မဟာသီယာ ၏ အကြံအား မလေးရှား ဘုရင် လက်မခံ

by Hla Soewai - Feb 29 2020

ပါလီမန် အတွင်း အာဏာသိမ်းပွဲ၏ အစ

•••••••••••••••••••••••••

မလေးရှား ရှိ အတိုက်အခံပါတီ မှ အများစု ပါဝင်သော အမတ် ၁၃၀ သည် လက်ရှိ ဝန်
ကြီးချုပ် မဟာသီယာ မိုဟာမက် အား ‌၎င်း၏ သက်တမ်း ငါးနှစ် အပြည့်အဝ တာဝန် ထမ်း
ဆောင်ရန် မိမိတို့ မှ ထောက်ခံကြောင်း ထုတ် ဖေါ်ပြော ဆိုလိုက်ခြင်းကြောင့် မဟာသီယာ၏ ပါတီ ဖြစ်သော မလေးရှား တိုင်းရင်းသား ညီညွတ်ရေး ပါတီ (ဘာဆာတူ) နှင့် အတူ ညွှန့်ပေါင်း အဖွဲ့ ထပ်မံဖွဲ့စည်းလာ မည့် အရေးကို တနင်္ဂနွေနေ့က မလေးရှား ပြည်သူတို့ သိခွင့်ရခဲ့ကြ၍ အထိတ်တလန့် ဖြစ်ခဲ့ရသည်ဟု သတင်းများက ဆိုသည်။

 

၎င်းတို့သည် အန်ဝါ အီဘရာဟင်၏ ပါတီ ဖြစ်သော ပြည်သူ့တရားမျှတရေး ပါတီ PKR အပါအဝင် လက်ရှိ ဖွဲ့စည်းထားသော Alliance of Hope ညွှန့်ပေါင်း အဖွဲ့မှ ခွဲ ထွက်သွားတော့မည်ဟူသော ကောလဟာလများလည်း ပျံ့နှံ့လျက် ရှိနေသည်။ လွန်ခဲ့သည့် နှစ်ရက်က အသက် ၉၄ နှစ်ရှိ မဟာသီယာသည် နိုင်ငံရေးမှ
အနားယူရန်  မိမိအပေါ်သာ မူတည်သည် ဟု ထုတ်ဖေါ်ပြောဆိုခဲ့ပြီးနောက် ယခုလို
ပြောင်းလဲမှုများ ထွက်ပေါ်လာရခြင်းလည်း ဖြစ်သည်။

 

မလေးရှား၏ လက်ရှိ အတိုက်အခံနိုင်ငံရေး ပါတီများဖြစ်သော United Malays National Organization (UMNO), Malaysian Islamic Party (PAS) နှင့် အန်ဝါ၏ လက်ထောက် ဖြစ်သူ အက်ဇ်မင် အာလီ တို့ သည် မလေးရှား ဘုရင် ဆူလ်တန် အဗ္ဗဒူလာ ရီယာယတ်တူဒင် အား တနင်္ဂနွေနေ့ ညနေပိုင်းတွင် အခစားဝင်ကာ
မဟာသီယာ အား ဝန်ကြီးချုပ် အဖြစ် ထောက်ခံကြောင်း၎င်းတို့၏ ကြေငြာချက်ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

 

 အန်ဝါ၏ လက်ထောက်ဖြစ်သူ အက်ဇ်မင်သည် ၎င်းနှင့် အတူ မဟာသီယာအား ထောက်ခံသည့် နောက်ထပ် အမတ် တဒါဇင် ခန့်ကို ခေါ်ထုတ်
ကာ ဘက်ပြောင်းမည်ဟုလည်း သိရသည်။

 

မဟာသီယာသည် စုစုပေါင်း အမတ်နေရာ ၂၂၂ နေရာ အနက် ဝန်ကြီးချုပ် အဖြစ် ဆက် လက်တည်ရှိရန် အမတ် ၁၁၂ ဦး ၏ ထောက်ခံမှုကိုသာ ရယူရန် လိုပေသည်။ တရားမဝင် စုံစမ်းထားမှု များအရ လောလောဆယ်တွင် ၎င်းအား ထောက်ခံသူ ၁၃၀ ရှိနေပြီဟု သိရသည်။

 

 

မဟာသီယာ အား ထောက်ခံသည့် နိုင်ငံရေး ပါတီ များ မှ ခေါင်းဆောင်များသည် ဘုရင်ထံ အခစားဝင်ပြီး နောက် ကွာလာ လမ်ပူ အရှေ့ပိုင်း ပီတဲလင်း ဂျာရား မြို့ရှိ ဇိမ်ခံ ဟိုတယ်ကြီးတခု တွင် ညစာ အတူ သုံးဆောင်ခဲ့ကြကြောင်းနှင့် ထိုညစာ စားပွဲသို့ မဟာသီယာ တက်ရောက်လာသည်ကိုတော့ မတွေ့ရကြောင်း သတင်းများက ဆိုသည်။

 

 

လက်ရှိ ပြောင်းလဲသွားသော ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေး ပရောဟိတ်ကြီးများ ကြိုတင် ခန့်မှန်းထားသလို မဟာသီယာသည် အာဏာအား အန်ဝါကို လွှဲပေးရန် မည်သည့် အခါမျှကပင် ရည်ရွယ်ခဲ့ခြင်း မရှိဆိုသည်မှာ ဟုတ်မှန်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်ပေတော့သည်။ ထိုသို့ လွှဲပေးရန် ကတိကို မူ ၂၀၁၈ မေလက ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ မဟာသီယာ သည် လူသိရှင်ကြား ကတိပေးခဲ့ပြီးလည်း ဖြစ်သည်။

 

 

ထိုရွေးကောက်ပွဲတွင် ယခင် ဝန်ကြီးချုပ် နာဂျစ် ရာဇတ် ဦးဆောင်သည့် အမျိုးသား တပ်ဦး ညွန်ပေါင်း အစိုးရ အဖွဲ့ကို ဖြုတ်ချနိုင်ခဲ့သည်။ အံ့ဩဖို့ ကောင်းနေရသည်မှာ မဟာသီယာ အား ထောက်ခံသူများထဲတွင် နာဂျစ် ကိုယ်တိုင် ပါဝင်နေပြီး ၎င်း မှ ထောက်ခံမှု ပေးခဲ့ခြင်းမှာ မဟာသီယာနှင့် ထုတ်ဖေါ်ပြော နိုင်ခြင်း မရှိသော အနေအထားများ ရရှိခဲ့ သောကြောင့် ဖြစ်သည်ဟု နာဂျစ်က သတင်း ထောက်များကို ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။

 

 

 

တနင်္ဂနွေနေ့ ညပိုင်းတွင် ၎င်း၏ နေအိမ်မှ နေ၍ သတင်းထောက်များကို ပြောကြားရာတွင် အန်ဝါမှ ထိုလုပ်ရပ်သည် "သစ္စာဖေါက်မှု" သက်သက်သာ ဖြစ်သည်ဟု ဆိုသည်။ ကတိကဝတ်များ ပြုထားသည့်ကြားမှ ယနေ့ ကြားသိရသော သတင်းကြောင့်တုန်လှုပ်မိသည်ဟုလည်း ပြောသွားခဲ့သည်။ မိမိ‌အနေဖြင့် မလေးရှား၏ ရှစ်ဦးမြောက် ဝန်ကြီးချုပ် မဖြစ်နိုင်တော့သော်လည်း ကိုးဦး မြောက် ဝန်ကြီးချုပ်တော့ ဖြစ်နိုင်သေး ကြောင်း လည်း သတင်းထောက်များကိုအရွှန်း ဖေါက် ပြောသွားခဲ့ပြန်သည်။

 

 

ခြံခုန်သွားကြသူများက အတိုက်အခံများ နှင့် ပူးပေါင်းပြီး မဟာသီယာ ဦးဆောင်စေကာ အစိုးရ သစ် ဖွဲ့စည်းရန် ပြင်ဆင်လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် မဟာသီယာသည် ၎င်းတို့ မျှော်လင့်ထားသလို မဟုတ်ပဲ ရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်းကြောင့် အခက်တွေ့သွားခဲ့ကြရခြင်းလည်း ဖြစ်သည်။ မဟာသီယာသည် စိတ်ပြောင်းသွားခြင်းလော သို့မဟုတ် ၎င်းတို့ အပေါ် အယုံအကြည် မရှိတော့၍လောဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဇဝေဇဝါ ဖြစ်ခဲ့ကြသည်။

 

 

သို့သော် မဟာသီယာက သူ ခေါင်းဆောင်မည့် အစိုးရတွင် ပါတီ တခုခု မှ လူများ မပါဝင်ပဲ တတ်သိပညာရှင်များနှင့် ဖွဲ့စည်းသွားမည်ဆို၍ အာဏာရှင် စနစ်ကို ဦးတည်စေမည့် လုပ်ရပ်အဖြစ်လည်း ဝေဖန်ပြောဆိုခဲ့ကြသည်။

 

 

မဟာသီယာ ၏ အကြံအား မလေးရှား ဘုရင် လက်မခံ

 

မလေးရှား၏ လက်ရှိ အိမ်စောင့် ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်မှ ဝန်ကြီးချုပ် အသစ် ပါလီမန်မှ ရွေးချယ်ရန် တင်ပြလာသည့် အစီအစဉ်ကို ပယ်ချလိုက်တယ်လို့ ဘုရင့်နန်းတော်မှ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

 

မလေးရှား ဘုရင် ဆူလ်တန် အဗ္ဗဒူလာ ရီယာတူဒင် ၏ ကိုယ်ရေး အတွင်းရေးမှူး ဖြစ်သူ အာမက် ဖာဒီ ရှမ်ရှုဒင်၏ ကြေငြာချက်တွင် ဝန်ကြီးချုပ် အသစ် ရွေးချယ်ရန် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ အားလုံးကို ဆင့်ခေါ် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

 

ဘုရင်ကြီး အနေဖြင့် နိုင်ငံနှင့် ပြည်သူများ သာယာ ဝပြောရေး အတွက် ဖက်ဒရယ် ဖွဲ့စည်းပုံ နှင့် အညီ ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြောကြောင်း ကြေငြာချက် မှာ ပါရှိလာခဲ့ပါတယ်။

 

ဘုရင်သည် အောက်လွှတ်တော် ရှိ အမတ် ၂၂၂ ဦး နှင့် တဦးချင်း ခေါ်ယူ ဆွေးနွေးခဲ့ရာတွင် အမတ်အများစု၏ ထောက်ခံချက် ရရှိမည့် ဝန်ကြီးချုပ် ထွက်ပေါ်လာခြင်း မရှိ၍ အခုလို နိုင်ငံရေး ပါတီ ခေါင်းဆောင်များဘက် လှည့်လာခဲ့တာ ဖြစ်ပါတယ်။

 

မလေးရှား စော်ဘွားများ ကောင်စီ အထူးအစည်းအဝေး ခေါ်ယူ ကျင်းပခဲ့ပြီး အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးစားခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ မလေးရှား စော်ဘွား အုပ်ချုပ်သူများ ကောင်စီတွင် စော်ဘွား ကိုးယောက်ပါဝင်ပြီး ဘုရင် ကို အလှည့်ကျ ရွေးချယ် အုပ်ချုပ်စေခဲ့ပါတယ်။

 

ထို့မတိုင်မီ စောစောပိုင်းကလည်း အောက်လွှတ်တော် ဥက္ကဌ မိုဟာမက် အာရစ်ဖ် ယူဆွပ်မှ မဟာသီယာ တင်ပြလာသော မတ်လ ၂ ရက်နေ့တွင် အထူး လွှတ်တော် အစည်းအဝေး ခေါ်ယူရန် ကို ပယ်ချခဲ့ပါတယ်။ ၎င်း၏ တင်ပြ တောင်းဆိုချက်များသည် အစည်းအဝေးခေါ်ယူရန် လိုအပ်သည့် အချက်အလက်များ မပြည့်စုံဟု အကြောင်းပြခဲ့ပါတယ်။

 

ထိုသို့ ခေါ်ယူရန် မဟာသီယာ မှ မဟုတ်ပဲ ဘုရင်ကသာ တောင်းဆိုခွင့်ရှိပြီး နေ့ရက်ကို နောက်ပိုင်းမှ ကြေငြာသွားမည်ဟု လည်း မိုဟာမက် က ဆိုပါတယ်။ လက်ရှိ အစိုးရ၏ လေးပါတီ ညွှန်ပေါင်း ပါတီများ အဖွဲ့  ပါကာတန် ဟာရာပန် မှ နိုင်ငံရေး ပါတီများနှင့် ညှိနှိုင်းသွားမည်ဟူသော ဘုရင်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပါတယ်။ ၎င်းတို့က စောစောပိုင်းကတည်းက မဟာသီယာ ၏ အဆိုပြုချက်ကို ငြင်းပယ်ခဲ့ကြပြီး ဖြစ်ပါတယ်။

 

ညွှန်ပေါင်း အဖွဲ့အနေဖြင့် နောက် ဝန်ကြီးချုပ် အသစ်ကို ၎င်းတို့ အဖွဲ့ဝင်များ ထဲမှ ရွေးချယ်ပေးရန် လွှတ်တော် အမတ် အများစု၏ အဆိုပြုချက်များ လက်ခံရရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ညွှန့်ပေါင်း အဖွဲ့ဝင် ကီလ်ဒီယန် ရာကျပ် ပါတီ (PKR) ပြည်သူ တရားမျှတရေး ပါတီ မှ ခေါင်းဆောင်ဖြစ်သူ အန်ဝါ အီဘရာဟင် အား ဘုရင့် ရှေ့တော်မှောက် အခစားဝင်ပြီး ၎င်းအား ဝန်ကြီးချုပ်ဖြစ်ရေး  လွှတ်တော် အမတ် အများစု၏ ယုံကြည်မှု ရှိနေကြောင်း ပြသ ပြောဆိုရန် အခွင့်အရေး ပေးသင့်သည်ဟု ဆိုနေကြပါတယ်။ လေးပါတီ ညွှန်ပေါင်း အဖွဲ့တွင် မဟာသီယာ၏ ဘာဆာတူ၊ အန်ဝါ၏ PKR၊ တရုတ် မျိုးနွယ်စု များ လွှမ်းမိုးသည့် ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီ နှင့် အစ္စလမ်မစ် ပါတီငယ်လေးတခု ဖြစ်သော အမာနာ ပါတီ တို့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ယင်း ပါတီ လေးပါတီ မှ ၂၀၁၈ ရွေးကောက်ပွဲ၌ အမတ်နေရာ ၂၂၂ ရှိ အောက်လွှတ်တော်တွင် အမတ်နေရာ ၁၂၉ နေရာ နဲ့ အစိုးရ ဖွဲ့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

လောလောဆယ်တွင် မဟာသီယာ ၏ ပါတီဖြစ်သော ဘာဆာတူ ပါတီ မှ ပါတီဥက္ကဌ ဖြစ်သူ မူဟီဒင် ယာဆင်အား ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဘာဆာတူ ပါတီ တွင် လက်ရှိ လွှတ်တော်အမတ် ၂၆ ဦး ရှိနေပြီး PKR မှ ခြံခုန်ကာ သွားရောက်ပူးပေါင်းသူ အက်ဇ်မင် နှင့် အပေါင်း အပါ အမတ် ၁၁ ဦး က ဘာဆာတူ နှင့် တရားဝင် ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။

 

အတိုက်အခံ မဟာမိတ် UMNO က မဟာသီယာ ၏ တောင်းဆိုချက်ကို ပယ်ချလိုက်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ခေါ်ယူရန် တောင်းဆိုလိုက်ကြပါတယ်။

 

မဟာသီယာ ကတော့ ဘုရင့်အနေနဲ့ အမတ် ၂၂၂ ဦး ကို ခေါ်တွေ့ပြီးသည့်တိုင် ဝန်ကြီးချုပ်အဖြစ် အများစု  ထောက်ခံမည့်သူ မရခဲ့တာကြောင့် တနင်္လာနေ့တွင် လွှတ်တော်ကျင်းပပြီး အယုံအကြည်ရှိကြောင်း အဆို မအောင်မြင်ခဲ့ပါက ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ ပြောလာပါတယ်။

 

မဟာသီယာ ကတော့ ၎င်းအနေနဲ့ ပါတီ မခွဲခြားပဲ လက်ရှိ အာဏာရ နှင့် အတိုက်အခံ ပါတီများ အပါအဝင် ရွေးချယ်ခံ မဟုတ်သော တတ်သိပညာရှင်များပါ ဖိတ်ခေါ်ပြီး အစိုးရ အဖွဲ့ကို ခေါင်းဆောင်သွားဖို့ အဆိုပြုလာပါတယ်။ သို့သော် မဟာသီယာ ၏ အဆိုပြုချက်သည် ၂၀၁၈ မေလ ၉ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲမှ ပြည်သူများ အပ်နှင်းပေးလိုက်သော အခွင့်အာဏာ နှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်နေပြီး အတိုက်အခံ မရှိသော ဝန်ကြီးချုပ် အနေဖြင့် တသွေးတသံတမိန့် ဖြင့် အုပ်ချုပ်သွားမည် ဖြစ်သောကြောင့် ဒီမိုကရေစီ ပါလီမန် စနစ် နှင့် ကွဲလွဲ နေပါတယ်။

 

ရွေးကောက်ပွဲ ကျင်းပမည်ဆိုက မည်သည့် ပါတီမှ အစိုးရ ဖွဲ့ရန် လိုအပ်သော အမတ်နေရာ ၁၁၂  မရနိုင်သည့်အပြင် လက်ရှိ အာဏာရ ပါတီများမှ ဘက်ပြောင်းမှု များလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ လက်ရှိ အာဏာရ ညွှန်ပေါင်း အဖွဲ့ဝင် ပါတီ များ အနေဖြင့် မဟာသီယာ နှင့် သွားပေါင်းမိပါက ၎င်းတို့အား ဘေးဖယ်ထုတ်ခံရမည့် အရေး ကို စိုးရိမ်လာကြပြီး အန်ဝါ အီဘရာဟင်ကိုသာ ဝန်ကြီးချုပ်အဖြစ် ထောက်ခံလိုကြပါတယ်။ အန်ဝါ အနေနဲ့လည်း လိုအပ်တဲ့ ထောက်ခံမှု တွေ ရရန်၊ မည်သူနှင့်မဆို ပူးပေါင်းရန်၊ အသင့်ဖြစ်နေတဲ့ ဆာဘား နှင့် ဆာရာဝပ် ပြည်နယ်များမှ ပါတီများနဲ့ ဘာဆာတူ ပါတီ မှ ဘက်ပြောင်းလာမည့် အမတ်များ၏ ထောက်ခံမှု ရဖို့ ကြိုးစားရန် လိုအပ်နေပါတယ်။

 

မဲပေးပိုင်ခွင့်ရှိသည့် အသက် ကို ၂၁ နှစ်မှ ၁၈ နှစ်အထိ ယမန်နှစ်အတွင်း က လျော့ချခဲ့ပြီး ဖြစ်တာကြောင့် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နောက်ထပ် ရွေးကောက်ပွဲ ကျင်းပဘို့ အဆင့်သင့် ဖြစ်နေ မနေ ဆိုတဲ့ ပြဿနာကလည်း ရှိနေပါတယ်။

 

လက်ရှိ မဟာသီယာ အစိုးရ အပေါ် ထောက်ခံမှု သည် ရွေးကောက်ပွဲအပြီး ၆၃% ရှိခဲ့ရာမှ တနှစ်အတွင်း ၂၄% အထိ ထိုးကျသွားခဲ့တယ်လို့ စစ်တမ်းများမှာ ပြဆိုနေပါတယ်။

 

လက်ရှိ မှာတော့ မဲဆန္ဒရှင်များ၏ အာဏာရ ပါတီအတွင်း အခုလို အငြင်းအခုံ ဖြစ်နေပြီး အချင်းချင်း အပေးအယူ လုပ်ဖို့ ကြိုးစားနေတာကို စိတ်မချမ်းမသာ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။