လူးကပ်စ် မိုင်ယာ အစ ဆွဲထုတ်လာသော တရုတ်၏ မြန်မာ မူဝါဒ

by Hla Soewai - Jun 08 2024

တရုတ်သည် မြန်မာ ပြည်တွင် ဖြစ်ပေါ်နေသော အကျပ်အတည်းကြီးအား မီးအရှိန်ကို လိုသလို ချလိုက် မြှင်လိုက် လုပ်လို့ရသည့် ပွက်ပွက်ဆူနေသော ရေနွေးအိုးကြီး သဖွယ် သဘောထားခဲ့ခြင်း ပင် ဖြစ်သည်။ လက်ရှိ ပြည်တွင်းစစ် ကြီး ကြောင့် ပွက်ပွက်ဆူလာနေသော်လည်း နယ်စပ်ဒေသ တည်ငြိမ်ရေး လောက်သာ ထိခိုက် နိုင်ပြီး ၎င်းတို့၏ ရင်းနှီး မြုပ်နှံမှုများက အရာမယွင်း ဆက်ရှိနေမည်ဟု တွက်ဆခဲ့ကြသည်။

 

၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်း ပွဲ အပြီး တွင် တရုတ်သည် စစ်ခေါင်းဆောင်များကို လူသိရှင်ကြား ဖက်လှဲတကင်း ပြုလာခဲ့ပြီး တဖက်တွင်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိတ်တဆိတ် ဆက်သွယ်လာခဲ့သည်၊ တဖန် နယ်ခြားရှိ ၎င်းတို့ ကြားခံ အဖြစ် သုံးနေသော တိုင်းရင်းသား တပ်များက လက်နက်များ ဆက်၍ တပ်ဆင်ပေးလာခဲ့သည်၊ အထူးသဖြင့် ၎င်းတို့၏ အဓိက မဟာမိတ် ဖြစ်သည့် ဝ တပ်မတော် သည် တရုတ်ထံမှ လက်နက်များ ရယူပြီး အခြား လက်နက်ကိုင် အဖွဲ့များကို ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်း များ ပြုလုပ်ခဲ့သည်။

 

ဤသို့ဖြင့် သုံးနှစ်ကျော် ကာလအတွင်း စစ်ပွဲ သည် တဖြေးဖြေး အရှိန်မြှင့်လာခဲ့သည်။ စစ်တပ်၏ အဆင်ခြင်မဲ့ လက်တုန့်ပြန်ခဲ့ခြင်း နှင့် အရည်အသွေး မပြည့်ဝ မှု များ ကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ပို၍ နီးစပ်လာခဲ့သည်။ မြန်မာ အကျပ်အတည်း သည် ကင်ဆာ ဆဲလ် လို ပျံ့ပွားလာနေသလို ဖြစ်လာနေသည်ကို အခွင့်ကောင်း ယူပြီး ရာဇဝတ်မှု လုပ်ငန်း များ အရှိန်ရလာခဲ့သည်၊ အချို့ကို စစ်တပ်မှ အကာအကွယ် ပေးနေပြီး အချို့က ဝ တပ်မတော်ကဲ့ သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နယ်မြေများ ထဲတွင် ရှိနေသည်။ အထူးသဖြင့် အွန်လိုင်း လိမ်လည်မှု များသည် တရုတ်နိုင်ငံသား များ ဒေါ်လာ ဘီလီယံ နှင့် ချီပြီး ဆုံးရှုံးလာရ၍ တရုတ် အဖို့ မျက်စိ စပါးမွှေး စူးစရာ ဖြစ်လာခဲ့သည်။

 

တရုတ် အတွက် မြန်မာ အကျပ်အတည်း သည် တဖြေးဖြေး နှင့် ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှု များကိုပါ ခြိမ်းခြောက် လာနိုင်သော်လည်း တဖက်တွင် နာတာရှည် ရောဂါသည်ကြီးလို ၎င်းတို့ အပေါ် မှီခိုလာရသည့် စစ်ကောင်စီ ထံမှ စီးပွားရေး စီမံကိန်းများကို လိုသလို ညှစ်ထုတ် နိုင်သည့် အခွင့်အလန်း များ ရှိနေသည်ကိုလည်း သဘောပေါက်လာခဲ့သည်။ အမျိုးသား ညီညွတ်ရေး အစိုးရသည် အမေရိကန် နှင့် ပို၍ နီးကပ်လာမှု ကိုလည်း စိုးရိမ်မကင်း ဖြစ်လာသည်၊ ၎င်းတို့ ထောက်ခံပေးထားသော စစ်ကောင်စီသည် အားကိုးမရသည့်အပြင် အစွမ်းအစ လည်း မရှိကြောင်း တွေ့မြင်လာရပြီး နယ်စပ်ရှိ ကျားဖျန့် လုပ်ငန်းများသည် အနှောက်အယှက် မရှိ ထင်တိုင်းကြဲလာနေပြီ ဖြစ်သည်။

 

ထိုသို့သော အနေအထားများ တွေ့လာ၍ ၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ စစ်ကောင်စီ အား ယခင်ကထက် ပို၍ လူသိရှင်ကြား ဆက်ဆံလာခဲ့သည်။ ၂၀၂၃ မေလ တွင် ထိုစဉ်က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ရှင်ဂန်းသည် မြန်မာ သို့ တရားဝင် ခရီးစဉ် အဖြစ် ရောက်ရှိလာပြီး ယခင်က လက်တကမ်းအကွာ ဆက်ဆံမှု ကို အဆုံးသတ် ပစ်ခဲ့သည်။ ၎င်း၏ ခရီးစဉ် အတွင်း နယ်စပ်ရှိ ကျားဖျန့် လုပ်ငန်းများကို ထိန်းချုပ်ပေးရန် ဖိအားပေးလာခဲ့သည်။

 

နောက်ပိုင်း ခြောက်လ အတွင်း ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့အားလည်း နောက်ကွယ်မှ ဖိအားပေးလာခဲ့သည်။ ညီနောင်သုံးဖေါ် မှ ၎င်းတို့ နယ်မြေများရှိ ရာဇဝတ်သားများကို တရုတ်ထံ ပြန်လည် လွှဲပြောင်းပေးလာသော်လည်း စစ်ကောင်စီ ဖက်ကမူ တုတ်တုတ်မျှ လှုပ်မလာသည်ကို တွေ့လာရသည်။

 

ဤသို့ဖြင့် ညီနောင်သုံးဖေါ်၏ ၁၀၂၇ စစ်ဆင်ရေးကြီး စတင်လာမှု နှင့် အတူ ပြည်တွင်းစစ်ကြီးသည် အရှိန်အမြင့်ဆုံးသို့ ရောက်လာခဲ့သည်။ စစ်ကောင်စီ အဖို့လည်း စစ်စခန်း များ၊ မြို့ပေါင်းများစွာ ဆက်တိုက်ဆိုသလို ရှုံးနိမ့်သွားပြီး အရှက်တကွဲ ဖြစ်ခဲ့ယုံမျှမက နိုင်ငံ အနှံ့ တော်လှန်တိုက်ခိုက်နေမှု များလည်း အရှိန်ရသွားခဲ့သည်။ 

 

ယင်းနှင့် အတူ တရုတ်၏ ပါဝင်ပတ်သက်မှု အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့သည်၊ အွန်လိုင်း ငွေလိမ် ဂိုဏ်း များ အပေါ် မြန်မာ စစ်ဗိုလ်ချုပ်များ၏ တုံဏှိဘာဝေ ‌နေမှုကြောင့် တစိတ်တပိုင်း အားဖြင့် တော်လှန်ရေး ဖက်သို့ ကူးပြောင်းလာခြင်းလောဟု တွေးဆစရာ ဖြစ်လာသည်။ နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ကမူ တရုတ်သည် ယခင်က စိုးရိမ်နေသော နယ်စပ် တည်ငြိမ်မှု ရှိရေးထက် ငွေလိမ်ဂိုဏ်းများ အား ထိထိရောက်ရောက် နှိမ်နှင်းနိုင်ရေးသည် ပိုအရေးကြီးသည်ဟု ယူဆလာခဲ့၍ ဖြစ်သည်ဟု ဆိုသည်။

 

စစ်ဆင်‌ရေး စတင်ပြီး ခုနှစ်ရက် အကြာတွင် လောက်ကိုင်မှ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည့် တရုတ် ၏ အသွင်ယူ ထောက်လှန်းရေး အဖွဲ့ဝင် များ အပါအဝင် တရုတ်နိုင်ငံသား အများအပြား အသတ်ခံခဲ့ရသည်။

 

ထိုစစ်ဆင်ရေးသည် လပေါင်း များစွာ ကြာအောင် ကြိုတင် ပြင်ဆင်ခဲ့မှု နှင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ညီနောင်သုံးဖေါ် အဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အတိုင်းအတာ ကို ပေါ်လွင်သွားစေခဲ့သည်။ ညီနောင် မဟာမိတ် အဖွဲ့သည် မည်သို့သော် ရည်ရွယ်ချက် မျိုး နှင့် ပူးပေါင်း စေခဲ့ကာမူ ၎င်းတို့ မျက်စိရှေ့မှောက်တွင် ကျားနာ တကောင်လို အထိနာနေသော စစ်ကောင်စီ ၏ အားပျော့လာမှုကို အခွင့်ကောင်း အဖြစ် အသုံးချ ခဲ့ခြင်း ဖြစ်သည်။

 

ထို့နောက်တွင်တော့ တရုတ်၏ မူဝါဒ သည် ထိန်းမရ သိမ်းမရ ဖြစ်လာနေမှု ကို အလွဲလွဲ အချော်ချော် ဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းလာသလို ဖြစ်လာခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေး ပထမရက်များ အတွင်း တရုတ်သည် ညီနောင်သုံးဖေါ် အဖွဲ့ အား ထိန်းချုပ်ရန် မကြိုးစားခဲ့ သော်လည်း အခြေအနေများကို အလွန်အကျွံ မဖြစ်ရေး အတွက် ၎င်းတို့၏ ဩဇာအာဏာကို သုံးလာခဲ့သည်။ ထိုးစစ် ဆင်နေသည့် ရက်သတ္တပတ်များ အတွင်း တရုတ် အဆင့်မြင့် အရာရှိများသည် နေပြည်တော်သို့ ရောက်လာပြီး ၎င်းတို့ ပိုင်နက် အတွင်းသို့ ကူးစက်လာမည့် အရေးကို မလိုလားကြောင်း တင်းတင်းမာမာ ပြောဆိုခဲ့ပြီး အပစ်အခတ် ရပ်စဲရန် တောင်းဆိုလာသည်။

 

ထိုးစစ်ကြီးကြောင့် ရာဇဝတ်ဂိုဏ်းများ ပြိုကွဲသွားရသည်ကို ကျေနပ်မိကြောင်း နိုင်ငံခြားရေး ဝမ်ယီက ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ဒီဇင်ဘာလ ထဲ ရောက်လာသည့် အခါတွင်တော့ တော်လောက်ပြီဟု ဆုံးဖြတ်လာခဲ့သည်။ ထိုအချိန်တွင် ညီနောင် သုံးဖေါ်သည် မြို့ပေါင်း တဒါဇင်ကျော် နှင့် အရေးပါသော နယ်မြေများကို သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်သည်။ ရက္ခိတ တပ်တော်သည်လည်း တရုတ်၏ အရေးပါသော စီမံကိန်းများ ရှိရာ ရခိုင် ပြည်နယ်တွင် ထိုးစစ်ကြီး စတင်နေချိန်လည်း ဖြစ်သည်။ စစ်တပ်သည် နိုင်ငံတဝှမ်း ရှိ မဟာဗျူဟာ အရ အရေးပါသော နယ်မြေ များကို ဆက်တိုက်ဆိုသလို လက်လွှတ်ခဲ့ရသည်။ ၎င်းတို့၏ လေကြောင်း အသာစီး ရမှုသည်လည်း နည်းနည်း နှင့် ကြဲကြဲ ဝိုင်းနေရ၍ နည်းဗျုဟာမြောက် အဆင့်ဖြင့်သာ နယ်မြေများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

 

ဒီဇင်ဘာလတွင် ယူနန်ပြည်နယ် ကူမင်း တွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် တရုတ်မှ စီစဉ်ပေးခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သည်ဟု ဆိုသော်လည်း တိုက်ပွဲများက ဆက်၍ ဖြစ်ပွားလာခဲ့သည်။ ဤသည်ကလည်း စစ်ကောင်စီ ဖက်က အပစ်ရပ်ရေးကို လိုလားသော်လည်း လောက်ကိုင်ကို လက်မလွှတ်ချင် နေ၍ ဖြစ်သည်။

 

ဇန်နဝါရီလ အစောပိုင်းတွင် ညီနောင်သုံးဖေါ် သည် လောက်ကိုင် ကို ပိတ်ဆို့ထားနိုင်ချိန်တွင် တရုတ်သည် မတည်ငြိမ်မှု များ နှင့် နယ်စပ်ကုန်သွယ်ရေး ပျက်ပြားလာ၍ ဒုတိယ အကြိမ် အပစ်အခတ် ရပ်စဲရေး အတွက် ဇန်နဝါရီ ၁၂ ရက်တွင် အတင်းအကျပ် စီစဉ် ပေးခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ရှမ်းမြောက်ဒေသတွင် လုံးဝ အပစ်အခတ် ရပ်စဲရန် နှင့် နယ်စပ်ဒေသ နှင့် မြန်မာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံသားများ အန္တရာယ် မကျရောက်စေရေးကို သဘောတူခဲ့ရသည်။ သို့သော်လည်း အပစ်ရပ်ရေးသည် တရုတ် နယ်ခြားဒေသ နှင့်သာ သက်ဆိုင်နေပြီး ကျန် ဒေသ များ မပါ၍ တရုတ်သည် ထင်သလောက် ဩဇာ သက်ရောက် နိုင်စွမ်း မရှိ ဖြစ်နေသည်ကို ပြဆိုနေသည်။

 

ထိုသို့ နယ်စပ်ဒေသတွင် အပစ်ရပ်ပေးလိုက်သည့် အတွက် စစ်ကောင်စီ သည် အသက်ရှု ချောင်သွားပြီး ကောလင်း မြို့ကို ပြန်၍ သိမ်းနိုင်ခဲ့သလိုမျိုး အခြား ဒေသများ အား အာရုံစိုက်ခွင့် ရသွားခဲ့သည်။ သို့သော် တရုတ်သည် ရခိုင်ပြည်နယ် အတွင်း အရှိန်ရလာနေသော ရက္ခိတ တပ်တော် အပေါ်တော့ ဩဇာညောင်းနိုင်စွမ်း မရှိ ဖြစ်နေသည်။

 

၂၀၂၄ မတ်လ အတွင်း ရှမ်းမြောက်ဒေသ အပစ်ရပ်ခဲ့မှု သည် စတင် ယိမ်းယိုင်စ ပြုလာသည်၊ စစ်ကောင်စီမှ ညီနောင်သုံးဖေါ် မဟာမိတ်များ ထိန်းချုပ်ထားသည့် မြို့များ အား မာရှယ်လော ကြေညာ လိုက်ခြင်း ကြောင့် ဖြစ်သည်။ ညီနောင်သုံးဖေါ် ကလည်း ထိုလုပ်ရပ်ကြောင့် တိုက်ပွဲများ ပြန်ဖြစ်လာနိုင်သည်ဟု သတိပေးလာခဲ့သည်။

 

တရုတ် အတွက် နောက်ထပ် အခြေအနေဆိုး များ ဖြစ်ပေါ်လာခဲ့ရသည်က ကချင် လွတ်လပ်ရေး တပ်များက ထိုးစစ်ကြီး စတင်လာခဲ့ခြင်း ပင် ဖြစ်သည်။

 

၁၀၂၇ စစ်ဆင်ရေးသည် တရုတ် အတွက် နယ်စပ်ဒေသ ရှိ ရာဇဝတ်ဂိုဏ်းများကို နှိမ်နှင်း နိုင်ယုံမက ခေါင်းဆောင်များကို ပါ လွှဲပြောင်းရယူ နိုင်ခဲ့၍ ကျေနပ်စရာ ဖြစ်သွားခဲ့သော်လည်း ထို ထိုးစစ်ကြီး ကြောင့် စစ်ကောင်စီသည် ၎င်းတို့ ထင်မထားသည့် ကျွမ်းထိုးမှောက်ခုံ ထိုးကျသွားခဲ့ရသည့် အဖြစ်နှင့် ရင်ဆိုင်ခဲ့ရသည်။

 

စစ်တပ် နှင့် ညီနောင်သုံးဖေါ်သည် တရုတ် လက်နက်များကို အားကိုးနေကြရသည်၊ စစ်ကောင်စီစသည် တရုတ်မှ ထိုသို့ တိုင်းရင်းသား အဖွဲ့များအား လက်နက်ထောက်ပံ့ပေးနေခြင်းသည် နိုင်ငံ၏ လုံခြုံရေးကို ထိပါးနေသည်ဟု ခံယူပြီး ၎င်းတို့အား အယုံအကြည် မရှိသော်လည်း ‌အောင့်အီးသည်းခံကာ အမှီသဟဲပြုနေကြရသည်။ ညီနောင် သုံးဖေါ် အဖွဲ့ထဲတွင်လည်း MNDAA ကိုသာ တရုတ် တို့ စိတ်ချလက်ချ အားကိုး၍ ရပြီး တအောင်း နှင့် ရက္ခိတ တပ်များကို မူ ထင်သလောက် ဩဇာ မညောင်း ဖြစ်နေသည်။

 

လက်ရှိတွင် နှစ်ဖက်စလုံးသည် တရုတ်အား ၎င်းတို့ အကျိုး အတွက် အသုံးချနေကြခြင်းသာ ဖြစ်သည်။

 

စစ်ကောင်စီ သည် မတတ်သာ၍ ငြိမ်သွားရသော်လည်း ၎င်းတို့ အတွက်ဝင်ငွေ အမြောက်အမြားရနေသည့် ဒေသများ လက်လွှတ်လိုက်ရမှု ကို ကြာရှည် သည်းခံနေမည် မဟုတ်ပဲ အင်အား ပြန်တောင့်တင်းလာပါက တန်ပြန် ထိုးစစ် ဆင်ပြီး တိုက်ခိုက်လာမည်သာ ဖြစ်သည်။ 

 

ဘီဂျင်းသည် စစ်ကောင်စီ အသက်ဆက်နေမှသာ နိုင်ငံ ပြိုကွဲသွား မည် မဟုတ်ပဲ ၎င်းတို့ အကျိုးစီးပွားလည်း ဆက်၍ တည်မြဲနေမည်ဟု ယူဆနေသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် စစ်ကောင်စီ ၏ ခေါင်းမာမှု၊ စီးပွားရေး တွင် အလွဲလွဲ အချော်ချော် စီမံ ခန့်ခွဲနေမှု၊ ရက်စက်ကြမ်းကြုပ်စွာ အုပ်ချုပ်နေမှု များသည် တရုတ် အတွက် ရေရှည် အကျိုးစီးပွား ဖြစ်ထွန်းဖွယ်မရှိဟု သဘောပေါက်အောင် နားချရမည်သာ ဖြစ်သည်။ ထို့အပြင် အမေရိကန် နှင့် ပို၍ နီးစပ်သွားနိုင်သည်ဟူသော အမြင်ကိုလည်း ပျောက်အောင် ဖျောက်ပေးနိုင်ရမည် ဖြစ်သည်။ သို့သော် ၎င်းတို့ အပေါ် အလွန်အကျွံ မှီခိုသွားရမည့် အဖြစ်သို့ မရောက်အောင် သတိထားရမည် ဖြစ်သည်၊ တရုတ်သည် ၎င်းတို့ အကျိုးရှိမည်ဆိုက မည်သူကို မဆို ချကျွေးဖို့ ဝန်လေးမည် မဟုတ်ပေ။

 

အမေရိကန်သည်လည်း ဒီမိုကရေစီ အင်အားစုများကို ရုပ်ဝတ္ထု ပိုင်း ပံ့ပိုးပေးခြင်းဖြင့် ပို၍ အကူအညီ ပေးသင့်ပြီး တဖက်တွင် တရုတ်အား ၎င်းတို့ ပါဝင် ပတ်သက်ဖို့ မရှိဟု အာမခံခြင်း ဖြင့် စစ်ကောင်စီ အား ဆက်၍ ဆုပ်ကိုင်မထားရန် နားချရမည် ဖြစ်သည်။ ထိုအလုပ်သည် ပြောသလောက် မလွယ်လှသော်လည်း တရုတ် နှင့် နယ်စပ်ဖြတ်ကျော် ကျူးလွန်နေသည့် ဆိုက်ဘာ ရာဇဝတ်မှုများ နှိမ်နှင်းရေးတွင် ပူးပေါင်း ဆောင်ရွက် ခြင်းမျိုး ဖြင့် စတင်နိုင်ပြီး စစ်ကောင်စီ အသက်ဆက်နေသရွေ့ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု ကို အန္တရာယ် ပေးနေမည်သာ ဖြစ်သည်ကိုလည်း ထောက်ပြသွားရမည် ဖြစ်သည်။

 

လူးကပ်စ် မိုင်ယာ သည် ဝီလ်ဆန် စင်တာ၏ အာရှ ပရိုဂရမ် မှ အကြီးတန်း သုတေသီ တဦး ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!