ကော်ရိုနာ ဗိုင်းရပ်စ် နိုင်ငံပေါင်း ၉၅ နိုင်ငံသို့ ပျံ့နှံ့သွားပြီ၊ အီတလီ ရှိ လူဦးရေ လေးပုံတပုံ သွားလာမှု ပိတ်ဆို့

by Hla Soewai - Mar 09 2020

ကမ္ဘာတဝှမ်း ရှိ လူပေါင်း ၃,၈၀၂ ဦး၏ အသက် ဇီဝိန်ကို ချွေယူသွားခဲ့ပြီ ဖြစ်သော ကိုဗစ်-၁၉ ခေါ် ကော်ရိုနာ ဗိုင်းရပ်စ်သည် ယခု အခါ နိုင်ငံပေါင်း ၉၅ နိုင်ငံသို့ ပျံ့နှံ့သွားပြီး လူတသိန်းခန့် ကူးစက်သွားခဲ့ပြီ ဖြစ်သည်။

တနင်္ဂနွေ့နေ့တွင် အီတလီ ဝန်ကြီးချုပ်မှ နိုင်ငံ မြောက်ပိုင်းရှိ မီလန် နှင့် ဗင်းနစ် မြို့ကြီးများ အပါအဝင် အနီးအနားရှိ ပြည်နယ် ၁၁ ခုအား ပိတ်ဆို့ ဧရိယာ အဖြစ် ဧပြီလ ၃ ရက်နေ့အထိ တည်ရှိနေမည်ဟု ကြေငြာချက် ထုတ်ပြန်လိုက်သည်။ အဆိုပါ ပြည်နယ်များ တွင် လူ ၁၇ သန်း ခန့် နေထိုင်လျက် ရှိပြီး တနိုင်ငံလုံး လူဦးရေ၏ လေးပုံတပုံ ရှိနေသည်။ ၎င်းတို့အား သတ်မှတ်ထားသော ပြည်နယ်များ အတွင်း အဝင်အထွက် မလုပ်ကြရန်၊ အစိုးရနှင့် ကုမ္ပဏီ ဝန်ထမ်းများ အား အလုပ်မဆင်းပဲ အိမ်တွင် ခွင့်နှင့်နေရန် ပြောကြားခဲ့သည်။ ရွှေ့ဆိုင်း၍ မရသော ကိစ္စများ အတွက် အပြင်ထွက်ရမည် ဆိုက တဦးနှင့် တဦး သုံးပေ အကွာတွင် နေရန်လည်း အကြံပေးထားသည်။

အီတလီသည် တရုတ်ပြည်ပြီးလျှင် ဒုတိယ မြောက်အများဆုံး သေဆုံးခဲ့သော နိုင်ငံ ဖြစ်နေပြီး စုစုပေါင်း ၇,၃၇၅ ဦး ကူးစက်ခံခဲ့ရကာ ၃၆၆ ဦး သေဆုံးခဲ့ရပြီ ဖြစ်သည်။ တနိုင်ငံလုံးရှိ ကျောင်းများ၊ ရုပ်ရှင်ရုံများ၊ ပြတိုက်များ အားလည်း ပိတ်ထားလိုက်ပြီ ဖြစ်သည်။

ဗိုင်းရပ်စ်သည် ယခုအခါ အာဂျင်တီနား အထိ ပျံ့နှံ့သွားပြီး လူတဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဆန်ဖရန်စစ္စကို ကမ်းလွန်တွင် ရပ်ထားသော အမေရိကန် အပျော်စီး သင်္ဘော Grand Prince မှ ခရီးသည်များသည်လည်း ၎င်းတို့၏ ဆေးစစ်မှု မှတ်တမ်းကို စိုးရိမ်တကြီး စောင့်ဆိုင်းလျက်ရှိပြီး မိမိတို့ အခန်းများတွင်သာ နေထိုင်ကြရန် ၎င်းတို့အား ညွှန်ကြားထားခဲ့သည်။ ဗိုင်းရပ်စ်သည် အမေရိကန် ပြည်နယ် ၃၂ ခုသို့ ပျံ့နှံ့နေပြီး လူ ၁၇ ဦး သေဆုံးသွားခဲ့သည်။ နယူးယောက် မြို့ကြီးတွင် အရေးပေါ် အခြေအနေ ကြေငြာလိုက်သည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ် တိုက်ဖျက်ရေး တာဝန်ခံ ဖြစ်သူ ဒုသမ္မတ မိုက်ပင့်စ် သည် အပျော်စီး သင်္ဘော အား မည်သည့်အချိန်အထိ ကျောက်ချ ရပ်နားထားရမည်ကို ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း မရှိသေးပေ။

သင်္ဘောပေါ်ရှိ ခရီးသည် ၃,၅၃၃ ဦး နှင့် ရေယာဉ် ဝန်ထမ်းများအား ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိမရှိ စမ်းသပ် စစ်ဆေးလျက် ရှိနေပြီး တွေ့ရှိက သီးခြားထား၍ ကုသပေးသွားမည်ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် လူ ၄၅ ဦး အား စစ်ဆေးပြီးစီးခဲ့ရာ ၂၁ ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့သည်။

နောက်ထပ် အပျော်စီး သင်္ဘော တစီး ဖြစ်သော Costa Fortuna အား မလေးရှားနှင့် ထိုင်း အာဏာပိုင်များက ဝင်ရောက်ခွင့် ငြင်းဆန်ခဲ့သည်။ ထိုသင်္ဘောပေါ်တွင် လူပေါင်း ၂,၀၀၀ ခန့် လိုက်ပါလာခဲ့ပြီး အီတလီမှ ခရီးသွား ဒါဇင်ပေါင်းများစွာ ပါဝင်နေသည်။

ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်မှ ၎င်းတို့ သတ်မှတ်ထားသည် လူ တသိန်း စံချိန်ကို ကျော်လွန်သွားပြီ ဖြစ်၍ စိုးရိမ်စရာ ကောင်းသော ကာလ အဖြစ် သတ်မှတ်ခဲ့သည်။

သို့သော် လည်း တရုတ်ပြည်တွင် ရောဂါကူးစက်ခံရမှု နှုန်း အနိမ့်ဆုံးသို့ ရောက်ရှိသွားပြီး တရုတ်အစိုးရ တာဝန် ရှိသူများက အဆိုပါ ရောဂါပိုးသည် မိမိတို့ နိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းသာ ဖြစ်ပြီး မူလပထမ စတင် ဖြစ်ပွားရာ မဟုတ်ဟု SARS ရောဂါပိုးကို စတင် တွေ့ရှိခဲ့သူ တရုတ် ရောဂါဗေဒ ပညာရှင် ဒေါက်တာ ဇောင် နန်ရှန် က ငြင်းဆိုလိုက်သည်။ မကြာမီ အတွင်း ဟူဘေး ပြည်နယ်အား ပိတ်ဆို့ထားမှု ကို ရုပ်သိမ်းဖွယ်ရှိသည်ဟု အစိုးရမှ အရိပ်အမြွက် ပြောကြားခဲ့သည်။

တရုတ်ပြည်အား အလွန်အကျွံ ချီးမွမ်းခန်း ဖွင့်နေသော WHO ညွှန်ကြားရေးမှူးချုပ်အား ကမ္ဘာတဝှမ်း ရှိ ပညာရှင်များ က ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာနေခဲ့သည်။ တရုတ် အရာရှိများက ယခု အချိန်အထိ ကောလဟာလ ဖြန့်ချီသည်ဆိုကာ လူများအား ဖမ်းဆီးနေဆဲ ဖြစ်ပြီး အွန်လိုင်း ပေါ်တွင်လည်း သတင်းများကို အတင်းအကျပ် ဆင်ဆာလုပ် ပိတ်ဆို့နေသည်ဟု ထောက်ပြခဲ့ကြသည်။

ကိုလံဘီယာ၊ ကော်စတာ ရီကာ၊ မော်လတာ၊ မော်လ်ဒိုက်၊ ဘူဂေရီယား၊ ပါရာဂွေးတို့မှလည်း ပထမဆုံးအကြိမ် ကူးစက်ခံရကြောင်း သတင်းထုတ်ပြန်လာခဲ့သည်။

တောင်ကိုရီယား တွင် ကူးစက်ခံရသူ အရည်အတွက်သည် စနေနေ့တွင် ၇,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။ တတိယမြောက် အများဆုံး ကူးစက်ခံရသည့် နိုင်ငံ ဖြစ်လာသည်။

အီရန်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အသစ်ထပ်မံ ကူးစက်ခံရသူ ၁,၀၇၆ ဦး ရှိခဲ့ပြီး နောက်ထပ် ၂၁ ဦး သေဆုံးသွားခဲ့သဖြင့် စုစုပေါင်း ၁၉၄ ဦး အထိ ရှိလာခဲ့သည်။

ကမ္ဘာတဝှမ်း ပြန်လည် ကျန်းမာလာသူ စုစုပေါင်း ၆၀,၆၉၃ ဦး ရှိသွားပြီဟု ဆိုသည်။

 

ရည်ညွှန်း၊ ၊ Wall Street Journal / Asia Times online