စပိန် အခြေအနေ

by Hla Soewai - Mar 28 2020

ပုံတွင် ပြထားသည်က ပြီးခဲ့သည့် လအတွင်း စပိန်ရှိမက်ဒရစ်တွင် ခေတ်ပြိုင် ပန်းချီ ပြပွဲကြီး ကျင်းပခဲ့ရာနေရာ ဖြစ်ပြီး ယခုအခါ တော့ လူနာ ကုတင်များနဲ့ ပြည့်နှက်သွားပြီ ဖြစ်ပါတယ်။ မတ်လ ၂၂ ရက်နေ့တွင် စစ်တပ်မှ  စစ်မြေပြင်သုံး ဆေးရုံတခုအဖြစ် ၁၈နာရီနှင့် အပြီး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း သုံးရက်အကြာမှာတော့ ကော်ရိုနာဗိုင်းရပ်စ် လူနာ ၃၀၀ ကျော် ရောက်ရှိလာပြီး နောက်ထပ် ၅,၅၀၀ အထိ လက်ခံနိုင်အောင် ထပ်မံတိုးချဲ့ ခဲ့ပါတယ်။ စပိန်ဆိုရှယ်လစ် ဝန်ကြီးချုပ် ပီဒရို ဆန်ချေး ရဲ့ အဆိုအရ ထိုနေရာသည် ရှေ့တန်း စစ်မျက်နှာ ဖြစ်လာပြီး စပိန်သည် ပြည်တွင်းစစ်ပွဲကြီး နောက်ပိုင်း အစိုးရိမ်ရဆုံး အခြေအနေကို ရောက်လာခဲ့ပါတယ်။

 

အီတလီ ပြီးနောက် စပိန်သည် ကိုဗစ်-၁၉ ကို အပြင်းထန်ဆုံး ကူးစက်ခံခဲ့ရတဲ့ နိုင်ငံဖြစ်ပြီး မတ်လ ၂၆ ရက်နေ့ စာရင်းအရ ကူးစက်ခံရသူ ၄၉,၅၁၅ ရှိပြီး သေဆုံးသူ ၃,၆၄၇ ရှိနေပါတယ်။ အဆိုပါ အရည်အတွက် နှစ်မျိုးစလုံး ဆက်လက် မြင့်မားနေဆဲ ဖြစ်ပါတယ်။ သေဆုံးမှုနှုန်းမှာ တရုတ်ပြည်ထက် သာလွန်သွားခဲ့ပြီ ဖြစ်ပြီး စပိန် အာဏာပိုင်များကတော့ အခု သီတင်းပတ်ကို သေရေးရှင်ရေး အဖြစ် ယူဆထားကြပါတယ်။

 

ရောဂါ အဓိက ကူးစက်ပျံ့နှံ့ရာ ဖြစ်ခဲ့တဲ့ မက်ဒရစ်ရှိ ကျန်းမာရေး စနစ်သည် ပြိုလဲကာနီး အနေအထားကို ချဉ်းကပ်လာနေပြီ ဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့မှာ ကြေငြာခဲ့တဲ့ အရေးပေါ် အခြေအနေနဲ့ ပိတ်ဆို့မှုများကြောင့် လကုန်လောက်တွင် ကူးစက်မှု နှုန်း ကျဆင်းလာလိမ့်မယ်လို့ ဆုတောင်းနေကြပါတယ်။

 

မည်သို့ပင် ဆိုစေ စပိန်၏ စီးပွားရေးသည် ဇောက်ထိုးမိုးမျှော် ကျဆင်းလာနေပြီ ဖြစ်သည့်အပြင် လွန်စွာ ဂုဏ်ယူခဲ့တဲ့ ကျန်းမာရေး စနစ်သည်လည်း ဝေဖန်ခံနေရပြီး နိုင်ငံရေး အနေအထားလည်း ပြောင်းလဲသွားခဲ့ပါတယ်။

 

ယခုအပတ်ထဲတွင် စပိန် ပါလီမန်မှ အရေးပေါ် အခြေအနေကို အီစတာ အထိ တိုးချဲ့သတ်မှတ်မှုကို အတည်ပြုပေးလိုက်ပါတယ်။ အချို့ ဒေသကြီး အစိုးရများမှ ပိတ်ဆို့မှုကို ယခုထက် ပိုပြီးတင်းကျပ်ရန် တောင်းဆိုမှုကို ဝန်ကြီးချုပ် ဆန်ချေး က ပယ်ချခဲ့ပါတယ်။ စပိန်နိုင်ငံသား အားလုံး အိမ်ထဲမှာ နေ နေကြရပြီး ပြင်ပ လှုပ်ရှားမှုများကို ခွင့်မပြုခဲ့ပါဘူး။ ဆိုင်အတော်များများနဲ့ ဘားများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ သို့သော်လည်း စက်ရုံများ၊ လယ်ယာ လုပ်ငန်းများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်ခွင့် ပြုခဲ့ပါတယ်။ စပိန်ရဲ့ ပိတ်ဆို့မှုသည် ဥရောပတွင် အပြင်းထန်ဆုံး ဖြစ်နေပါတယ်။ ဒီထက်ပိုပြီး တင်းကျပ်မည်ဆိုက လူအများ၏ အသက်မွေးဝမ်းကျောင်းမှုကို အကြီးအကျယ် ထိခိုက်လာဖို့ ရှိနေပါတယ်။

 

လက်ရှိ ဦးစားပေးကတော့ လောလောဆယ် အကျပ်အတည်းကြီးမှ ကျော်လွှားနိုင်ရေးပဲ ဖြစ်ပါတယ်။ အစိုးရအဖို့ အကျပ်အတည်းများနဲ့ ရင်ဆိုင်နေရတဲ့ ကဏ္ဍ တွေ ရှိနေပါတယ်။ မြို့တော်ရှိ ဆေးရုံများနဲ့  ၎င်းတွင်ရှိ အထူးကြပ်မတ်ကုသရေး အဆောင်များမှာ ကုတင်များ  ပြည့်လုနီးပါး ဖြစ်နေပါပြီ။ အရေးပေါ် ဆေးရုံများ ဖန်တီးပေးခဲ့တဲ့အပြင် တဒါဇင်ခန့် ရှိတဲ့ ဟိုတယ်များကို အစိုးရမှ သိမ်းယူလိုက်ကြပြီး ရောဂါ မပြင်းထန်တဲ့ လူနာတွေ ထားခဲ့ပါတယ်။ ပုဂ္ဂလိက ဆေးရုံများကိုလည်း အစိုးရဖက်မှ လွှဲပြောင်းပေးတဲ့ လူနာတွေကို လက်ခံဖို့ အမိန့်ထုတ်ပြန်ခဲ့ပြန်ပါတယ်။ စစ်တပ်က အခြား အခြေအနေကောင်းနေဆဲ လူနာများကို ဆိတ်ငြိမ်ရာ ဒေသများသို့ သယ်ယူ ပြောင်းရွှေ့ပေးနေပါတယ်။

 

စပိန်မှာ အလွန်အကျွံ ကူးစက်လာမှုမှာ တမူ ထူးခြားတဲ့ လက္ခဏာ တွေ အများအပြား ရှိနေတာ တွေ့ရပါတယ်။ သေဆုံးမှုနှုန်း မြင့်မားလာခဲ့ရတာကလည်း သက်ကြီးစောင့်ရှောက်ရေး ဂေဟာများကို ဗိုင်းရပ်က ထိုးဖေါက်ဝင်ရောက်သွားနိုင်ခဲ့တာလည်း တကြောင်းအပါအဝင် ဖြစ်နေပါတယ်။ ထိုဂေဟာ အတော်များများမှာ ကျန်းမာရေး ဝန်ထမ်းတွေ လုံလုံလောက်လောက် မရှိပါဘူး။ ဒါ့အပြင် စပိန်လူမျိုးတွေက မြောက်ပိုင်း ဥရောပသားများနဲ့ ယှဉ်ရင် သက်ကြီး ရွယ်အိုတွေ၊ ပြုစုရမယ့် ဆွေမျိုးသားချင်းတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံမှု ရှိသူတွေ ဖြစ်ပါတယ်။ နောက်တကြောင်းမှာ အစိုးရမှ ကျန်းမာရေး လုပ်ငန်းများကို ဗဟိုချုပ်ကိုင်မှု လျော့ပေးထားသဖြင့် ဒေသကြီး အစိုးရများရဲ့ တုန့်ပြန်မှု နှေးကွေးခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ မည်မျှအထိ နှေးကွေးခဲ့သနည်းဆိုရမူ ဗိုင်းရပ်စ်က နိုင်ငံတွင်း အခိုင်အမာ ခြေကုပ်ယူလာခဲ့ပြီး အတော်ကြာတဲ့အထိ စမ်းသပ်မှု တွေ မရှိသလောက် အနေအထားကို တွေ့ခဲ့ရပါတယ်။ ယခုအခါမှသာ စမ်းသပ်ကရိယာ ၆၅,၀၀၀ ရောက်ရှိလာပြီး နောက်ထပ် တသန်းလောက် ထပ်ရောက်လာဖို့ ရှိနေပါတယ်။ ပိတ်ဆို့ထားယုံနဲ့ မလုံလောက်ပဲ စမ်းသပ်မှုတွေနဲ့ပါ ကျားကန်ပေးထားရမယ်လို့ ယခင် WHO အရာရှိဟောင်း ဒင်နီယယ် လိုပက်ဇ် အကူနာ က ဆိုပါတယ်။

 

ထိုကဲ့သို့ အဆင်သင့်ပြင်ဆင်ထားမှုတွေ လျော့နည်းခဲ့တာကြောင့် ကျန်းမာရေးလုပ်သား တွေ ကူးစက်ခံခဲ့ရပြီး စုစုပေါင်း ကူးစက်ခံရမှုရဲ့ ၁၄%  ဖြစ်ပါတယ်။ သူတို့မှာ လိုအပ်တဲ့ အကာအကွယ်တွေ မရှိခဲ့ကြပါဘူး။  စပိန် နိုင်ငံသားတွေလည်း ဝရန်တာ ထွက် ကာ လက်ခုပ်လက်ဝါးတီးပြီး သူတို့ရဲ့ ထောက်ခံမှုတွေ မဆုပ်မနစ် ပြသနေကြပါတယ်။ စပိန်နိုင်ငံသားများသည် ပိတ်ဆို့ထားမှုကို အခြား ဥရောပနိုင်ငံသားများထက် ပိုပြီး စည်းကမ်းတကျ လိုက်နာခဲ့ကြတာ တွေ့ရလို့ ဒါဟာ Nationalism မဟုတ် patriotism အစစ် ဖြစ်တယ်လို့ ချီးကျူး ခံနေရပြီ ဖြစ်ပါတယ်။

 

အစိုးရကလည်း အနားယူသွားကြပြီ ဖြစ်တဲ့ ကျန်းမာရေး ဝန်ထမ်း ၅,၀၀၀ လောက်ကို ပြန်လည် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ယခုအခါ ဗိုင်းရပ်စ်သည် အီတလီထက် ပင် လျှင်မြန်တဲ့ နှုန်းနဲ့ နိုင်ငံတဝှမ်း ပျံ့နှံ့လာနေပါတယ်။ ခွဲထွက်ဖို့ ကြိုးစားခဲ့တဲ့ ကန်တာလိုနီယာဒေသ မှာ ကူးစက်ခံရမှု စုစုပေါင်း ရဲ့ ၂၀% ရှိနေပြီး မက်ဒရစ် နောက်မှာ ဒုတိယ လိုက်နေပါတယ်။

 

ဝန်ကြီးချုပ် ဆန်ချေးက ရုပ်မြင်သံကြားကနေ လေကြောရှည်ပြီး မိန့်ခွန်းတွေ ထပ်တလဲလဲ ပြောနေတာကို အတိုက်အခံတွေက ရယ်သွမ်းသွေးနေကြပေမယ့် သူ သည် အဆိုပါ အကြပ်အတည်းကြီး ပြီးနောက်ပိုင်းမှာ နိုင်ငံရေး အရ ခိုင်မာစွာ ရပ်တည်လာလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

 

ကိုးကား၊  ၊ “Spain has suffered more covid-19 deaths than any country save Italy” from the Economist (March 26, 2020)