ဦးတင်ဦး ကွယ်လွန်ပြီ

by Hla Soewai - Jun 03 2024

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ဒေါ်အောင်ဆန်းစုကြည် နှင့် ပူးတွဲ တည်ထောင်ခဲ့ပြီး ဒီမိုကရေစီ နိုင်ငံတော် ပေါ်ထွန်းရေး အတွက် သူမ နှင့် အတူ အယုံကြည်ရဆုံး လုပ်ဖေါ်ကိုင်ဖက် တဦး အဖြစ် ဒုက္ခသုက္ခ မျိုးစုံ ကို အတူတူ ရပ်တည်ပေးသွားခဲ့သူ အသက် ၉၇ နှစ် ရှိ ဦးတင်ဦး သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဇွန်လ ၁ ရက် စနေနေ့ မနက် တွင် ကွယ်လွန် အနိစ္စ ရောက်သွားခဲ့ပြီ ဖြစ်သည်။

 

 ဦးတင်ဦးအား ဗုဒ္ဓဟူးနေ့တွင် ဆီးသွားလမ်းကြောင်း ပိတ်ဆို့ခဲ့ခြင်း အတူ ကျန်းမာရေး ချို့ယွင်းကာ အားနည်းလာ၍ ရန်ကုန်ပြည်သူဆေးရုံကြီး အတွင်းလူနာဌာနသို့ အမြန် တင်ပို့ ခဲ့ရသည်။

 

 ဦးတင်ဦးသည်လည်း ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် ဆယ်နှစ်ကျော် မျှ အကျယ်ချုပ် ဘဝ ဖြင့် အကျဉ်းကျ ခံခဲ့ရသူ လည်း ဖြစ်သည်။

 

 ၂၀၀၃ ခုနှစ် ဒီပဲယင်း တွင် စစ်အာဏာရှင်များ ၏ လူအုပ်ကြီး ဖြင့် လုပ်ကြံရန် ကြံစည်မှု တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ အသက်ဘေး မှ သီသီလေး လွတ်မြောက်သွားခဲ့သော်လည်း ချင်းပြည်နယ် ကလေး အကျဉ်းထောင်တွင် တနှစ်နီးပါး ချုပ်နှောင်ခံခဲ့ရသည်။

 

 ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး နောက် သမ္မတ အဖြစ် တာဝန်ယူလိမ့်မည်ဟု ခန့်မှန်း ခဲ့ကြသော်လည်း “ကျွန်တော် သမ္မတ ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့ပါဘူး၊ ‌ဒေါ်စုပဲ ရသင့်ကြောင်း နှင့် အတတ်နိုင်ဆုံး ဝိုင်းရံ ကူညီပေးသွားမယ်” ဟု သတင်းထောက်များကို ပြောခဲ့သည်။

 

 ဦးတင်ဦးသည် ၎င်း ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော စစ်တပ် နှင့် ပြန်၍ ရင်ကြားစေ့နိုင်ရန် တဖက်က အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း စိတ်ဝင်စားခြင်း မရှိခဲ့သူလည်း ဖြစ်သည်။

 

 ၂၀၁၇ တွင် ရေချိုးခန်း အတွင်း ချော်လဲ ပြီး နောက် လေဖြတ်သလို ဖြစ်လာရာမှ ကျန်းမာရေး စတင် ချို့ယွင်းလာခဲ့၍ ပါတီတာဝန်များ မှ အနားယူခဲ့သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းသည့် အချိန်တွင် ‌ဦးတင်ဦးအား ဖမ်းဆီးခဲ့ခြင်း မရှိပဲ အိမ်တွင်ပင် ထားရှိခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် မင်းအောင်လှိုင်သည် အိမ်သို့ သွားရောက်ပြီး ကျန်းမာရေး အတွက် သတင်း မေးခဲ့ဖူးသည်။ သို့သော် လေဖြတ်ထား၍ စကား မပြောနိုင်သူ အား သတင်းသွားမေးခြင်း ဖြင့် အတိုက်အခံ နိုင်ငံရေး သမားကြီး အပေါ် အာဃာတ မထားဟု ပြသလို၍ ဖြစ်သည်။ ဦးတင်ဦး သည် ၎င်းအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ဝတ်စုံ ဖြစ်သော ပင်နီ တိုက်ပုံ ကို ဂုဏ်ယူစွာ ဝတ်ဆင်၍ ယဉ်ကျေးသမှု အရ လက်ခံတွေ့ဆုံပေးခဲ့သည်။

 

 မင်းအောင်လှိုင် နှင့် တွေ့ဆုံအပြီး အကြိမ်ကြိမ် ဆေးရုံတင်ခဲ့ရသော်လည်း စစ်ဆေးရုံတွင် တက်ရောက် ကုသရန် ၎င်း၏ ကမ်းလှမ်းချက်ကို ဦးတင်ဦးသည် လက်မခံပဲ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင်သာ ကုသမှု ခံယူသွားခဲ့သူ ဖြစ်သည်။

 

 မင်းအောင်လှိုင် သည် မေမြို့ ဗိုလ်သင်တန်း ကျောင်းသား ဘဝ တွင် ဦးတင်ဦးသည် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင်နေပြီ ဖြစ်သည်။

 

 ၂၀၂၃ အတွင်း စစ်တပ်နှင့် နီးစပ်သူ ထင်ရှားသော သံယာ တပါးသည် ဦးတင်ဦး အိမ်သို့ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး မှ အနားယူသင့်ပြီး တိုင်းပြည် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်သင့်သည်ဟု ပြောဆိုခဲ့သည်။ ထို့နောက် တပတ်အကြာတွင်တော့ ဦးတင်ဦး ၏ ခြံတံခါးဝ တွင် “ဧည်သည် လာခွင့်မပြု” ဟူသော ဆိုင်းဘုတ် ချိတ်ဆွဲထားသည်ကို တွေ့ခဲ့ရသည်။

 

 ဦးတင်ဦးသည် ၁၉၄၆ ဖေဖေါ်ဝါရီ ၂၆ ရက်တွင် ဗမာ သေနတ်ကိုင် တပ်ရင်း တွင် ဒုဗိုလ် အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကူမင်တန် တရုတ်ဖြူ များ၊ မူဂျာဟီဒင် သောင်းကျန်းသူများ၊ ကရင် အမျိုးသား သမဂ္ဂ နှင့် ဗမာပြည် ကွန်မြူနစ် ပါတီ တို့ အပေါ် ဆင်နွှဲခဲ့သော ထိုးစစ် များ ကို ရဲဝန့်စွာ ဦးဆောင် နိုင်ခဲ့၍ “သူရ” ဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ၁၉၇၄ မတ်လ ၈ ရက်တွင် ဗိုလ်ချုပ်ကြီး ရာထူး ဖြင့် စတုတ္ထမြောက် ကာကွယ်‌ရေး ဦးစီးချုပ် ဖြစ်လာခဲ့သည်။ ဦးသန့် အရေးအခင်း အတွင်း ဦးတင်ဦးသည် ကာကွယ်‌ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

 

 လက်အောက် ငယ်သား များ၏ ယုံကြည် လေးစားမှု အခံရဆုံး ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့သည်၊ ထိုအချက်သည်ပင် သူ၏ ကျဆုံးခန်း ရောက်လာရန် ဖန်တီးပေးသလို ဖြစ်လာခဲ့ရသည်။

 

 ၁၉၇၆ မတ်လ ၆ ရက်နေ့တွင် ဇနီး ဖြစ်သူ ဒေါက်တာ ဒေါ်တင်မိုးဝေ မှ ပြည်ပ မှ ပစ္စည်းများ မှာယူကာ လဒ် အဖြစ် ရယူခဲ့သည် ဆိုသော စွပ်စွဲချက် ဖြင့် ရာထူး မှ ထုတ်ပယ်ခဲ့၍ ၎င်း၏ ၃၃ နှစ်ကြာ စစ်မှုထမ်း ဘဝ အဆုံးသတ် သွားခဲ့ရသည်။ ထို့နောက်တွင် ၎င်းအား နိုင်ငံတော် ပုန်ကန်မှု တွင် သတင်း ထိန်ချန်ခဲ့သည် ဆိုကာ ကြံရာပါ အဖြစ် ဖမ်းဆီးခဲ့ပြီး ၁၉၇၇ ဇန်နဝါရီ ၁၁ ရက်တွင် အလုပ်ကြမ်း နှင့် ထောင် ခုနှစ် နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၈၀ တွင် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

 

 ထောင်မှ လွတ်မြောက်လာသည့် အချိန်တွင် နိုင်ငံတော် ပုန်ကန်မှု ဖြင့် ကြိုးပေးခံခဲ့ရသော ဗိုလ်ကြီး အုန်းကျော်မြင့် နှင့် ပါဝင်သူများ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

 ၁၉၈၈ လူထု အုံကြွမှု ကြီး အတွင်း ဦးတင်ဦးသည် နိုင်ငံရေး စင်မြင့် ပေါ်သို့ တက်လှမ်းလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ တောက်လျှောက် ရပ်တည် ကူညီ ပေးလာခဲ့သူ ဖြစ်သည်။

 

 တပ်မတော် သည် ပြည်ပရန်များ ကို ကာကွယ်ပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက်ပေးနေသည့် အဖွဲ့အစည်း တခု ထက် မပို ဟု ယုံကြည်ထားသော ဦးတင်ဦးသည် ၎င်း၏ နောက်ဆုံး ထွက်သက်အထိ စစ်အာဏာပိုင် များ ကို ဆန့်ကျင်သွားခဲ့သူ ဖြစ်သည်။

 

 ကိုးကား - အပေီ / ဧရာဝတီ