အမေရိကန် တွင် ရွေးကောက်ပွဲ ရွှေ့ရန် ပြောဆိုမှုများ ထွက်ပေါ်လာနေပြီ ဖြစ်

by Hla Soewai - Mar 19 2020

ကော်ရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှု တိုးပွားလာနေတာကြောင့် ၊လူထု ကျန်းမာရေး အထူးအစီအစဉ်များ တင်းတင်းကြပ်ကြပ် လုပ်နေတာကြောင့် ၊ကျန်ရှိနေသေးတဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ရွေးပွဲ နဲ့ နိုဝင်ဘာ ပထမပတ်အတွင်း ကျင်းပဖို့ ရှိနေတဲ့ သမ္မတ ရွေးကောက်ပွဲ ကျင်းပနိုင်ချေ အပေါ် စိုးရိမ်မကင်း ဖြစ်လာနေကြတယ်လို့ ဒီနေ့ထုတ် Wall Street Journal သတင်းစာကြီးမှာ ရေးသားထားပါတယ်။

 

သမ္မတလောင်း ရွေးပွဲကတော့ ဒီမိုကရက်တစ်ပါတီသည် ပုဂ္ဂလိက အသင်းအဖွဲ့ ပုံစံ နိုင်ငံရေး ပါတီ ဖြစ်နေလို့ အစိုးရ နဲ့ မပတ်သက်ပဲ ၎င်းတို့ရဲ့ အစီအစဉ်တွေ အတိုင်း ခန့်ခွဲသွားရမှာ ဖြစ်ပေမယ့် သမ္မတ ရွေးကောက်ပွဲကတော့ အစိုးရရဲ့ တာဝန် ဖြစ်နေပါတယ်။

 

ခက်နေတာက ၁၈၄၅ ခုနှစ်မှာ စတင်ပြဠာန်းခဲ့တဲ့ ကွန်ဂရက် ရဲ့ အက်ဥပဒေအရ လေးနှစ်တကြိမ် ရွေးကောက်ပွဲကို နိုဝင်ဘာ ၁ ရက်နေ့ နောက်ပိုင်း ပထမဆုံး အင်္ဂါနေ့မှာ ကျင်းပရန် အတိအကျ သတ်မှတ်ထားခဲ့ပါတယ်။ ဒီနေရာမှာ ထိုရက်ကို ပြောင်းလဲဘို့ သမ္မတမှာလည်း အာဏာမရှိတဲ့ အပြင် ရွေးကောက်ပွဲ ကော်မရှင် ကလည်း ပြောင်းလဲပေးလို့ မရပါဘူး။ ပြောင်းလဲချင်ရင် ကွန်ဂရက်က ဥပဒေ အသစ် ပြဠာန်းပေးဖို့ လိုလာနေပါတယ်။

 

ယခုအခါ လူ ဆယ်ယောက်ထက် ပိုပြီး မစုဝေးသင့်ဟု လူထု ကျန်းမာရေး အရာရှိတွေက ပြောဆိုနေပေမယ့် တရားရုံးတွေကတော့ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ကို အသေအလဲ ကာကွယ်ဖို့ ရှိနေပါတယ်။

 

ဒီမိုကရက် သမ္မတ ရွေးချယ်ပွဲကတော့ အတော်ကို ထိခိုက်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပရိုင်မာယီ မှာ ဂျိုး ဘိုင်ဒင်က ဘာနီ ဆန်ဒါးကို ထပ်ပြီး အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပေမယ့် လာရောက်မဲပေးတဲ့ လူတွေ က မနှစ်ကထက် စာရင် အတော်ကို နည်းနေတယ် ဆိုပါတယ်။ အတော်များများက မဲပေးချင်လို့ စွန့်စားပြီး ထွက်လာကြတာ ဖြစ်တယ်လို့ သတင်းစာက ဆိုပါတယ်။

 

အားလုံးကတော့ တရုတ်မှာလိုပဲ အာရှနိုင်ငံများမှာ လာမည့် ရက်သတ္တပတ်တွေ အတွင်း ပုံမှန် ပြန်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြသော်လည်း အကယ်၍ အမေရိကန်မှာ လျော့နည်းမလာခဲ့ရင်၊ ဒါမှမဟုတ် ဆောင်းဦးပေါက် ကာလ မှာ ပြန်ပေါ်လာခဲ့ရင်၊ ဒီလို ဖြစ်လာခဲ့ရင် ရွေးကောက်ပွဲကို ဘယ်လို ကျင်းပရမလဲဆိုတာ ရွေးကောက်ပွဲ ကော်မရှင် အရာရှိတွေက စိုးရိမ်မကင်း ဖြစ်လာနေကြပါတယ်။ အကယ်၍ မဲပေးသူ အတော်ကို နည်းလာနေရင် တရားဝင်  ဖြစ်လာပါ့မလားလို့လည်း သုံးသပ်နေကြပါတယ်။

 

ရွေးကောက်ပွဲမှာ လူကိုယ်တိုင် လာရောက်မဲပေးရမယ်ဆိုရင် မဲဆန္ဒရှင် အချို့ဟာ ရောဂါပိုး ကူးစက်ခံရနိုင်ဆုံး ဖြစ်တဲ့သက်ကြီး ရွယ်အိုတွေ များနေပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ လုပ်သားများနဲ့ လုပ်အားပေးများကလည်း အသက်အရွယ် ကြီးရင့်သူတွေ ဖြစ်နေပြန်ပါတယ်။ ၂၀၁၈ မှာဆိုရင် ရွေးကောက်ပွဲ လုပ်သား၏ ၅၈% ဖြစ်တယ်လို့ ကော်မရှင်က ဆိုပါတယ်။

 

အချို့က စာတိုက်မှတဆင့် မဲပေးနိုင်ရေး စီစဉ်ဖို့ အဆိုပြုလာပါတယ်။ ဒီအတွက် စာပို့ တံဆိပ်ခေါင်း ကပ်ပြီးသား စာအိတ်တွေနဲ့ အခြားလိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ပြည်နယ်တွေကို ဒေါ်လာ သန်း ၅၀၀ ခန့် ချပေးဖို့ အထက်လွှတ်တော် အမတ် ရွန် ရိုင်ဒင် နဲ့ အေမီ ကလိုဘူချာ တို့က အဆိုပြုလာပါတယ်။

 

လစ်ဘရယ်သမားတွေက နောက်ဆိုရင် မဲလာထည့်သူတွေ နည်းပါးလာမှာကို စိုးရိမ်နေကြပြီး ကွန်ဆာဗေးတစ် အချို့ကတော့ မဲလိမ်လည်မှုတွေ ဖြစ်လာမှာကို မလိုလားတဲ့အတွက် တရက်တည်း နဲ့ ပြီးဖို့ကိုပဲ လိုလားကြတယ်လို့ ဆိုပါတယ်။

 

ဗဟို ရွေးကောက်ပွဲ ကော်မရှင် အရာရှိဟောင်း ဖြစ်သူ ဘရက်ဒလေ စမစ်ကတော့ လက်ရှိ အနေအထားမှာ ကွန်ဂရက် အနေနဲ့ စာတိုက်ကနေ မဲပေးစနစ်မျိုး၊ ဥပဒေ မျိုးကို ချမှတ်နိုင်ရင် သင့်တော်မယ်လို့ ပြောခဲ့ပါတယ်။