လိမ္မော်သီး စားရင်း ရီရတယ်

by Hla Soewai - Jun 08 2024

နိုင်ငံ၏ ငွေကြေး တည်ငြိမ်ရန် ဆိုကာ ရွှေကုန်သည်များ၊ နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ငန်းရှင်များ၊ ထိုင်းတွင် ကွန်ဒို ဝယ်ယူသူ များ အား ဖမ်းဆီးလိုက်ပြီ ဆိုသော သတင်း သည် ရိုက်တာ သတင်းဌာန မှ တဆင့် ကမ္ဘာမီဒီယာ များ သို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။

 

၎င်းတို့အဖို့က ပစ္စတို ခါးကြားထိုးကာ လုပ်ချင်ရာ လုပ် နိုင်ကြသော်လည်း နိုင်ငံ ကိုယ်စား ရှက်ဖို့ ကောင်းနေသည် က စင်္ကာပူ၏ စထရိတ် တိုင်းမ် သတင်းစာကြီး မှ အဆိုပါ သတင်းကို အကျယ်တဝင့် ဖေါ်ပြလာခြင်းပင် ဖြစ်သည်။ စစ်ဗိုလ်ချုပ်များသည် ကုန်စုံဆိုင် တဆိုင်ကိုပင် အောင်မြင်အောင် လုပ် နိုင်စွမ်း မရှိဟု ကွယ်လွန်သွားပြီ ဖြစ်သော လီကွမ်းယု ၏ စကားကို လက်ရှိ စင်္ကာပူ ခေါင်းဆောင်များ နားထဲ စွဲနေဦးမည် ဖြစ်သည်။ 

 

ယခုအခါ မြန်မာ စီးပွားရေး၏ ပြဒါးတိုင်ကြီးလို ဖြစ်နေသော ရွှေဈေးသည် ၎င်းတို့ အာဏာ မသိမ်းခင်က တကျပ်သားလျှင် ၁၃ သိန်း ရှိခဲ့ရာမှ တနင်္ဂနွေ နေ့တွင် ၅၂ သိန်း အထိ ထိုးတက်သွားခဲ့သည်။ နောက်ထပ် ပြဒါးတိုင်တခု ဖြစ်သည့် ဒေါ်လာ ဈေးသည်လည်း ၅,၀၂၀ ကျပ် အထိ ဖြစ်သွားခဲ့၍ ကျပ်ငွေ တန်ဖိုး ၇၀ ရာနှုန်းခန့် ထိုးကျသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ စစ်ကောင်စီ ၏ အဖမ်းအဆီးများ ကြောင့် ဈေးကွက် ရပ်ဆိုင်းသွားခဲ့ရပြီ ဖြစ်သည်။ ဈေးကွက်သည် ခိုးကြောင်ခိုးဝှက် ရောင်းဝယ်မည့် အနေအထားသို့ ကူးပြောင်းလာဖို့ ရှိနေသည်။

 

ထိုကိစ္စ အကြောင်းပြု၍ ဖမ်းဆီး စစ်ဆေးခံရသူ ၂၁ ဦး အထိ ရှိသွားခဲ့သော်လည်း ကံကောင်းစွာ ကျန်ရစ်ခဲ့သူက ရွှေ များ အကြီးအကျယ် ရောင်းချ နေသည့်ရွှေနန်းတော်ပင် ဖြစ်သည်၊ သို့‌ သော် ပိုင်ရှင် ဖြစ်သူ သက်သက်ခိုင်က‌ တော့ ကံကောင်းသည်ဟု ယူဆမည် မဟုတ်၊ မနိုင် နိုင်က ဝင်ပူး ဆိုသည့် မူ အတိုင်း အမျှော်အမြင်ကြီးစွာဖြင့် လူရမ်းကားများ နှင့် ဝင်ရောခဲ့သည့် အကျိုးကျေးဇူးကြောင့် ဖြစ်သည်ဟု "လင်တော်မောင် နှင့် လိမ္မော်သီး စားရင်း" ရီနေလောက်ပြီ ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်များ၏ လက်ပါးစေ အဖြစ် အမှုထမ်းနေရသော ပညာရှင်များသည် ၎င်းတို့၏ ဦးနှောက်မဲ့ စေခိုင်းသည့် အတိုင်း ပြီးပြီးရော လိုက်လုပ်နေကြရင်း တိုင်းပြည်သည် ရေစုံမျော လာနေပြီ ဖြစ်သည်။

 

အံ့ဩစရာ ကောင်းသည်က မင်းအောင်လှိုင်၏ စေစားရာကို နွားမကြီး နောက် တကောက်ကောက် လိုက်နေကြသည့် နွားပေါက်လေးများ သဖွယ် ဖြစ်လာ‌ နေသည့် ဗိုလ်ချုပ်ကြီးများပင် ဖြစ်သည်။

 

မင်းအောင်လှိုင်က ၎င်းတို့သည် တိုင်းပြည် စီးပွားရေး တိုးတက်မှု ကို ဖျက်စီးနေသူများဟု ဆိုလျှင် ၎င်းတို့က လည်း ဖျက်စီးနေသူများ အဖြစ် ပရိုဂရမ် သွင်းထားသည့် စက်ရုပ်များ အလား ပြိုင်တူ မှတ်ယူ လိုက်ကြပြန်သည်။

 

ထိုသို့ မနိုင်နိုင်ရာ မဲသည့် စနစ်ကား ဗိုလ်နေဝင်း လက်ထက်မှာပင် ဇူစကာ စစ်ဆင်ရေး ဆိုကာ လုပ်ခဲ့ပြီး ဖြစ်သည်။ ဗိုလ်ခင်ညွန့်လည်း အကြိမ်ကြိမ် လုပ်ခဲ့ပြီး ဖြစ်သည်၊ အောင်မြင်ခြင်း မရှိမှန်း သိသိကြီး နှင့် ဒီဘူတာ ပဲ ပြန် ပြန် ဆိုက်လာသည်မှာ အခြား ဘာမှ မစဉ်းစားတတ် အောင် အတွေးအခေါ် များ ခေါင်းပါးနေကြသူများဟု ကိုယ့်ကိုကိုယ် ဖေါ် မသူတော် လုပ်သလို ဖြစ်နေကြသည်ကိုလည်း ရိပ်စားမိဟန် မတူပေ။

 

၎င်းတို့အတွက် ထောက်ခံမှု ရလာရန် "အမျိုးဘာသာ သာသနာ" ဆိုသည့် လူပြိန်းကြိုက် စကားကို ရှေ့လျောက် ပို၍ တွင်တွင်ကျယ်ကျယ် သုံးလာဖို့သာ ကျန်ပေတော့သည်။

 

စစ်အာဏာရှင် တို့၏ စိတ်တွင် ဝောာ်လှန်ရေး တပ်များ နေပြည်တော်သို့ ရောက်လာမည့် အရေးထက် လူထု အုံကြွမှု ကြီး ပေါ်ပေါက်လာမည်ကို လွန်စွာ စိုးရိမ် မကင်း ဖြစ်နေသည်ကို ၎င်းတို့၏ ဂမူးရှူးထိုး နှင့် ဆေးမြီးတို ကုထုံးများက သက်သေပြလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!