အရေးတကြီး လိုအပ်လာသော War Cabinet

by Hla Soewai - Jun 08 2024

ကုလ သမဂ္ဂ အတွင်းရေးမှုး ချုပ် အန်သနီ ဂူတာရက်စ်မှ မကြာမီ ရက်များ အတွင်း စစ်ကိုင်း နှင့် ရခိုင်ပြည်နယ် အတွင်း အရပ်သား များ အပေါ် အဆင်ခြင်မဲ့ ဗုံးကြဲတိုက်ခိုက်နေခြင်း ကို ယမန်နေ့က အပြင်းအထန် ရှုတ်ချ လိုက်သည်။

 

ကုလ အတွင်းရေးမှုး ချုပ် သည် စစ်အာဏာသိမ်း ပြီး နောက် ထိုသို့ အကြိမ်ပေါင်းများစွာ ရှုတ်ချ နေခဲ့ပြီး ဖြစ်၍ မိမိတို့ အဖို့ အထူး အဆန်း မဟုတ်သော်လည်း ၎င်း၏ ထိုသို့ ထုတ်ဖေါ်ပြောဆိုခဲ့မှု ကြောင့် မိမိတို့ အစား ကမ္ဘာတဝှမ်း သို့ လက်တို့ အသိပေးနေသလို ဖြစ်နေသည့် အတွက် စစ်ကောင်စီ အဖို့ အရှက်ရစရာ ဖြစ်လာနေသည်ကပင် အမြတ်ထွက် သည်ဟု ယူဆရ မည်သာ ဖြစ်သည်။

 

 နိုင်ငံတကာ မှ နောက် ဖြစ်လာမည့် ပြဿနာ များ ကြောင့် မြန်မာသည် ၎င်းတို့ မျှော်လင့်သလို တည်ငြိမ် အေးချမ်း သည့် နိုင်ငံ တနိုင်ငံ အဖြစ် ထွက်ပေါ်မလာနိုင်တော့ဟူသော စိုးရိမ်မကင်း ဖြစ်နေမှု များ နှင့် အတူ ထိထိရောက်ရောက် အကူ အညီ မပေးလိုပဲ လက်ရှောင်နေ ကြခြင်းပင် ဖြစ်သည်။ အမေရိကန်သည် တရုတ် အား တောင် တရုတ် ပင်လယ် တွင် အကြောင်း မရှိ အကြောင်းရှာ ရန်စ လာမည့် အရေးကို စိုးရွံ့၍ တရုတ်၏ နောက်ဖေးခြံ လို ဖြစ်နေသော မြန်မာ အရေး အား သတိကြီးစွာ ထား၍ ကိုင်တွယ်နေခြင်းပင် ဖြစ်သည်။

 

အနောက်နိုင်ငံများသည်လည်း ယူကရိန်း အား ရုရှား ကျုးကျော်လာခဲ့မှု အစပျိုးလာသည့် ၎င်းတို့ အပေါ် ကျရောက်လာမည့် အန္တရာယ် ကို အာရုံစိုက် နေကြချိန်လည်း ဖြစ်သည်။

 

အာဆီယံ သည်လည်း ဘရူနိုင်း၊ ကမ္ဘောဒီယား၊ အင်ဒိုနီရှား မှ တဆင့် ယခုအခါ လာအို အထိ ဥက္ကဌ ရာထူးကို လေးကြိမ်တိုင်တိုင် လက်ပြောင်းလက်လွှဲ လုပ်လာခဲ့သော်လည်း မည်သို့မျှ ထူးခြားမှု ရှိမလာခဲ့၊ နောက်နှစ် တွင် မလေးရှား မှ ဦးဆောင်လာတော့မည် ဖြစ်သည်။

 

မည်သို့ပင် ဖြစ်စေ နိုင်ငံတကာသည် စည်းလုံး ညီညွတ်စွာဖြင့် မြန်မာ ပြည်သူများ အတွက် တရားမျှတမှု ကို မည်သို့မျှ ဆောင်ကျဉ်းပေးနိုင် စွမ်း ရှိတော့မည် မဟုတ်သည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်၍ မိမိတို့ အချင်းချင်း ကျောခြင်းကပ် ရင်ခြင်းကပ် စည်းလုံး ခြင်း ဖြင့်သာ တော်လှန်ရေး ကြီးကို အလျှင်အမြန် အဆုံးသတ် နိုင်မည် ဖြစ်သည်။

 

လက်ရှိတွင် အမျိုးသား ညီညွတ်‌ရေး အစိုးရသည် နယ်မြေ အသီးသီးကို အခိုင်အမာ ထိန်းချုပ်ထား နိုင်နေပြီ ဖြစ်သော တိုင်းရင်းသား အဖွဲ့ များအား ဖက်ဒရယ် ဒီမိုကရေစီ ဖြင့် ဥမကွဲ သိုက်မပျက် နေသွားကြဖို့ ဖျောင်းဖျ နေရသည်။

 

တော်လှန်‌ ရေးကြီး အောင်မြင်ရေး၊ စစ်ဘေးရှောင် ဒုက္ခသည်များအား ကူညီ ထောက်ပံ့ရေး နှင့် တဖက်တွင် နိုင်ငံ စည်းလုံး ညီညွတ်စွာ ရှိနေရေး တို့ အတွက် လုံးပမ်းနေရသည့် လွန်စွာမှ အရေးကြီးလာနေပြီ ဖြစ်သော အချိန်မျိုး တွင် အပရိက မျှသာ ရှိသော ပြဿနာများကို ဝေဖန် ပုတ်ခတ် ရှုတ်ချ နေကြမည် ဆိုလျှင် မည်သို့မျှ အကျိုးများလာဖွယ် မရှိသည့် အပြင် နဂိုကမှ တွယ်ရာမဲ့ ဖြစ်ကာ ဗုံးသံ အမြှောက်သံများ အကြား အသက်လုကာ ပြေးလွှားနေကြရသော တိုင်းရင်းသား ပြည်သူများ အဖို့ စိတ်ဓါတ်များ ကျဆင်းသည်ထက် ကျဆင်းဖို့သာ ရှိပေတော့သည်။

 

လက်ရှိတွင် စစ်တပ်ဖက်မှ တပ်ရင်း တပ်ဖွဲ့ အလိုက် ဘက်ပြောင်း ခိုလှုံလာမှု မရှိသေးပေ။ မိမိတို့ဖက်မှ စည်းလုံးညီညွတ်မှု မရှိပဲ ဘယ်သူ့ အဖေခေါ်ရမှန်း မသိ ဟု ယူဆလာပါက အဘယ်သို့များ ထိုသို့ လုပ်ရဲကြပေမည်နည်း။ ၎င်းတို့ နေရာအနှံ့ တွင် ထိုသို့ ဘက်ပြောင်းလာပြီ ဆိုက နေပြည်တော်ရှိ စစ်ခေါင်းဆောင်များ ပြေးကြဖို့သာ ကျန်ပေတော့သည်။

 

ထိုသို့ဖြစ်လာပါက အာဏာ လေဟာနယ် ဖြစ်မသွားအောင် အဆင်သင့် နေရာယူနိုင်မည့် War Cabinet မျိုးကို အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် တိုင်းရင်းသား တပ်မတော် ကိုယ်စားလှယ်များ နှင့် ပူးတွဲ၍ ပြန်လည် ဖွဲ့စည်း နိုင်လျှင် လွန်စွာ အကျိုးများ နိုင်မည် ဖြစ်သည်၊ top-down ပုံစံမျိုး မဟုတ်ပဲ တိုင်းရင်းသား အဖွဲ့များ အနေဖြင့် တန်းတူညီမျှ တိုင်းပြည်ကို အတူတကွ ပူးတွဲ စီမံခန့်ခွဲ သွားနိုင်မှသာ သံသယ များ ပပျောက်ပြီး ပြည်သူ တရပ်လုံး လိုလားနေသည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ စနစ် ကို အလျင်အမြန် အကောင်အထည် နိုင်မည် ဖြစ်သည်။

 

စစ်ဆင်ရေး များ အတွက် လည်း unified command structure ဖြစ်သည့် ကွပ်ကဲ ဖွဲ့စည်းပုံ မျိုး ပေါ်ပေါက်လာတော့မည် ဖြစ်၍ war cabinet ကို အကောင်အထည် ဖေါ်သင့် ကြောင်း အကြံပြုလိုပါသည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration credit - TRT World (Turkey) Screengrab