ကော်ရိုနာ ဗိုင်းရပ်စ် အန္တရာယ် - မျက်နှာ ကို လက်နှင့် မထိမိအောင် မည်သို့ ကာကွယ်ကြမည်နည်း

by Hla Soewai - Mar 08 2020

ယခုအခါ ကိုဗစ် - ၁၉ ခေါ် ကော်ရိုနာ ဗိုင်းရပ်စ် အား စိုးရိမ်ထိတ်လန့်နေမှုသည် အိမ်ဖြူတော် သို့ ကူးစက်လာနေပြီ ဖြစ်ပြီး ဒေါ်နယ် ထရန့် ကပင် အိမ်ဖြူတော်ရှိ လက်ရမ်းများကို မလိုအပ်ပဲ မထိမိကြဖို့ နဲ့  နှာချေတဲ့ လူတွေ တွေ့ရင်လည်း ထွက်ပြေးကြဖို့ ပင် သတိပေးလာခဲ့ပါတယ်။ သို့သော်လည်း သူရဲ့ မဲဆွယ်ပွဲတွေက တော့ လုံခြုံစိတ်ချမှု ရှိတယ်လို့ ဆိုပါတယ်။ သူ့ မျက်နှာကို လက်နဲ့ မထိမိတာ ရက်သတ္တပတ်ပေါင်း များစွာ ပင် ရှိသွားပြီလို့ နောက်ပြောင်သွားခဲ့ပြန်ပါတယ်။

 

 

တကယ်တော့ ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေးတွင် မျက်နှာကို လက်နှင့် မထိမိဖို့ သည် ထိပ်ဆုံးက ပါဝင်နေတယ်လို့  လော့အိန်ဂျဲလိစ် ကယ်လီဖိုနီယား တက္ကသိုလ်မှ ကူးစက်ရောဂါ ကာကွယ်ရေး ကျွမ်းကျင်သူ ဒေါက်တာ အော်တို ယန်း ပြောဆိုခဲ့တာကို လော့စ်အိန်ဂျဲလိစ် တိုင်းမ် သတင်းစာမှာ ဖေါ်ပြထားတာကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

 

 

လူအတော်များများက တယောက်ယောက်ရဲ့ နှာစေး ချောင်းဆိုး ခြင်းများ ကြောင့် မိမိခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်တယ်လို့ပဲ တွက်ဆခဲ့ကြတာ များပါတယ်။ သို့သော် လက်ဖြင့် နှာခေါင်းကို နှိုက်မိခြင်း၊ ပါးစပ်ကို ထိမိခြင်း၊ မျက်လုံးကို ပွတ်သတ်ခြင်း အစရှိတဲ့ မထင်မှတ်တဲ့ အပြုအမူများသည် ယခုအခါ မိမိ၏ အသက်အန္တရာယ် ထိခိုက်လာနိုင်နေပြီ ဖြစ်ပါတယ်။

 

 

ဒီလို ထိမိတဲ့ အခါ မိမိလက်ချောင်းများမှ ရောဂါပိုးသည် ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်သွားပြီး လည်ချောင်း၊ နှာခေါင်းပေါက်များ၊ ဦးခေါင်းနဲ့ ဆက်ထားတဲ့ လေဝင်လမ်းကြောင်းများ မှာရှိတဲ့ ဆဲလ်တွေကို စတင်ဖျက်ဆီးပြစ်ရာမှ နောက်ပိုင်း ပွားများလာပြီး အဆုတ် ကျောက်ကပ် အစရှိတဲ့ လူအင်္ဂါ အစိတ်အပိုင်းများ ကို တိုက်ခိုက်ပါတော့တယ်။

 

 

သို့သော်လည်း မိမိတို့ မျက်နှာကို လက်နှင့် မထိမိအောင် ချုပ်တည်းနိုင်ဖို့က အတော်ကို ခက်ခဲပါတယ်၊ အချိန်တော်တော်များများမှာ မိမိပင် သတိမထားမိပဲ လက်က အလိုလို ရောက်သွားတာ များပါတယ်။

 

 

ဆေးတက္ကသိုလ် ကျောင်းသားများပင် စာသင်နေစဉ်အတွင်း မိမိမျက်နှာကို ထိမိတဲ့ ပျှမ်းမျှ အကြိမ် အရည်အတွက်သည် တနာရီလျှင် ၂၃ ကြိမ် ခန့် ရှိတယ်လို့  လေ့လာ ဆန်းစစ်မှုများအရ တွေ့ရှိရပါတယ်။

 

 

အခုလို မျက်နှာကို ထိမိကြတာလည်း စိတ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။ မိမိရဲ့ ရည်မှန်းချက် မပြည့်ဝတဲ့ အခါမျိုး၊ မကျေမနပ် စိတ်တွေ ပေါ်လာတဲ့ အခါမျိုး မှာ ဖြစ်တတ်ပါတယ်။ မိမိစိတ်ထဲ စိုးရိမ်ကြောင့်ကြမှု အလိုမကျဖြစ်မှုတွေကြောင့် လို့ မထင်ပဲ မျက်နှာမှာ ယားယံလာတယ်လို့ ယူဆခဲ့ကြပါတယ်။ မိမိရဲ့ စိတ်တွေ လွင့်ပျံ့သွားတဲ့ အခါမျိုးမှာလည်း အာရုံကို ပြန်လည် စုစည်းနိုင်ဖို့ လုပ်လေ့ရှိတတ်ပြန်ပါတယ်။ ဒီအတွက် မျက်နှာစည်း ဝတ်ထားတဲ့ လူတွေလည်း ဒီအန္တရာယ်ကနေ မရှောင်လွှဲနိုင်ကြပါဘူး။

 

 

အထူးသဖြင့် လက်ကိုင်ဖုန်းတွေ ဟာ အမြဲလို ညစ်ပတ်နေတတ်ပြီး လေ့လာဆန်းစစ်မှုများအရ ကျန်းမာရေး ဝန်ထမ်းများ ရဲ့ ဖုန်းတွေမှာ ၉၃% သည် ရောပါပိုးများနဲ့ ပြည့်နှက်နေတတ်တာတွေ့ရပါတယ်။ ကျန်းမာရေး ဝန်ထမ်း မဟုတ်သူများမှာတော့ ၅၈% တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကို သတိမမူမိကြပဲ လက်ဆေးပြီးတာ နဲ့ ဖုန်းကို အသုံးပြုလေ့ရှိကြပါတယ်။ ဖုံးတင်မကပဲ ကွန်ပြူတာ မောက်စ်တွေ၊ ကုတင်တိုင်တွေ၊ နံရံတွေ၊ ဆိုဖာတွေနဲ့ အင်္ကျီ အဝတ်အစားများမှာလည်း ရှိနေတတ်ပါတယ်။ လေ့လာတွေ့ရှိမှုတခုမှာ အခန်းတခန်းကို သန့်ရှင်းပြီး ၇၂ နာရီ ကြာ အသုံးမပြုပဲ ထားတာတောင်မှ ဗိုင်းရပ်စ်ကို အရာဝတ္ထု တခုရဲ့ မျက်နှာပြင်ပေါ်မှာ ကျန်နေဆဲဆိုတာ တွေ့ခဲ့ရပါတယ်။

 

မျက်နှာကို မထိအောင် ကာကွယ်ရမယ့် နည်းလမ်းကတော့ မလုပ်မိအောင် ကိုယ့်ကိုကိုယ် သတိထားပြီး ရှောင်ကျဉ် ဖို့ပဲ ဖြစ်ပါတယ်။ ယားလာရင်လည်း မသိချင်ယောင်ဆောင်နေရမှာ ဖြစ်ပါတယ်။ ဒါမှ မဟုတ် သွားဆရာဝန်တွေ သုံးတဲ့ tongue depressor လို့ ခေါ်တဲ့ ပိုးသတ်ထားတဲ့ အတံလေးကို ဆောင်ထားသင့်ပါတယ်(ပုံတွင်ရှု့)၊ ဒါမှမဟုတ် အစားအသောက် ကိုင်တွယ်ရာမှာ သုံးတဲ့ လက်အိပ်မျိုး သုံးသင့်ပါတယ်၊ မိမိရဲ့ ဖုန်းကို ကိုင်တွယ်ရာမှာ အကာအကွယ်လည်း ရနိုင်ပါတယ်။

 

မိမိရဲ့ လက်ကို စက္ကန့် နှစ်ဆယ်လောက် ဆပ်ပြာနဲ့ စင်ကြယ်အောင် မကြာခဏ ဆေးသင့်ပါတယ်။ Bleach-wipes တွေ နဲ့ ဖုန်းကို မကြာခဏ ပွတ်တိုက်ပေးပါ၊ Hand-sanitizer ခေါ် လက်သန့်စင်ဆေး မှာ ၆၀% အယ်လ်ကိုဟော ပါတယ် ဆိုရင် ဗိုင်းရပ်စ်အတွက် စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

 

တရုတ်ပြည်၌ ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် ကူးစက်ခံရသူ ၃,၈၈၇ ဦး ရှိခဲ့ရာမှ မတ်လ ၄ ရက်နေ့တွင် ၁၃၉ ဦးသာ ရှိပါတော့တယ်။ သို့သော်လည်း ဖေဖေါ်ဝါရီ ၂၆ မှ မတ်လ ၄ ရက် တပတ်အတွင်းမှာပင် ကူးစက်ခံရတဲ့ နိုင်ငံပေါင်းသည် ၅၀ မှ ၈၅ အထိ တိုးမြင့်လာခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့ စာရင်းဇယားများအရ ကူးစက်ခံရသူ စုစုပေါင်း ၉၅,၁၂၄ မှ ၉၁, ၉၀၃ သည် တရုတ်၊ အီရန်၊ အီတလီ နဲ့ တောင်ကိုရီယားတို့ နှင့် ဆက်နွယ်မှုများကနေ ဖြစ်ပါတယ်။

 

ရည်ညွှန်း၊ ၊ The Los Angeles Times / The Economist