မြန်မာ ၏ လက်ရှိ အနေအထား အပေါ် အိုင်စီဂျီ ၏ သုံးသပ်ချက် အနှစ်ချုပ်

by Hla Soewai - Jun 01 2024

ကြာသပတေးနေ့ တွင် တပြိုင်တည်း လိုလို ထွက်ပေါ်လာသော မြန်မာ နှင့် ပတ်သက်သည့် အစီရင်ခံစာ နှစ်ခု အနက် နိုင်ငံတကာ အကျပ်အတည်း များ လေ့လာရေး အဖွဲ့ International Crisis Group (ICG) အစီရင်ခံစာ အနှစ်ချုပ် ကို တင်ပြသွားပါမည်။

 

မြန်မာ စစ်တပ်သည် ဆက်တိုက် ဆိုသလို အရှက်တကွဲ အရေး နိမ့်လာနေမှု များ နှင့် အတူ နယ်မြေများ ဆုံးရှုံးခဲ့ရပြီး၊ နယ်စပ်တဝိုက်ရှိ မြို့ရွာများ၊ စစ်စခန်း များ လက်လွှတ်ပေးခဲ့ရပြီ ဖြစ်သည်။ ယခုအခါ နယ်ခြားဒေသများအား မည်သို့မျှ ထိန်းချုပ် နိုင်စွမ်း မရှိတော့ပဲ ရှေ့လျောက် လည်း နယ်မြေများ လက်လွှတ်ရမည့် အရေးသည်လည်း မည်သို့မျှ ရှောင်လွှဲ၍ မရပဲ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

 

သို့သော်လည်း စစ်တပ်သည် လောလောဆယ် တွင် ပြိုလဲသွားဖို့ မရှိ၊ စစ်မြေပြင်တွင် ၎င်းတို့ အား ရင်ဆိုင် တိုက်ခိုက်နေသော အင်အားစုများသည်လည်း တိုင်းရင်းသား ဒေသများအား အခိုင်အမာ ထိန်းချုပ် နိုင်ရန် အတွက် ရည်ရွယ် ထားပြီး နိုင်ငံ အလယ် ဗဟို အထိ တိုက်ခိုက်လာဖို့ မရှိပေ။ စစ်ကောင်စီ အား အပြီးသတ် ဖြိုလဲ နိုင်ရန် အထိ ရည်ရွယ်ထားပြီး ဖြစ်သော တော်လှန်ရေး အဖွဲ့များသည် လည်း ထိုမျှ အထိ လုပ်နိုင်မည့် လက်နက်အင်အား မရှိ ဖြစ်နေသည်။

 

လက်ရှိ သွားနေသော လမ်းကြောင်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက နယ်စပ် တဝိုက်ရှိ ၎င်းတို့ ဒေသများ တွင် ကိုယ်ပိုင် အုပ်ချုပ် နိုင်ခွင့် ရရေး အတွက် အခိုင်အမာ ခြေကုပ် ယူလာကြမည် ဖြစ်ပြီး တဖက်တွင် အားပျော့လာနေသော စစ်တပ်သည် ရက်စက်ကြမ်းကြုပ်သည့် နည်းမျိုးစုံ သုံးပြီး အာဏာကို ဖက်တွယ်ထားမည် ဖြစ်သည်။

 

ထိုအနေအထားသည် စိုးရိမ်စရာ ဖြစ်သော်လည်း ထိုသို့ ကိုယ်မင်းကိုယ် ချင်း အုပ်ချုပ်ခွင့် ရလာခြင်းသည် ကာလကြာမြင့်စွာ ကတည်းက ရှိနေပြီးသား အခြေအနေကို နက်ရှိုင်းသွားစေချင်းမျိုး သာ ဖြစ်ပြီး နိုင်ငံအား အကြမ်းဖက်မှု များ နှင့် ပြည့်နှက်လာမည့် ဗရမ်းဗတာ အဖြစ်မျိုး ရောက်သွားဖို့တော့ မရှိပေ။

 

ထို့အတွက် မြန်မာ ပြည်သူများအား ထောက်ခံအားပေးနေသော နိုင်ငံများ၊ အဖွဲ့အစည်း များ အနေဖြင့် တနိုင်ငံ လုံး အတိုင်းအတာ ဖြင့် ဆက်သွယ် ထိတွေ့ရန် ရည်ရွယ်မည့် အစား ဒေသဆိုင်ရာ အဆင့် တကွဲတပြား လှုပ်ရှားနေသူများ အား စုဝေးပြီး အဆင့်ဆင့် ဆောင်ရွက်သွားဖို့ လိုအပ်နေပြီ ဖြစ်သည်။

 

စစ်တပ်၏ မကြာမီ က အရေးနိမ့်ခဲ့မှုများသည် မယုံနိုင်စရာ ကောင်းလောက်အောင် အံ့ဩစရာ ကောင်းနေရသည်၊ ရှမ်းမြောက်ဒေသတွင် ၂၀၂၃ အောက်တိုဘာ ၂၇ တွင် စတင်ခဲ့သော စစ်ဆင်ရေး ဖြင့် တိုင်းရင်းသား မဟာမိတ် အဖွဲ့သည် အချိန်တို အတွင်းမှာပင် နယ်မြေ အမြောက်အမြားကို သိမ်းပိုက် နိုင်ခဲ့ကြသည်။ ထို့နောက်တွင်လည်း နိုင်ငံ အနောက်ပိုင်းရှိ ရခိုင်ပြည်နယ် မြောက်ပိုင်း နှင့် အလယ်ပိုင်း တွင် ရက္ခိတ တပ်တော်၏ ချေမှုန်းခြင်း ကို ဆက်တိုက်ဆိုသလို ခံလာနေရပြန်သည်။ ထို့အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသ နှင့် ထိစပ်နေသော နယ်မြေ အမြောက်အမြား နှင့် အိန္ဒိယ သမုဒ္ဒရာ ဖက် ထွက်ပေါက်များ ဆုံးရှုံးလာခဲ့သည်။

 

မတ်လ ၂၄ ရက် နောက်ပိုင်းတွင် နိုင်ငံမြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော်မှ စတင် ဖိအားပေး တိုက်ခိုက်လာခြင်း ကြောင့် အရေးပါသော ဗျူဟာကုန်း အမြောက်အမြား လက်လွှတ်လိုက်ရပြီး တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်းတခု ပါ ဆုံးရှုံးသွားရပြန်သည်။ အဆိုပါ ဒေသသည် ကျောက်စိမ်း၊ ရွှေ နှင့် ပယင်းမှော်များ ရှိနေသဖြင့် စစ်တပ်အတွက် အကျိုးအမြတ် များစွာ ရနေ သည်။

 

ဧပြီလ တွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ် သည် ထိုင်း နယ်စပ်နှင့် ထိစပ်နေသော အဓိက ကုန်သွယ် မြို့ ဖြစ်သည့် မြဝတီ ကို အခိုက်အတန့် ထိန်းချုပ်လာနိုင်ခဲ့သည်။ နောက်ပိုင်း တွင် စစ်တပ်သည် အခြား ကရင် ပြိုင်ဖက် အဖွဲ့ အကူအညီ နှင့် ပြန်၍ ထိန်းချုပ်နိုင်ခဲ့သည်။

 

ထိုကဲ့သို့ ဆုံးရှုံးလာမှု များသည် စစ်‌ရေး နှင့် စီးပွားရေး တွင် ထိခိုက်လာသည် သာမက နေပြည်တော်တွင်လည်း အကြီးအကျယ် ဂယက် ထ လာခဲ့သည်။ စစ်ဖက် အသိုက်အဝန်း တွင် ဩဇာတက္ကိမ ရှိသူများက ထိုသို့ ဖြစ်ပျက်လာမှု များ အားလုံး အတွက် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်တွင် တာဝန်အရှိဆုံး ဟု ပြောဆို ဝေဖန်လာကြသည်။ ၎င်းတို့အား ထောက်ခံနေကြသည့် ထင်ရှားသော သံဃာများ၊ အမျိုးသားရေး ဝါဒီများက ကာကွယ်ရေး ဦးစီးချုပ် ရာထူးအား ၎င်းထက် ပို၍ လုပ်ရည်ကိုင်ရည် ရှိမည့် တဦးဦး အား လွှဲပေးရန်ပင် မင်းအောင်လှိုင်အား လူသိရှင်ကြား တောင်းဆိုလာကြသည်။

 

၎င်းအား ဖယ်ရှားရန် စစ်တပ် အတွင်း လုပ်ထုံးလုပ်နည်း များ ပြဋ္ဌာန်းထားခြင်း မရှိ ပြန်၍ လက်အောက်ခံ အရာရှိကြီးများက မည်သည့် အချိန်တွင် စပြီး လှုပ်ရှားလာမည်ကို ခန့်မှန်းရ ခက်နေသည်။

 

စစ်မြေပြင်တွင် အရေးနိမ့်လာနေသော်လည်း စစ်တပ်သည် ပြိုကွဲသွားဖို့ အကြောင်းမရှိသေးပေ။ ၎င်းတို့၏ အဓိက ရန်သူ ဖြစ်သော အင်အားတောင့်တင်းလှသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် နိုင်ငံ အလယ်ရှိ မြေပြန့်ပိုင်း နှင့် အဓိက မြို့ကြီးများရှိ စစ်ရေး အချက်အခြာ နေရာများအထိ တိုက်ခိုက်ဖို့ စိတ်ဝင်တစား မရှိကြသောကြောင့် ဖြစ်သည်။ လောလောဆယ် တွင် စစ်ခေါင်းဆောင်များသည် နေပြည်တော်တွင် အခြေချပြီး ၎င်းတို့ ရှုံးနိမ့်ခဲ့သမျှ အတွက် လေကြောင်းမှ လက်စားချေ ဗုံးကြဲပြီး အကြမ်းဖက်မှု များ နှင့် ဗြောင်းဆန်လာအောင် လုပ်လာကြမည် ဖြစ်သည်။

 

စစ်တပ်သည် ထိုသို့ ကမောက်ကမ ဖြစ်အောင် ဖန်တီးနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များကမူ ၎င်းတို့ ထိန်းချုပ်လာနိုင်သည့် ဒေသများတွင် အုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲမှု အပိုင်းများကို အခိုင်အမာ တည် ဆောက်လာနေကြပြီ ဖြစ်သည်။ အများစုသည် စစ်တပ်မှ ထပ်မံ ကျူးကျော် တိုက်ခြင်းခြင်း မခံရ ရန် နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တစိတ်တပိုင်း လွတ်လပ်သော နိုင်ငံ သေး လေးများ တည်ဆောက်ရန် ရည်ရွယ်ထားကြသည်။ ယခင်က ထိုသို့ သော စိတ်ကူးများ သည် အိမ်မက်ထဲတွင် မှုန်ရီမှုန်ဝါး ဖြစ်နေသည့် အခြေအနေမှ ယခုအခါ လက်တကမ်း အကွာသို့ ရောက်လာပြီ ဖြစ်သည်။

 

ထိုအနေအထားသည် တနိုင်ငံလုံး မျှော်မှန်းနေသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဆီသို့ တက်ရောက်နိုင်မည့် လှေကားထစ် သဖွယ် ဖြစ်လာမည် မဟုတ်ပဲ အဟန့်အတား တခု အဖြစ် ထွက်ပေါ်လာဖို့ ရှိနေသည်။

 

ထိုသို့ နိုင်ငံ အကွဲကွဲ အပြားပြား ဖြစ်လာမည့် အရေးသည် နိုင်ငံ အချို့ တွင် မြင်တွေ့ခဲ့ရသလို အုပ်စု ချင်း အားပြိုင် တိုက်ခိုက်မှု မျိုး ဖြင့် အကြမ်းဖက်မှု များ ထွက်ပေါ်လာမည့် ရှေ့ပြေး မျိုး ဟူ၍ ပြောလို့ မရပေ။

 

နိုင်ငံသည် လွတ်လပ်ရေး ရပြီး ချိန်ကစ၍ အစိတ်အပိုင်း အတော်များများကို တိုင်းရင်းသား အုပ်စုများက ထိန်းချုပ်ထားပြီး ဖြစ်သည့် အနေအထား မျိုး ကို နှစ်ပေါင်း ရှစ်ဆယ် နီးပါး ကိုယ်တွေ့မျက်မြင် ကြုံခဲ့ရပြီးလည်း ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့ နယ်မြေများ ဆုံးရှုံးနေမှုကို လက်စားချေသည့် အနေဖြင့် လေကြောင်းမှ မကြာခဏ ဆိုသလို အရပ်သားများအား တိုက်ခိုက်နေမှု များကြောင့် အုပ်စုချင်း တိုက်ပွဲများ မဖြစ်အောင် ဟန့်တားပေးသလို ဖြစ်နေသည်။

 

နိုင်ငံငယ်လေး အသွင် ဖြင့် ရပ်တည်လာမည့် တိုင်းရင်းသား ဒေသများသည် ကျဆုံးလာနေသည့် စစ်တပ် ၏ အနှောက်အယှက် ပေးနေသည့် ကြားမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေသွားနိုင်မည့် အလားအလာများ ရှိနေသည်။

 

မြန်မာ ၏ အိမ်နီးချင်း များ၊ နိုင်ငံတကာရှိ အလှုရှင် များ နှင့် အဖွဲ့အစည်း များ အဖို့ ထိုသို့သော အနေအထား ကို ကျော်လွှားနိုင်ရေးတွင် အခက်အခဲများ ဖြစ်လာပေလိမ့်မည်။ နိုင်ငံတကာ စနစ်သည် နှစ်ဖက်ဆက်ဆံရေး၊ နိုင်ငံ အားလုံး နှင့် ဆက်ဆံရေး များကို အခြေပြု၍ တည်ဆောက်ထားခြင်း ဖြစ်၍ ထိုသို့ နိုင်ငံ ဟု ပြော၍ မရပဲ တဆင့်နိမ့် အနေအထား ရှိ အခြေအနေမျိုးနှင့် မည်သို့ ထိထိရောက်‌ရောက် ဆက်ဆံသွားရမည် ဆိုသည်အပေါ် အကျပ်ရိုက်လာနိုင်ပေသည်။

 

လက်ရှိတွင် စစ်ကောင်စီ သည် နယ်စပ်ဒေသ အများအပြား ဒလစပ် ဆိုသလို ဆုံးရှုံးလာနေသည့် အနေအထား ကို အိမ်နီးချင်း များ သည် မဖြစ်မနေ တုန့်ပြန် ဆောင်ရွက်ရဖို့ ရှိလာပြီ ဖြစ်သည်။ အပေါ်ယံအားဖြင့် ဆိုလျှင်မူ လက်နက်ကိုင် အဖွဲ့အစည်းများ တည်ထောင်လာသည့် အုပ်ချုပ်ရေး အဖွဲ့များ နှင့် ဆက်ဆံသွားဖို့ မူဝါဒ ကောင်း ကောင်း လိုအပ်နေသော်လည်း ရှေ့လျောက် အစဉ်အလာ လို ဖြစ်သွားမည် အရေးကို စိုးရွံ့နေကြသည်။ နိုင်ငံ အများအပြားတွင်လည်း ခွဲထွက်ရေး အုပ်စုများ၊ တွန်းလှန်ဆန့်ကျင်နေသည့် အဖွဲ့များ ရှိနေကြ၍လည်း ဖြစ်သည်။

 

အနောက် နှင့် အလှုရှင် နိုင်ငံများသည် ဗဟိုအစိုးရ နှင့် သာ ဆက်သွယ်ဆောင်ရွက်လိုသည့် စိတ်ကူးယဉ် ဆန်မှု ကို အခြေမပြုပဲ အကူအညီများ ပေးနိုင်ရန် ဆုတ်သာ တက်သာ ဖြစ်မည့် နည်းလမ်းမျိုး ရှာကြံသွားဖို့ လိုအပ်နေသည်။

 

ထိုသို့သော ပုံစံဖြင့် ချဉ်းကပ်မှု မျိုးသာ အစဉ်အလာ ဖြစ်နေသည့် အစိုးရ အဖွဲ့အစည်း နှင့် ဆက်ဆံရေး၊ နိုင်ငံ တည်ဆောက်ရေး များ အား ပံ့ပိုးကူညီခြင်းမျိုး များ မှ ခွဲထွက်လာနိုင်မည် ဖြစ်သည်၊ ထိုသို့ ဆက်ဆံရာတွင်လည်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ၊ လူ့အခွင့်အရေး ပိုင်း နှင့် ဥပဒေ ကြောင်းအရ ကန့်သတ်ထားမှုများ ကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

 

သို့သော်လည်း ပြင်ပ မှ ကူညီလိုသူများ အနေဖြင့် မြန်မာ၏ အစိတ်အပိုင်း အတော်များများ သည် ရှေ့လျောက် အကွဲကွဲ အပြားပြား ဖြစ်လာနိုင်သည် ဆိုသော လက်ရှိ ပကတိ အနေအထားကို ရှောင်ရှား ပြီး ဆောင်ရွက်သွားနိုင်မည့် နည်းလမ်း ဟူ၍ မရှိပေ။

 

ဖက်ဒရယ် စနစ် ပေါ်ထွန်းလာမည်ဆိုက ရှိရမည့် ခိုင်မာသော ဗဟို အစိုးရ အုပ်ချုပ်ရေး ယန္တရား နှင့် အဖွဲ့အစည်းများ တည်ထောင်ပေးရေး ကို အာရုံစိုက် ကြိုးပမ်းမည်ဆိုက ရေရှည် တင်ကျန် နိုင်ဖွယ် မရှိဖို့ များနေသဖြင့် လက်ရှိ ပေါ်ပေါက်လာနေပြီ ဖြစ်သော နိုင်ငံ တဆင့်နိမ့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ခိုင်မာ တောင့်တင်းလာအောင်သာ ကူညီပေးသင့် ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!