အမေရိကန် စပိုင် အေဂျင်စီများ ကော်ရိုနာ ဗိုင်းရပ်စ် နှင့် ပတ်သက်၍ အဖြေရှာမရ ဖြစ်နေ

by Hla Soewai - Apr 01 2020

ကမ္ဘာတလွှားတွင် ကော်ရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားလာမှုကြီး နှင့် ပတ်သက်၍ ပဟေဠိ ကို အဖြေညှိရန် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများ အဖို့ ကွင်းဆက်တွေ ပြတ်ကုန်တဲ့ အဖြစ်မျိုးနှင့် ရင်ဆိုင်နေရသည်ဟု ထောက်လှမ်းရေး ရပ်ကွက်များနှင့် နီးစပ်သော အစိုးရဌာနကြီး ငါးခုမှ ပြောဆိုခဲ့သည်။ အထူးသဖြင့် တရုတ်၊ ရုရှား၊ မြောက်ကိုရီယားတို့ နှင့် ပတ်သက်၍ ဖြစ်သည်ဟု ဆိုသည်။

 

ထို့အပြင် အီရန်တွင် မည်မျှ အတိုင်းအတာ အထိ ဖြစ်ပွားခဲ့ခြင်း ဆိုသည်အပေါ်လည်း အပြည့်အဝ မသိနိုင်သေးပေ။  သို့သော် အီရန်၏ အုပ်ချုပ်သူ လူတန်းစားများ နှင့် လူထုအကြား ရောဂါ ကူးစက် ခံရမှု သတင်းများကို အစိုးရ သတင်းဌာနများနှင့် ဆိုရှယ်မီဒီယာ များတွင် အလွယ်တကူ ရှာဖွေ၍ ရနိုင်သည်ဟု အစိုးရ ဌာနကြီး နှစ်ခုမှ ထောက်ပြခဲ့သည်။

 

အဆိုပါ လေးနိုင်ငံ အား အမေရိကန် ထောက်လှမ်းရေး အဖွဲ့များအတွင်း ‘hard targets’ များ အဖြစ် သတ်မှတ်ထားခဲ့ကြပြီး ဖြစ်သည်။ သတင်း များကို အစိုးရများက အပြင်းအထန် ထိန်းချုပ်ထားမှု နှင့် ပုံမှန် အခြေအနေများ၌ပင် အစိုးရ ခေါင်းဆောင်ပိုင်း၏ အတွင်းစည်းမှ သတင်းများကို ရရန် ခက်ခဲနေတတ်သောကြောင့် ယခုကဲ့သို့ အမျိုးအစား သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။

 

ယင်း နိုင်ငံများတွင် ရောဂါပိုး မည်သို့မည်ပုံ ပျံ့နှံ့ထွက်လာသည်ကို အတိအကျ ဆန်းစစ်နိုင်မည် ဆိုလျှင် အမေရိကန် နှင့် ကမ္ဘာနိုင်ငံများမှ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာမည့် လူ့အသက်များ နှင့် စီးပွား‌‌ရေးအရ ဆုံးရှုံးမှုများကို ကန့်သတ်နိုင်ရန် ကြိုးပမ်းနေမှုများကို အထောက်အကူ ပေးနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။

 

စပိုင် အေဂျင်စီများသည် အရည်အတွက် မည်ရွေ့မည်မျှ ရှိသည်ကို ရှာဖွေနေသည်သာမက အဆိုပါ အကြပ်အတည်း အပေါ် ကိုင်တွယ်ပုံ နှင့် ပတ်သက်ပြီး နိုင်ငံ‌ရေး အရ ဂယက် ထခဲ့မှု အတိုင်းအတာ ကိုပါ စူးစမ်းလျှက် ရှိနေကြသည်။

 

“ကျွန်တော်တို့ အနေနဲ့ ကမ္ဘာတဝှမ်း ဘယ်နေရာတွေမှာ hotspots ဖြစ်ခဲ့သလဲ ၊ ဘယ်လို ပုံစံနဲ့ တိုးပွားလာနေခဲ့လည်း ဆိုတာ တိတိကျကျ အချိန်နဲ့ တပြေးညီ သိချင်နေတယ်၊ ဒီရောဂါပိုး ကို နေရာတိုင်း ကနေ မဖယ်ရှား နိုင်သရွေ့ ဆက်ရှိနေဦးမှာဘဲ” ဟု ၂၀၁၃ မှ ၂၀၁၇ အတွင်း အမေရိကန် ပြည်ပ အကျပ်အတည်း များ ကူညီပေးရေး ရုံး အကြီးအကဲ အဖြစ် ဆောင်ရွက်ခဲ့သူ ဂျရယ်မီ ကိုနင်ဒိုက် က ဆိုသည်။

 

တရုတ်ပြည်တွင် ဒီဇင်ဘာလ ကုန်ပိုင်း၌ ဝူဟန်တွင် ကော်ရိုနာ ဗိုင်းရပ်စ် စတင် ဖြစ်ပွားနေပြီ နှင့် ရောဂါပိုး အကြီးအကျယ်ပျံ့နှံ့လာနိုင်သည်ဟူသော သတင်း အစီရင်ခံစာကို ဇန်နဝါရီလအတွင်းက ထောက်လှမ်းရေး အေဂျင်စီများမှ အမေရိကန် ဥပဒေပြု အမတ်များအား အကြောင်းကြားခဲ့ပြီးလည်း ဖြစ်သည်။

 

အမေရိကန် ပြည်ထောင်စုတွင် ယခုအခါ ကူးစက်ခံထားရသူ ၁၅၂,၀၀၀ ရှိနေပြီ ဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ တွင် စုစုပေါင်း ၇၄၀,၀၀၀ အထိ ဖြစ်လာခဲ့သည်။

 

အမေရိကန်ရှိ ထောက်လှမ်းရေး အေဂျင်စီ စုစုပေါင်း ၁၇ ခုကို ကိုင်တွယ်နေသည့် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေး ရုံးမှ တစုံတရာ ဝေဖန်ချက် ပေးရန် ငြင်းဆန်ခဲ့သည်။

 

မြောက်ကိုရီယားသည် ယခု အချိန်အထိ ကူးစက်ခံထားရသူ တဦးတလေမျှ မရှိဟု သတင်းထုတ်ပြန်ထားသော်လည်း မျက်နှာစည်း များ နှင့် စမ်းသပ် ကရိယာများ ကို ထောက်ပံ့ရန် တောင်းဆိုထားသည်။

 

ဧကစာရီ ကျင့်နေသော မြောက်ကိုရီယား နိုင်ငံနှင့် ပတ်သက်၍ မိမိတို့ ဘာမှ မသိရသေးကြောင်း အမေရိကန် သတင်းရပ်ကွက်တခုမှ ပြောကြားခဲ့သည်။

 

နျူကလီးယား လက်နက်နိုင်ငံလည်း ဖြစ်နေ၍  အစိုးရကို မတည်မငြိမ် ဖြစ်စေမည့် အရာမှန်သမျှကို အမေရိကန် ပြည်ထောင်စု စိတ်ဝင်စားနေသည်ဟု ကိုနင်ဒိုက် က ပြောခဲ့သည်။

 

ရုရှားတွင် ခြောက်ရက်ဆက်တိုက် ကူးစက်သူ များပြားလာပြီး တရက်တည်းနှင့် အရည်အတွက် ခုန်တက် သွားခဲ့သဖြင့် နိုင်ငံအနှံ့ ပိတ်ဆို့မှုများ ပြုလုပ်ရန် အာဏာပိုင်များက စဉ်းစားလာနေပြီ ဖြစ်သည်။ ရုရှားတွင် ယခုအခါ ကူးစက်ခံရသူ ၁,၈၃၆ ဦး နှင့် သေဆုံးသူ ၉ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။

 

ရုရှားသည် နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့် နယ်နမိတ် ထိစပ်နေရုံမက ကုန်သွယ်ရေး နှင့် ခရီးသွားလာမှု တွင် အချက်အခြာ ဖြစ်နေ၍  နိုင်ငံအတွင်း ကော်ရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့လာပုံ ကို အပြည့်အဝ သိရန် အရေးကြီးနေသည်ဟု လည်း ဆိုသည်။

 

ပြီးခဲ့သည့် အပတ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယိုသည်  ရုရှား နှင့် အီရန်တို့ မှ တိကျသော သတင်းများ မရရှိသေးကြောင်း နှင့် တရုတ်သည်လည်း သေဆုံးမှု ကူးစက်ခံရမှု များ အပေါ် သတင်းမှားများ ထုတ်လွှင့်နေသည်ဟု ပြောဆို စွပ်စွဲလိုက်သည်။ သို့သော် တရုတ်မှ အမေရိကန်၏ စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

 

တရုတ်သည် ကူးစက်ခံရသူ ၈၁,၀၀၀ နှင့် သေဆုံးသူ ၃,၃၀၀ ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အသစ် ကူးစက်မှုများသည် ယခုအခါ ပြည်တွင်းမှ မဟုတ်တော့ဟု ဆိုသည်။ ပြည်ပမှ ပြန်လာသူများကို အထူး သတိထားနေသည့် အနေအထားတွင် ရှိသည်။ တရုတ်ပြည်တွင် မျက်လုံးပြာပြာများ နှင့် လူများကို တွေ့လျှင် ဆိုင်များ အတွင်းသို့ အဝင်မခံသည့်အပြင် ဝေးဝေးမှ ရှောင်ကျဉ် နေကြသည်ဟု သိရသည်။

 

နိုင်ငံသား အချင်းချင်း ကူးစက်မှု မရှိတော့ဟူသော တရုတ်၏ ပြောကြားချက်ကို အချို့တဝက်လောက် မှန်ကောင်း မှန်နိုင်သည်ဟုသာ အမေရိကန်မှ ရှုမြင်လျှက်ရှိသည်။ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်လိုက်ပြီ ဆိုသည်ကိုမူ သံသယ ဖြစ်လျှက် ရှိနေဆဲပင် ဖြစ်သည်။

 

ဘီဂျင်းသည် ‌ရောဂါ ဖြစ်ပွားစ က အတိုင်းအတာ ပမာဏ ကြီးမားမှုကို ဖုံးကွယ်ခဲ့သည်မှာ မှန်သော်လည်း ယခုအခါ အရည်အတွက်ကို လိမ်ညာထားသည့် လက္ခဏာ မတွေ့ရဟု ကိုနင်ဒိုက် က ‌ပြောခဲ့သည်။

 

တရုတ်၏ ပြောဆိုချက်များသည်သာ အမှန်ဖြစ်ပါက ရောဂါအကြီးအကျယ် ဖြစ်ပွားပြီး အလျှင်အမြန် အဆုံးသတ်နိုင်မှု တွင် အအောင်မြင်ဆုံး နိုင်ငံအဖြစ် ၎င်းတို့၏ ချည်းကပ်ပုံကို နားလည်ရန် ကြိုးစားပြီး သင့်တော်သလို အသုံးချနိုင်ရန် အရေးကြီးသည်ဟု ဆိုသည်။

 

ကိုးကား၊  ၊ REUTERS (MARCH 30th 2020)