦး ဖြစ်ခဲ့သူ ကိုတွတ် (အမည်ရင်းမဟုတ်) ဆိုသူ ဖြစ်သည်။ 

 

၂၀၂၁ စစ်တပ်မှ အာဏာသိမ်း ပြီးနောက် သူငယ်ချင်း ဖြစ်သူ နှင့် ၎င်း၏ ကိုယ်ဝန်ဆောင် ဇနီး သည်အား ဖမ်းဆီးခံလိုက်ရသည့် သတင်းကို ကြားလိုက်ရပြီး နောက် ကိုတွတ် ၏ သွေးများ ဆူပွက်လာသည် အထိ ဒေါသ ထွက်လာခဲ့ရသည်၊ သူငယ်ချင်း လင်မယားသည် တခါဖူးမျှ ရာဇဝတ်မှု နှင့် မကင်းသော အလုပ်မျိုးကိုပင် လုပ်ခဲ့ဖူးသူများ မဟုတ်ကြသည့်ပြင်၊ ပတ်သက်ဆက်နွယ်ခဲ့ကြသူများလည်း မဟုတ်၊ ၎င်းတို့ အဖို့က တိုင်းပြည်တွင် ဒီမိုကရေစီ ရှင်သန်ရေး အား တက်ကြွစွာ ထောက်ခံခဲ့ကြခြင်းမျိုးသာ ရှိပေသည်။

 

နောက်ထပ် ကိုတွတ် ကြားလာရသည့် က ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူ အမျိုးသမီး တဦး နှင့် သူမ၏ လသား အရွယ် ကလေးငယ် လေးတဦး အား ဖမ်းဆီးသွားခဲ့သည့် သတင်းကို ကြားလာရပြန်သည်။ ထိုအခါ တွင် တော့ ကိုတွတ် အဖို့ကား လူပမယ် ကလေးငယ်လေးသည် ညစ်ပတ်နံစော်နေပြီး ကြမ်းကြုပ်ရက်စက်လှသည့် လူ့ငရဲခန်း တွင် မည်သို့များ အသက်ရှင် နေထိုင် ‌နိုင်အံ့ပေမည်နည်း ဆိုသော အတွေးဖြင့် ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရသည် နှင့် အတူ ထိုသို့ လက်နက်အားကိုး ဖြင့် လူစိတ်ကင်းမဲ့စွာ ဥပဒေမဲ့ အုပ်ချုပ်နေကြသော စစ်အာဏာပိုင်များ ကို အပြီးအပိုင် ဖယ်ရှားနိုင်ရေး အတွက် တော်လှန်ရေး ကြီးတွင် တတပ်တအား ပါဝင် နိုင်ရန် သူတတ်ကျွမ်းသော ပညာ ကို အသုံးချ၍ “War of Heroes” ဖြင့် အိုင်ဖုန်း ဂိမ်း ကို ဖန်တီး တီထွင်လာခဲ့သည်။

 

ကိုတွတ်သည် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အတွက် လက်နက်နှင့် အခြားလိုအပ်သည်များ ထောက်ပံ့နိုင်ရန် ရည်ရွယ်လုပ်ဆောင်လာခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာ အရေး သည် ရုရှား၏ ယူကရိန်း စစ်ပွဲ အောက်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်လာနေသည်ကို လည်း ရိပ်စားမိ၍ မိမိတို့ အရေး မိမိတို့ လုပ်မှ ဖြစ်မည်ဟု သဘောပေါက်လာခဲ့သည်။

 

၎င်း၏ “War of Heroes” ဂိမ်းအား ၂၀၂၂ ခုနှစ် အစောပိုင်း တွင် စတင် ထုတ်လုပ်နိုင်ခဲ့သည်။ အခမဲ့ ဒေါင်းလုပ် ဆွဲ နိုင်ပြီး ကစားသူများ အနေဖြင့် PDF စစ်သားများ ဖက်မှ နေကာ စစ်ကောင်စီ သစ္စာခံ တပ်များကို စစ်ဆင်ရေး ဆင်နွှဲနေသည့် ပုံစံမျိုး ဆော့၍ ရသည်။ ဂိမ်း တွင် ပါလာသည့် ကြော်ငြာ များဖြင့် ရံပုံငွေများ ရရှိလာခဲ့ရာ ယခုထိ အမေရိကန် ဒေါ်လာ ၅၀၈,၀၀၀ ရရှိနေပြီ ဖြစ်သည်။

 

ယခုအခါ တလလျှင် ဒေါ်လာ ၇၀,၀၀၀ မှ ၈၀,၀၀၀ အထိ ရရှိလာပြီး တလ ပြီး တလ များပြားသည်ထက် များ ပြားလာနေသည်ဟု ဘီဘီစီသို့ ပြောပြခဲ့သည်။ အဆိုပါ ဂိမ်းအား Google နှင့် Apple စတိုးများ တွင် ဒေါင်းလုပ် ဆွဲ နိုင်သည်၊ သို့သော် Google သည် လက်ရှိ ဖြစ်ပွားနေသော အဖြစ်အပျက်များ ကို အခြေခံ၍ အသုံးချခြင်းကို ခွင့်မပြု၍ ၎င်းတို့၏ ပေါ်လစီ အတိုင်း လူအများ သိရှိစေရန် ရည်ရွယ်သည့် ပုံစံမျိုး ဖြစ်အောင် “War of Heroes – PDF Game” ဟု အမည် ပြောင်းပေးခဲ့ရသည်။ Apple စတိုး တွင်လည်း ဖယ်ထုတ်ခံရမည် စိုး၍ အလားတူ ပြောင်းပေးခဲ့ရသည်။ 

 

Apple သည် ဂိမ်းတွင် အပြင်တွင် အမှန်တကယ် ရှိနေသည့် အစိုးရ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ရန်သူ အဖြစ် သတ်မှတ် ၍ မရဆိုသော မူ ကြောင့်လည်း ဖြစ်သည်။ ကိုတွတ်သည် အချို့သော စစ်ရေး လှုပ်ရှားမှု များ အပါအဝင် အကြောင်းအရာ အချို့ကို ပြောင်းလဲပေးခဲ့ရ၍ လွန်စွာ စိတ်ထိခိုက်ခဲ့ရသည်။ ထိုသို့ ပြောင်းလဲပေးမှသာ အဆိုပါ ပလက်ဖေါင်းများ တွင် ပြန်လည် တင်သွင်းခွင့်ပြုခဲ့၍ ဖြေသာခဲ့ရသည်ဟု ဆိုသည်။

 

ထိုအချိန်တွင် အကြမ်းဖက် စစ်တပ်သည် တဖြေးဖြေး နှင့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်လာခဲ့သည်မှာ လေးထောင်ပင် ကျော်သွားပြီ ဖြစ်သည်။ ၎င်းတို့သည် ကိုတွတ်၏ ဂိမ်း ကြောင့် ဒေါသ အမျက်ချောင်းချောင်း ထွက်လာပြီး PDF Game ကို ဆော့ပါက ဥပဒေအရ အရေးယူမည်ဟု လူထု အား ခြိမ်းခြောက် အသိပေးလာခဲ့သည်။

 

သို့သော် ကိုတွတ်သည် စစ်တပ်၏ ခြိမ်းခြောက်လာမှု ကို လားလားမျှပင် မမှုခဲ့ပေ။ စစ်တပ်သည် ခြိမ်းခြောက်ယုံမျှမက ထိုဂိမ်းအား ဖျက်လိုဖျက်ဆီး လုပ်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကြပြီးလည်း ဖြစ်သည်။

 

ယခုအခါ ဂိမ်း ကို ဒေါင်းလုပ်ဆွဲသည့် အကြိမ်ပေါင်း တသန်းကျော် ရှိလာပြီဟု သိရသည်။ Google တွင် PDF Game အား အကြိမ်ပေါင်း ငါးသိန်းကျော် ဒေါင်းလုပ်ဆွဲခဲ့သည် ဟု စာရင်းရှိနေသော်လည်း Apple သည် ထိုသို့ အကြိမ် အရည်အတွက် ကို မူ ထုတ်ပြန်လေ့ မရှိပေ။

 

ကိုတွတ်သည် ၎င်း၏ ဂိမ်း မှ ရရှိသော ဝင်ငွေများကို အချိန် အတန်ကြာ မှ ရတတ်၍ သူ ခန့်မှန်းသည်ထက် ပင် ပိုလာနိုင်သည်ဟု ဆိုသည်။ ရသည့် ငွေများကို လက်နက် နှင့် ရိက္ခာများ ဝယ်ယူနိုင်ရန် ဒေသအလိုက် လှုပ်ရှားနေသော PDF အဖွဲ့များ ထံ ပေးပို့ခဲ့သည်။ ထို့အပြင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ဒဏ်ရာရသူများ အတွက် အကူအညီများ ပံ့ပိုးပေးရေး အတွက်လည်း အသုံးပြုခဲ့သည်။ သို့သော် ကိုတွတ် ၏ အဖွဲ့သည် ငွေများကို မည်သို့မည်ပုံ သုံးစွဲရမည် ဟူ၍ ပြောဆိုခဲ့ခြင်းမျိုး မရှိဟု ဆိုသည်။

 

ယခုအခါ စစ်တပ်ဖက်မှ အရေးနိမ့်သည်ထက် နိမ့်လာမှု နှင့် အတူ စစ်ပွဲသည် အရှိန် မြင့်သည်ထက် မြင့်လာနေပြီး မြို့ပြများ အထိ ထိုးစစ်ဆင်လာတော့မည် ဖြစ်၍ လက်နက် နှင့် ရိက္ခာများ အတွက် လူထု ၏ ပံ့ပိုး ကူညီမှုများ ပို၍ ပင် လိုအပ်လာနေပြီ ဖြစ်သည်။

 

ကိုတွတ် တို့ အဖွဲ့သည် တနေ့တခြား အခြေအနေများ ဆိုးသည်ထက် ဆိုးလာနေမှုများ ကြောင့် အရေးတကြီး လိုအပ်နေသော လူထု ကို ကူညီရန် တလ လျှင် ဒေါ်လာ တသန်း အထိ ရှာဖွေ ပေးနိုင်စွမ်း ရှိလိမ့်မည်ဟု မျှော်လင့်နေကြသည်။

 

ပြည်သူတို့၏ ခုခံ တွန်း လှန်မှု မုချ အောင်ရမည်!!!

 

ဘီဘီစီ သတင်းစာမျက်နှာပါ “The mobile game funding a revolution in Myanmar” အား ပြန်လည် ‌ရေးသား တင်ပြသည်။