ဆွီဒင်၏ တမူထူးခြားသော ကော်ရိုနာ တိုက်ပွဲ

by Hla Soewai - Mar 30 2020

ဥရောပ ကုန်းမြေကြီး တခွင် ဝရုန်းသုန်းကား ဖြစ်နေချိန်၊ အိမ်နီးချင်း နော်ဝေးနှင့် ဒိန်းမတ်တို့လည်း နယ်ခြား ကို အပြင်းအထန် ကန့်သတ် ပိတ်ဆို့မှုများ အပြင် ကျောင်းများ၊ စားသောက်ဆိုင်များ၊ နှင်းလျောစီးခြင်း ၊စသောပိတ်ပြစ်မှုများ ပြုလုပ်နေချိန်တွင် ဆွီဒင်သည် ပြတ်သားစွာ ဖြင့် တမူ ထူးခြားသော လမ်း ကို ရွေးချယ်လိုက်ပါတယ်။

 

ဆွီဒင်သည် အထက်တန်းကျောင်းများ နှင့် တက္ကသိုလ်များကိုသာ ပိတ်ပြစ်ခဲ့ပြီး မူကြို၊ မူလတန်း အလယ်တန်း များ ဆက်ဖွင့်ထားခဲ့ပြီး ဘားများ၊ စားသောက်ဆိုင်များနဲ့ နယ်ခြားကို ဖွင့်လှစ်ထားပါတယ်၊ နှင်းလျောစီးခြင်းကိုလည်း ဘာမှ ကန့်သတ်ထားမှု မလုပ်ခဲ့ပါဘူး။

 

ဆွီဒင်၏ လုပ်ရပ်သည် လူတကာ ထိတ်လန့်နေသော ဗိုင်းရပ်စ် နှင့် အလောင်းအစား လုပ်နေသည်လား သို့တည်းမဟုတ် ယခုအခါ ငြိမ်းချမ်းသော ကာလများတွင် သေနတ်သံ တချက် မကြားရပဲ တကမ္ဘာလုံး အိမ်ထဲမှ အိမ်ပြင် မထွက်ရရုံမက သန်းပေါင်းများစွာ သော အလုပ်အကိုင်များ ဆုံးရှုံးနေရချိန်၊ ရောဂါအတွက် ကုထုံးလည်း မရှိ ကာကွယ်ဆေးလည်း မရှိ ဖြစ်နေချိန်တွင် ဆွီဒင်သည် ဗျူဟာပိုင်းတွင် သူတကာထက် ခေါင်းတလုံး ပိုမြင့်နေပြီဟု မေးခွန်းများ ထွက်ပေါ်လာခဲ့ပါတယ်။

 

ပြီးခဲ့သည့် စနေနေ့အထိ လူဦးရေ ၅.၃ သန်းသာရှိသော နော်ဝေးတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃,၇၇၀ ရှိနေပြီး သေဆုံးသူ ၁၉ ယောက် ရှိနေပါတယ်။ လူဦးရေ ၅.၆ သန်းသာရှိသော ဒိန်းမတ်တွင် ကူးစက်ခံရသူ ၂,၂၀၀ နှင့် သေဆုံးသူ ၅၂ ဦး ရှိခဲ့ပါတယ်။ ဆွီဒင်သည်ကား လူဦးရေ ၁၀.၁၂ သန်း ရှိနေပြီး ကူးစက်ခံရသူ ၃,၀၆၀ နှင့် လူ ၁၀၅ ဦး သေဆုံးပြီး ဖြစ်ပါတယ်။

 

ထိုသို့ သော အနေအထားကြောင့် ဒိန်းမတ်ရှိ သတင်းစာ တစောင်မှ “ဆွီဒင်သည် ကော်ရိုနာ အကျပ်အတည်းကြီး အား အရေးတယူ လုပ်ရန် မလိုဟု ယူဆနေသလော” ဟု မေးခွန်းထုတ်လာခဲ့ပါတယ်။

 

သို့သော် ဆွီဒင်သည် ထိုသို့ အလေးဂရုမပြုပဲ ပေါ့တီးပေါ့ဆ လုပ်နေသည့် အထောက်အထားများ မတွေ့ခဲ့ပေ။ နိုင်ငံခေါင်းဆောင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက လက်ဆေးရန်၊ လူအချင်းချင်း ခပ်ခွာခွာ နေရန် ၊ အသက် ၇၀ ကျော်များ နဲ့ ထိတွေ့ဆက်ဆံခြင်းများကို ကန့်သတ်မှုတွေတော့ ပြုလုပ်ခဲ့ပါတယ်။

 

မြို့တော် စတော့ဟုမ်း ရှိ ကော်ဖီဆိုင်များမှာ လူ နှစ်ယောက်မက ထိုင်ပြီး ကပူချီနို တွေ နဲ့ ဇိမ်ကျနေတုန်း ဖြစ်ပါတယ်။ ကစားကွင်းတွေမှာလည်း အော်ဟစ် ခုန်ပေါက် ပြေးလွှားနေတဲ့ ကလေးများနဲ့ ပြည့်နှက်နေဆဲပါ ။ စားသောက်ဆိုင်များ၊ အားကစားလေ့ကျင်ရာ နေရာများ၊ ရှော့ပင်းမောများ နဲ့ နှင်းလျောစီး နေရာများမှာ အရင်ကထက် လူကျဲ သွားပေမယ့် သွားလာနေကြဆဲပဲ ဖြစ်ပါတယ်။

 

ဆွီဒင်၏ မဟာဗျူဟာသည် သိပ္ပံ ဆိုင်ရာ အချက်အလက်များ ပေါ်သာ မူတည် လှုပ်ရှားနေပြီး အဓိက မှာ ရောဂါ ပျံ့နှံ့မှု နှေးကွေးသွားအောင် လုံလောက်တဲ့ အတိုင်းအတာ အထိ ကြိုးစားနေခြင်းဖြင့် ရောက်လာတဲ့ လူနာများပေါ် ကုသပေးသွားနိုင်ဖို့သာ ဖြစ်တယ်လို့ ကူးစက်ရောဂါ ဗေဒ ပညာရှင် အင်ဒါ တက်နဲလ် က ပြောပြခဲ့ပါတယ်။

 

ဆွီဒင်၏ ချဉ်းကပ်မှုသည် ပြည်သူများ မိမိကိုယ် မိမိ ထိန်းချုပ်ပြီး တာဝန်သိစွာ နေထိုင်သွားလာ ရေးကိုသာ မေတ္တာရပ်ခံခြင်းမျိုး ဖြစ်ပါတယ်။ “ကျွန်တော်တို့ ဒီနည်းလမ်းမျိုးနဲ့ ပဲ ဆွီဒင်မှာ အကောင်အထည် ဖေါ်နေပါတယ်၊ ကူးစက်ရောဂါ ထိန်းချုပ်ရေး အတွက် ကျွန်တော်တို့ ရဲ့ စနစ်တခုလုံးသည် မိမိတို့ အသိလိမ္မာနဲ့ နေထိုင်ခြင်းမျိုး ပေါ် မူတည် ပါတယ်၊ လူဦးရေရဲ့ ၉၈% ကိုလည်း ကူးစက်ရောဂါကာကွယ်ဆေးထိုး နိုင်ခဲ့ပြီး ပါပြီ” ဟု မစ္စတာ တက်နဲလ် က ဆိုပါတယ်။

 

“သူတို့ရဲ့ နေထိုင်လှုပ်ရှားမှု မှာ ဘယ်နည်းက အကောင်းဆုံး ဖြစ်မလဲ ဆိုတဲ့ ရွေးချယ်ခွင့်ကို ပေးလိုက်ပါ၊ ကျွန်တော်တို့ အတွေ့အကြုံအရ တော့ အလုပ်ဖြစ်ပါတယ်”

 

ဆွီဒင်၏ နည်းလမ်းကတော့ ပြင်းထန်စွာ တားမြစ်မှုတွေ လုပ်နေတဲ့ နိုင်ငံတွေ ရဲ့ အရှိုက်ကို ထိုးနှက်လိုက်တာပဲ ဖြစ်ပါတယ်။ အိန္ဒိယ သည် လူဦီးရေ ၁.၃ ဘီလီယံ ကို အဝင်အထွက် ပိတ်ဆို့ဖို့ ကြိုးစားနေပါတယ်။ ဂျာမဏီမှာ မိသားစုကလွဲပြီး လူနှစ်ဦးထက် ပို မစုဝေးရလို့ ပိတ်ပင်ခဲ့ပြီး ပြင်သစ်မှာတော့ အိမ်က တခါ ထွက်တိုင်း မည်သည့်ကိစ္စနဲ့ သွားမည်ဆိုသည်ကို စာရွက်စာတမ်းတွေ ဖြည့်နေရပါတယ်။ ဗြိတိန် မှာ ရဲများကို အသုံးပြုပြီး လူများကို အိမ်တွင်းနေကြဖို့ သတိပေးခိုင်းထား ပါတယ်။

 

ဆွီဒင်သည် စကင်ဒီနေဗီယန်း တွင် သာ မက ကမ္ဘာတဝှမ်း နဲ့ ယှဉ်ရင် ထူးထူးခြားခြား လုပ်ကိုင်နေပေမယ့် ထွက်ပေါ်လာတဲ့ ရလဒ်သည် မည်သို့မည်ပုံ ဖြစ်မည်နည်း ဆိုသည်ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

ဆွီဒင်ရဲ့ အခုလို ပြုမူနေမှု တွေ အပေါ် ဝေဖန်သုံးသပ်ရာမှာ ၎င်းတို့ နိုင်ငံသားများ အပေါ် လွန်စွာ ယုံကြည်မှု ရှိနေခြင်း နဲ့ ဖွဲ့စည်းပုံမှာ လူထု ကျန်းမာရေး ဌာနများလို ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ လုပ်ကိုင်နေတဲ့ ဌာနများတွင် အစိုးရမှ ဝင်ရောက် စွက်ဖက်တာမျိုး ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။

 

အစိုးရ အနေနဲ့ ကျန်းမာရေး အာဏာပိုင်များ ရဲ့ ထောက်ခံတင်ပြမှု အတိုင်းသာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူတို့ကနေ နယ်ခြားကို ပိတ်သင့်ပြီ လို့ ပြောလာရင် ပိတ်မယ့် သဘောရှိပါတယ်။

 

နော်ဝေး ဖက် မိုင် ၁,၀၀၀ ခန့် ရှည်လျားတဲ့ ဆွီဒင် နယ်ခြားကို လုံးလုံးလျားလျား ပိတ်ထားခြင်းမျိုး မရှိပေမယ့် နေ့စဉ် အလုပ်သွား အလုပ်ပြန် နဲ့ ရိမ်းဒီယား မွေးမြူသွားလာနေသူတွေကလွဲလို့ ပြည်ပ မှ ပြန်ရောက်လာတဲ့ လူတိုင်း ၁၄ ရက် အသွားအလာ ကန့်သတ်ထားပါတယ်။ လူ အယောက် ငါးရာထက် ပိုပြီး မစုဝေးရလို့ ပိတ်ပင်ထားခဲ့ပါတယ်။ ဒါတောင် ပွဲလုပ်ချင်တဲ့ လူတွေက လက်မှတ် ၄၉၉ စောင် ပဲ ရောင်းပြီး လုပ်မယ်လို့ ကြံခဲ့ကြပါသေးတယ်။ ယခုအခါ လူ ငါးဆယ် ထက် မပိုရလို့ ကန့်သတ်လာပါတယ်။

 

မစ္စတာ တက်နဲလ် က “ပိတ်ပင်ထားမှု ကို ဖေါက်ဖျက်နိုင်မယ့် နည်းလမ်းတွေ ရှာကြမှာပဲ၊ နောက်ပြီး ဒီရောဂါပိုး က တခဏနဲ့ ရပ်သွားမှာလည်း မဟုတ်တော့ ပိတ်ဆို့ တာမျိုးကို အဓိပ္ပါယ် ရှိတယ်လို့ မယူဆတဲ့အတွက် ကျွန်တော်တို့ဖက်က လျော့ပါးသွားအောင်သာ ထိန်းချုပ်ဟန့်တားတဲ့ နည်းလမ်းမျိုးပဲ ကျင့်သုံးနေပါတယ်” ဟု ပြောခဲ့ပြန်ပါတယ်။

 

ဆွီဒင် သတင်းစာရဲ့ သဘောထား စစ်တမ်း ကောက်ယူမှု တွင် ၅၂% က ထောက်ခံခဲ့ပြီး ၁၄% ကတော့ လူထု ကျန်းမာရေးထက် စီးပွားရေးကို ဦးစားပေးနေတယ် ဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။

 

ကိုးကား၊  ၊ “In the Coronavirus Fight in Scandinavia, Sweden Stands Apart” from the New York Times (March 28, 2020)