ဒေါ်နယ် ထရန့်၊ အင်ဒရူး ကိုမို၊ ဘလာစီရို နှင့် နယူးယောက်

by Hla Soewai - Apr 08 2020

အမေရိကန် ပြည်ထောင်စုတွင် ဧပြီ ၅ ရက်နေ့ စာရင်းအရ လူပေါင်း ၃၃၄,၂၃၂ ရောဂါပိုး ကူးစက်ခံနေရပြီး စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံထက် များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ လူပေါင်း ၉,၅၅၇ ဦး သေဆုံးသွားခဲ့ပြီး ၊ ပြည်နယ် နှစ်ဆယ်ကျော်မှာ ပျှမ်းမျှ ၁,၀၀၀ ခန့် ကူးစက်ခံနေရပါပြီ။ အနည်းဆုံး လူတသိန်း နဲ့ နှစ်သိန်းအကြား သေဆုံးမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းနေကြပါတယ်။

လက်ရှိမှာ နယူးယောက် မြို့က အားလုံးထဲမှာ အဆိုးဆုံး ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ လေးပတ်မှာမှ ပထမဆုံး ရောဂါ ပိုး ကူးစက်ခံရသူ ကို စတင်တွေ့ရှိခဲ့ပြီးနောက် ဆက်တိုက် ဆိုသလို အခြေအနေများ ဆိုးဝါးလာခဲ့ပြီး ယခုအခါ သေဆုံးသူပေါင်း ၄,၁၅၉ ဦး ရှိလာခဲ့ပါတယ်။ တနိုင်ငံလုံးရှိ ကူးစက်ခံရသူ စုစုပေါင်း ရဲ့ ၄၀% နီးပါးနှင့် တကမ္ဘာလုံးရဲ့ ၇% နယူးယောက်မှာ ဖြစ်ပွားနေပါတယ်။

အခုလာမယ့် ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ကို အမေရိကန်တို့ ထိန်းချုပ်နိုင်စွမ်း ရှိမရှိ သိရဖို့ သေရေးရှင်ရေး ဖြစ်လာနေပါပြီ။ ဒီအရေး မှာ လူထု ကျန်းမာရေး မူဝါဒ များသာမက ဗဟို၊ ပြည်နယ် နှင့် မြို့တော် အစိုးရများ၏ နိုင်ငံရေး ဦးဆောင်နိုင်မှုကိုပါ စမ်းသပ်ခံကြရတော့မှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ နယူးယောက် ၏ အကြပ်အတည်းကြီးအား အနီးကပ် ကြီးကြပ်နေသူ သုံးဦး ရှိနေပါတယ်။ သူတို့ကတော့ သမ္မတ ဒေါ်နယ် ထရန့်၊ ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူး ကူမို (အလယ်ပုံ) နှင့် မြို့တော်ဝန် ဘီလ် ဒီ ဘလာစီရို တို့ပဲ ဖြစ်ပါတယ်။ ၎င်းတို့အားလုံးသည် စွမ်းဆောင်ရည်ပိုင်းမှာ တပြေးညီ ရှိမနေကြတဲ့ အပြင် တဦးအပေါ် တဦး ယုံကြည်မှုလည်း မရှိ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ထရန့် အပိုင်းကတော့ အရင်လိုပဲ အမှားမှား အယွင်းယွင်း နဲ့ ဖြစ်နေပါတယ်။ အရင်တုန်းကတော့ ကပ်ရောဂါဆိုးကြီး ကို ခပ်ပေါ့ပေါ့ပဲ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်ကို အပြစ်ဖို့လာပြီး အခုလည်း နယူးယောက် နဲ့ အိမ်နီးခြင်း ပြည်နယ်များကို အသွားအလာ ကန့်သတ်ဖို့ ကို လုပ်မယ်၊ မလုပ်ဖူး အမျိုးမျိုး ပြောနေပြန်ပါတယ်၊၊

အင်ဒရူး ကူမို ကတော့ ခိုင်လုံတဲ့ အချက်အလက်တွေနဲ့ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေပါတယ်။ ဝါရှင်တန်မှ အကူအညီတွေ အမြန်ဆုံး နဲ့ အင်နဲ့ အားနဲ့ ရရှိရေး အတွက် ထရန့်ကိုလည်း အတိုက်အခံ ပြောနေရပါတယ်။ နယူးယောက် သတင်းစာနဲ့ တွစ်တာ တွေကတော့ ကူမို ကို သမ္မတတယောက် အရည်အချင်း ရှိသူ အဖြစ် ချီးမွမ်းခန်း ဖွင့်လာခဲ့ကြပါတယ်။

ဒီ ဘလာစီရိုကတော့ ကျောင်းများ၊ ဘရော့ဝေး ပြဇာတ်ရုံများ၊ ဘားများ နဲ့ စားသောက်ဆိုင်တွေ ပိတ်ရန် ဆုံးဖြတ်ချက် ချမှတ်ဖို့တောင် အတန်ကြာတွေဝေနေသူ ဖြစ်ပါတယ်။ ကူမိုက သူ၏ ပြည်နယ်အတွင်းရှိ အားကစား လေ့ကျင့်ရုံများ ပိတ်ပြစ်ရမယ်လို့ အမိန့်ထုတ်ပြီး နာရီပေါင်း အတော်ကြာမှာ ဒီ ဘလာစီရိုကို ဘရွတ်ကလင်း ရှိ အားကစားခန်းမတခု မှာ လေ့ကျင့်ခန်း လုပ်နေတာကို တွေ့ခဲ့ကြရပါတယ်။

သူတို့ သုံးယောက်စလုံး ရဲ့ လတ်တလော တာဝန်ကြီးတွေက ကမ္ဘာတဝှမ်းက ခေါင်းဆောင်များနဲ့ အတူတူပဲ ဖြစ်နေပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းကို ကန့်သတ်နိုင်ရန် နဲ့ ရောဂါကူး စက် ခံ ထား ရသူများကို သင့်လျှော်တဲ့ ကုသမှုတွေ ပေးနိုင်ရန်တို့ပဲ ဖြစ်ပါတယ်။ ရောဂါရှိမရှိ စမ်းသပ်မှု ကို ချွေချွေတာတာ လုပ်နေရချိန်မှာပဲ အမေရိကားရှိ လူဦးရေ အထူထပ်ဆုံး မြို့ကြီး ဖြစ်တဲ့ နယူးယောက်မှာ ပျံ့နှံသွားခဲ့ပြီ ဖြစ်ပါတယ်။

နယူးယောက်သည်လည်း အခြားသော အမေရိကန် မြို့ကြီးများလို ပုဂ္ဂလိက နဲ့ အများပိုင် ဆေးရုံတွေကို အမှီသဟဲ ပြုနေရတဲ့ အတွက် တပြေးညီ ညှိနှိုင်း လုပ်ဆောင်ဖို့ ပထမပိုင်းမှာ ခက်ခဲနေတာ တွေ့ရပါတယ်။

လူအချင်းချင်း ခပ်ခွာခွာ နေရန် အမိန့်ကြောင့် မြို့တော်ကြီး တခွင် တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ မရှိမဖြစ် လုပ်ငန်းတွေက လွဲလို့ အားလုံးကို ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ မြို့တော်ရှိ ကလေး ၁.၁ သန်းလည်း အိမ်ထဲမှာပဲ နေ နေကြရပါတယ်။ နယူးယောက် မြေအောက် မီးရထားစီး ခရီးသည် ၉၀% အထိ ကျဆင်းသွားခဲ့ပြီး နယူးယောက်ရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ အဝါရောင် တက္ကဆီ တွေလည်း မက်ဟက်တန် လမ်းပေါ်မှာ ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။ မြို့တော်အတွင်းရှိ ပန်းခြံတွေမှာ ရှိတဲ့ ဘတ်စကက်ဘော ပြစ်သွင်းတဲ့ ကွင်း တွေကိုလည်း လိုက်ပြီးဖြုတ်ထားတာ တွေ့ရပါတယ်။

သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်မှုက မြင့်တက်နေဆဲ ဖြစ်သဖြင့် ကူမို ကတော့ သူ့ပြည်နယ်အတွက် အသက်ရှူ စက် ၃၀,၀၀၀ ခန့် လိုနေတယ် လို့ ပြောနေပါတယ်။ လက်ရှိမှာ ၁၀,၀၀၀ လောက် ရှိနေပြီး ကျန်တာတွေကို ရဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

အများပိုင် ဆေးရုံ ဖြစ်တဲ့ Elmhurst မှာ မနိုင်မနင်း ဖြစ်နေပြီး ပုဂ္ဂလိက ဆေးရုံတွေမှာလည်း ရုန်းကန်နေရပါတယ်။ ပြည်နယ် အစိုးရက Presbyterian ဆေးရုံအား အသက်ရှူစက်တလုံးကို လူနာ နှစ်ယောက် ချိတ်ပေးထားဖို့ ညွှန်ကြားခဲ့ပါတယ်။ ဘရွတ်ကလင်း ရှိ ပုဂ္ဂလိက ဆေးရုံ အကြီးအကဲ တဦးက အသက်ရှူစက်တလုံးကို လူနာ ကိုးဦး ကို ချိတ်ပေးလို့ရမယ့် နည်းလမ်း ကြားဖူးတယ်လို့ ပြောလာခဲ့ပါတယ်။

မရှိမဖြစ် လိုအပ်တယ်လို့ သတ်မှတ်ထားတဲ့ လုပ်ငန်းများတွင်ပါဝင်သော ကျန်းမာရေး နဲ့ လုံခြုံရေး ဆိုင်ရာ ဝန်ထမ်းတွေလည်း ဖျားနာလာတာကို စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ နယူးယောက်မှာ သူနာပြု တဦး သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကလည်း ဆိုရှယ် မီဒီယာများ မှတဆင့် ကာကွယ်ရေး နဲ့ ကုသရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့ တောင်းဆိုနေကြပါတယ်။ မက်ဟက်တန် မောင့်ဆိုင်းနိုင်းဝက်စ် ဆေးရုံမှ သူနာပြုများက အမှိုက်ထည့်တဲ့ အိတ်များကို အကာအကွယ် အဖြစ် ခြုံထားရတဲ့ ဓါတ်ပုံက ဆိုရှယ်မီဒီယာ မှာ တဟုန်ထိုး ပျံ့နှံ့ထွက်သွားပါတယ်။

နယူးယောက် ရှိ ရဲဝန်ထမ်း များကို စစ်ဆေးရာမှာ ဒုတိယ ရဲမင်းကြီး အပါအဝင် ၅၀၀ ကျော်က ရောဂါကူးစက်ခံထားရတာ တွေ့ရှိခဲ့ရပြီး ရဲဝန်ထမ်း သုံးဦး သေဆုံးသွားခဲ့ပါတယ်။ တဦးက အမှုစစ် အရာရှိ ဖြစ်ပြီး နောက်တဦးက အဆောက်အအုံစောင့် လုပ်သား ဖြစ်ပါတယ်။

ထရန့်က မတ်လ ၂၇ ရက်နေ့မှာ ဒေါ်လာ ၂ တြီလီယံ ကို သုံးပြီး စီးပွားရေး ပြန်လည် နိုးထဖို့ ဥပဒေကို လက်မှတ်ရေးထိုး လိုက်ပါတယ်။ ထို့အပြင် အမေရိကန် သမ္မတ အဆက်ဆက် အသုံးပြုခဲလှတဲ့ အာဏာ ကို သုံးပြီး ဂျင်နရယ် မော်တာ(GM) ကို အသက်ရှူစက်တွေ ထုတ်လုပ်ဖို့ အမိန့်ပေးလာခဲ့ပါတယ်။ အင်ဂျင်နီယာ ဝန်ထမ်းတပ်တွေကလည်း မြို့တော်ရှိ ကွန်ဗင်ရှင်း စင်တာ အပါအဝင် နေရာ အတော်များများမှာ ယာယီ ဆေးရုံတွေ ဆောက်လုပ်ပေးနေပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ ရေတပ်သုံး စစ်ဆေးရုံ သင်္ဘောကြီးက နယူးယောက် ဆိပ်ကမ်းကို ဆိုက်ကပ်လာခဲ့ပါတယ်။ အီတလီမှာ ယာယီ ဆေးရုံ ဆောက်လုပ်ပေးခဲ့တဲ့ ကုသိုလ်ဖြစ် Samaritan’s Purse အဖွဲ့ကလည်း စင်ထရယ် ပတ်ခ် မှာ ယာယီဆေးရုံ ပြုလုပ်ပေးခဲ့ပါတယ်။

ထို့အပြင် ပြည်နယ်နှင့် မြို့တော် အတွင်းရှိ ပင်စင်ယူသွားကြတဲ့ ဆေးဝန်ထမ်းတွေကို ပြန်လာပြီး အကူအညီပေးကြဖို့ တောင်းဆိုထားပြန်ပါတယ်။ လူပေါင်း ၆၂,၀၀၀ လောက် စေတနာ ဝန်ထမ်း ကူညီဖို့ ထွက်လာခဲ့ပါတယ်။ ကူမိုက နယူးယောက်ရှိ ဆေးရုံ အားလုံးကို စနစ်တခုတည်းအောက်မှာ လုပ်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။ သို့မှလည်း ဝန်ထမ်း နဲ့ လူနာတွေကို လိုအပ်သလို လွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ ဘလာစီရို ကတော့ မနိုင်မနင်း ဖြစ်နေတဲ့ Elmhurst ဆေးရုံကို အသက်ရှူစက်တွေနဲ့ ဝန်ထမ်းတွေ ရောက်လာကြတော့မယ်လို့ တွစ်တာ မှာ ရေးသားခဲ့ပါတယ်။ ဒီဆေးရုံက အခုဆို ကိုဗစ် လူနာများကိုသာ လက်ခံကုသပေးဖို့ သတ်မှတ်ထားပါတယ်။ ကုတင် အရေအတွက်ကိုလည်း ၅၀% ထပ်မံ တိုးချဲ့ထားပြီး ဖြစ်ပါတယ်။

သို့သော် လုံလောက်မှု ရှိမရှိကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဂျီအမ် ကလည်း အသက်ရှူစက်တွေကို ချက်ခြင်းကြီးလို ထုတ်ပေးနိုင်မယ့် အနေအထား မရှိသေးပါဘူး၊ စက်ရုံတွေကိုလည်း အသက်ရှူစက်တွေ ထုတ်လုပ်ဖို့ ဒီဇိုင်း ထုတ်ထားတာတောင် မရှိသေးတာ တွေ့ရပါတယ်။

ဒီ ဘလာစီရိုမှာတော့ မြို့တော် အနေနဲ့ အသက်ရှူစက် ရာပေါင်းများစွာ လိုနေပြီလို့ ပြောလာခဲ့ပြီး တပတ်အတွင်း ဆေးရုံတွေမှာ ဆေးဝါး ပစ္စည်းတွေ ပြတ်လတ်သွားနိုင်တယ်လို့ သတိပေးခဲ့ပြန်ပါတယ်။

နယူးယောက် မြိုနေ့သူများလည်း မြို့တော်ကနေ ထွက်ခွာဖို့ အခက်အခဲတွေ ရှိလာနေပါတယ်။ မတ်လ ၂၈ ရက်နေ့မှာ နယူးယောက်နဲ့ အိမ်နီးခြင်း ပြည်နယ်တွေ ဖြစ်တဲ့ နယူး ဂျာစီ၊ ကွန်နက်တီကပ် ပြည်နယ်တွေမှာ အသွားအလာ ကန့်သတ်ဖို့ စဉ်းစားနေတယ် ပြောခဲ့ပေမယ့် ထိုပြည်နယ်များရှိ အုပ်ချုပ်သူများကို တိုင်ပင်ခဲ့ခြင်း မရှိပါဘူး။ နောက် နာရီ အနည်းငယ်အကြာမှာတော့ မလိုအပ်တော့ဖူးလို့ ကြေငြာခဲ့ပြန်ပါတယ်။ ထိုအစား ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စီဒီစီကတော့ ထိုပြည်နယ်များကို မလိုအပ်ပဲ ခရီးမထွက်ကြဖို့ ဆော်ဩလာပါတယ်။

ရိုဒ် ကျွန်းစု ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ ရဲ အဖွဲ့ နှင့် အမျိုးသား အစောင့်တပ်ဖွဲ့ကို နယူးယောက် လိုင်စင်ပလိပ် ပါတဲ့ ကားတွေ အားလုံး အဝင်မခံဘို့နဲ့ ကျွန်းပေါ်ရှိ နယူးယောက် မြို့သားများ ပိုင်တဲ့ အပန်းဖြေ အိမ်တွေကို တအိမ်တက်ဆင်း လိုက်ပြီး အိမ်ထဲမှာ ပဲ နေကြရန် ဆော်ဩနေပါတယ်။ ဖလော်ရီဒါမှာ တော့ အဝေးပြေး လမ်းမကြီး ပေါ်မှာ စစ်ဆေးရေး စခန်းတွေ ဖွင့်ပြီး ထွက်ပြေးလာတဲ့ နယူးယောက် မြို့သား များတွေကို စီစစ်နေပြီ ဖြစ်ပါတယ်။ အခြားပြည်နယ်များမှာလည်း အလားတူ ပြုလုပ်နေကြပါတယ်။

အဓိက ကတော့ နယူးယောက် ပြဿနာ မျိုး သူတို့ဆီမှာ ဖြစ်မလာအောင် ကမူးရှူးထိုး ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။

ကိုးကား၊ ။ “New York is fast becoming the world’s next coronavirus hotspot” from the Economist