တရုတ်ပြည်ရှိ ကော်ရိုနာ ဗိုင်းရပ်စ် အရေး အမေရိကန်တို့ ရတက်မအေး ဖြစ်နေ

by Hla Soewai - Mar 05 2020

အမေရိကန် ကုမ္ပဏီ များ သည် ၎င်းတို့၏ Supply chain အတွက် တရုတ် တနိုင်ငံ တည်းကိုသာ ပုံအော အားကိုးနေမိ၍ ယခုအခါ ရတက်မအေး ဖြစ်လာနေပြီး သင်ခန်းစာ ကောင်းကောင်း ရနေကြပြီ ဖြစ်သည်ဟုဆိုသည် ။

 

အထူး ရတက်မအေးစရာ ဖြစ်လာရသည်က အမေရိကန်ရှိ ဆေးဝါး ကုမ္ပဏီများ ဖြစ်ပြီး ယခုအခါ antibiotic ခေါ် ပဋိဇီဝ ဆေးများ နှင့် ပိုးသတ်ဆေးများ ပြတ်လတ်တော့မည့် အနေအထား ကြုံနေရပြီ ဖြစ်သည်။ ထို့အပြင် စစ်ပွဲများတွင် အမေရိကန် စစ်သားများအား ‌anthrax အဆိပ်ဓါတ်ငွေ့ဖြင့် တိုက်ခိုက်ခံရပါက အသုံးပြုနိုင်သည့် အဆိပ်ဖြေဆေးများအားလည်း တရုတ်မှ အလျင်မီစွာ ထုတ်လုပ်ပေးနိုင်ခြင်း မရှိမည်ကိုလည်း စိုးရိမ်လျက် ရှိနေသည်။

 

တရုတ်ပြည်ရှိ ဆိပ်ကမ်းများ၊ စက်ရုံများနှင့် မြို့ကြီးများအား ပိတ်ဆို့ထားမှု ဆက်လက်ရှိနေခြင်းကို အမေရိကန်တို့ ရတက်မအေးဖြစ်လာနေပြီ ဖြစ်သည်။ အမေရိကန်၏ စီးပွားရေး အပေါ် အကြီးအကျယ် ဖိစီးမှု ရှိနေလိမ့်မည်ဟု အမေရိကန် ဗဟိုဘဏ် အရာရှိကြီးတဦး မှ ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ မနေ့က ဗဟိုဘဏ်က အတိုးနှုန်းကို ချပေးလိုက်ရပြီဖြစ်သည်။ ဤသည်ကလည်း ကျဆင်းလာမည့် စီးပွားရေး အား တဖက်တလမ်းမှ ပြန်လည် ထိန်းညှိပေးနိုင်ရန် ဖြစ်သည်။ သို့သော်လည်းအမေရိကန်၏ ဆယ်နှစ် ‌ငွေချေးစာချုပ် အတိုးနှုန်းသည် ၁% အောက်ကျဆင်းသွားခဲ့ပြန်သည်။

 

ရွေးကောက်ပွဲ နီးလာ‌‌ နေချိန်တွင် ဒေါ်နယ်ထရန့် အဖို့ သူ့ရဲ့ သမ္မတ သက်တမ်းတလျောက် ပထမဆုံးအကြိမ် စီးပွားရေး အကျပ်အတည်း
ကြီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေသည်ဟု သတင်းများက ဆိုသည်။ ဒေါ်နယ် ထရန့်အဖို့ ယခုအချိန်အထိ သူ့အပေါ် ကျရောက်လာနေသည့် တာဝန်ကြီး အတွက် ပြင်ဆင်ထားပုံ မရပဲ ဒီမိုကရက် များကဗိုင်းရပ်ကို နိုင်ငံရေး အသွင် ဖန်တီးပြီး တိုက်ခိုက်နေကြသည်ဟု သာ ပြောဆိုနေဆဲပင် ဖြစ်သည်။

 

အမေရိကန်၏ ဘဏ္ဍာ ရေး ဈေးကွက်တွင် အကြီးအကျယ် လှုပ်ခပ်လာနေပြီး စတော့ရှယ်ယာဈေးနှုန်းများ သည် ၂၀၀၈ နောက်ပိုင်း ၁၄% အထိ ကျဆင်းခဲ့ပြီ ဖြစ်သည်။ သမ္မတ ထရန့်က ဗိုင်းရပ်စ် ကို တိုက်ဖျက်နိုင် ရေး အတွက် ဒေါ်လာ ၂.၅ ဘီလီယံ တောင်းခံထားသည်။ သို့သော် ကွန်ဂရက် ရှိ နှစ်ပါတီ စလုံးက မလုံလောက်သေးဟု ညည်းတွားနေကြသည်။

 

တရုတ်ခေါင်းဆောင်များကမူ မိမိတို့ ယခုအခါ ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အောင်မြင်ရေး လမ်းစ အပေါ် လျှောက်လှမ်းနေပြီ ဖြစ်၍ ကမ္ဘာအတွက် လိုအပ်သော ပစ္စည်းများ ပြန်လည် ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်ဟု ပြောကြားနေကြပြီ ဖြစ်သည်။

 

၎င်းတို့၏ ကြွားဝါနေမှုများသည် မည်မျှ အတိုင်းအတာ အထိ မှန်သည်ကို မသိနိုင်သော်လည်း ပြည်ပအစိုးရ များနှင့် ကုမ္ပဏီများ အဖို့ ကုန်ကြမ်း၊ ကုန်ချော ပစ္စည်းများ
ရရှိနိုင်ရေး အတွက် နိုင်ငံတခုတည်းအ‌ေပါ်အားကိုးအားထား ပြုခဲ့ခြင်းသည် မည်မျှအထိအန္တရာယ်များကြောင်း သင်ခန်းစာ ကောင်းကောင်း ရရှိသွားခဲ့ကြပြီ ဖြစ်သည်။

 

ဒေါ်နယ် ထရန့် ၏ ကုန်သွယ်ရေး အကြံပေးဟောင်း နှင့် တရုတ် ဆန့်ကျင်ရေးသမား ပီတာ နာဗာရို မှ I told you so! သဘောမျိုးဖြင့် Fox News နှင့် တွေ့ဆုံခန်းတွင် ပြောဆိုခဲ့ပြီး တရုတ်ရှိ အမေရိကန် ကုမ္ပဏီများ ပြန်လာဖို့ အရေးသည် ပို၍ သိသာထင်ရှား လာနေရပြီဟု ဆိုသည်။

 

ဂလိုဘယ် လိုက်‌ဇေးရှင်း ခေတ်ကြီးတွင် နိုင်ငံများသည် ၎င်းတို့၏ supply chain အား နိုင်ငံတနိုင်ငံတည်း အပေါ် ပုံအောထားခြင်းသည် မည်မျ အထိ အကျပ်ရိုက်အောင် ဖန်တီးနိုင်သည်ကို သိရှိလာကြပြီ ဖြစ်သည်။

ကိုးကား။။ The Economist / Global news/ CBC News (Canada)