လင်းနို့ လေဒီ ပြန်ပေါ်လာပြီ

by Hla Soewai - May 23 2020

လင်းနို့လေဒီ bat woman လို့ တရုတ် မီဒီယာများမှ ကင်ပွန်းတပ်ခြင်း ခံခဲ့ရသူသည် ဝူဟန်ရှိ ပိုးမွှားဗေဒ အင်စတီကျု မှ သုတေသီ တဦး ဖြစ်တဲ့ ဒေါက်တာ ရှီဂျန်လီ ပဲ
ဖြစ်ပါတယ်။

သူမသည် ကာလကြာမြင့်စွာ လင်းနို့များကို သုတေသန ပြုခဲ့မှုကြောင့် လက်ရှိ ဖြစ်ပွားနေသော ကော်ရိုနာ ဗိုင်းရပ်စ်သည် သူမ၏ ဓါတ်ခွဲခန်း မှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ယခုထိ မည်မည်ရရ သက်သေ မပြနိုင်သေးတဲ့ စွပ်စွဲချက် များ နဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။

ရက်သတ္တပတ်ပေါင်းများစွာ လူမြင်ကွင်းမှကွယ်ပျောက်နေပြီးနောက် မနေ့က သူမ၏ရှာဖွေတွေ့ရှိချက် အသစ်ကို Biorxiv.org ဝက်ဆိုဒ် မှာ ဖေါ်ပြလိုက်ပါတယ်။

သူမနှင့် လုပ်ဖေါ်ကိုင်ဖက်များက ယခုအခါ ဗိုင်းရပ်စ် နှင့် ၎င်း ခိုနားလို့ ရမည့် ဆဲလ်များအကြား တဖြေးဖြေး နှင့် အပြိုင်အဆိုင် လက်နက်တပ်ဆင် ယှဉ်ပြိုင်လာနေကြပြီ ဖြစ်သည်ဟု ဖေါ်ပြထားပါတယ်၊ ထို့အတွက် ဗိုင်းရပ်စ်များသည် မျိုးရိုးဗီဇ မတူ ကွဲပြားမှု ဖြစ်အောင်
ကြံဆောင်လာကြတယ်လို့ ဆိုပါတယ်။

သူမ၏ ယခု ထုတ်ပြန်ချက်သည် တရုတ်ပြည်ရှိ မြင်းခွာပုံသဏ္ဍန် လင်းနို့တွင် SARS နှင့် covid-19 ဖြစ်စေသည့် ကော်ရိုနာဗိုင်းရပ်စ်
သည် သဘာဝ အတိုင်း တည်ရှိနေခဲ့သည်ဟု ဖေါ်ပြထားပါတယ်၊ လင်းနို့များတွင်ရှိ ဗိုင်းရပ်စ်များကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေမှသာ SARS ကဲ့သို့သော ရောဂါမျိုး ထပ်မံ မဖြစ်ပေါ်အောင် ကာကွယ်နိုင်မယ် ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

သူမ၏ လေ့လာတွေ့ရှိချက်များကို ပညာရှင်များက ဆန်းစစ်မှုတွေ တော့ မလုပ်ရသေးဖူးလို့ သိရပါတယ်။

ကော်ရိုနာဗိုင်းရပ်စ် ပိုးသည် လင်းနို့တကောင်မှ ကူးစက်ခြင်းသည် ဖြစ်နိုင်ချေ အများဆုံး ရှိ​သည်ဆိုသော သီအိုရီ အား ထပ်မံ အားဖြည့်ပေးလိုက်တာလည်း ဖြစ်ပါတယ်၊ သို့သော် ဗိုင်းရပ်စ်သည် သူမ၏ ဓါတ်ခွဲခန်း မှ ရည်ရွယ်ချက် ရှိရှိ သို့မဟုတ် မတော်တဆ ထွက်လာခြင်း လော ဆိုသည်ကို တရုတ်ပြည်တွင်းနှင့် ပြည်ပမှ မေးခွန်းထုတ်လာကြသည်နှင့်အမျှ သူမသည်လည်း လူအများ၏ အာရုံစိုက်ခြင်း ခံလာရတာ ဖြစ်ပါတယ်။

မတ်လ အတွင်း Scientific American စာစောင်နှင့် တွေ့ဆုံမေးမြန်းခန်းတွင်မူ လက်ရှိ ကူးစက်ပျံ့ပွားနေသော ကော်ရိုနာဗိုင်းရပ်စ်
အသစ်၏ ဗီဇ လက္ခဏာ အမှတ်အသားသည် သူမ၏ ဓါတ်ခွဲခန်းမှ ယခင် စမ်းသပ်လေ့လာနေခဲ့သည်များနှင့် ကိုက်ညီမှု မရှိလို့ ပြောသွားခဲ့ပါတယ်။

ထိုနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားတဲ့ အတွက် ပြင်သစ်ရှိ အမေရိကန် သံရုံးသို့ လျို့ဝှက်ဖိုင်များနှင့်အတူ ဝင်ရောက် ခိုလှုံသွားပြီလို့ ကောလဟသများ ထွက်ပေါ်လာခဲ့တဲ့ အတွက် ဆိုရှယ်မီဒီယာ မှာ တကြိမ်ပြန်ပြီး လူလုံးပြခဲ့ပါတယ်။

လောလောဆယ်တွင် တရုတ် အရှေ့မြောက်ပိုင်း ဂျီလင် ပြည်နယ်တွင် ရောဂါပျံ့ပွားလာပြန်သဖြင့် လူရှစ်ထောင်ကို သီးသန့်ခွဲထုတ်ကာ စောင့်ကြည့်လေ့လာနေတယ်လို့ သိရပါတယ်။

တရုတ်ပြည် CDC မှ ဘီဂျင်း အပါအဝင် အခြားနေရာဒေသများတွင် နှာခေါင်းစည်းများ တပ်ရန် မလိုတော့ဟု တနင်္ဂနွေနေ့က
ကြေငြာခဲ့ပါတယ်။

ယခုအခါ ဘီဂျင်းတွင် ရက်ပေါင်း သုံးဆယ်ခန့် ရောဂါပိုး ကူးစက်သူ ထပ်မတွေ့ရတဲ့အတွက် နှစ်လတာ ရွှေ့ဆိုင်းထားရတဲ့ နိုင်ငံ
လုံးဆိုင်ရာ ပြည့်သူ ကွန်ဂရက် အစည်းအဝေးကို ပြန်လည် စတင်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ကမ္ဘာကျန်းမာရေး အဖွဲ့ ၏ ဗီဒီယို ညီလာခံတွင် အမေရိကန် ကျန်းမာရေး ဝန်ကြီးမှ တရုတ်၏ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် လူအများအပြား မသေသင့်ပဲ သေခဲ့ရတယ်လို့ ပြင်းထန်စွာ ပြစ်တင် ဝေဖန်လိုက်ပြီး WHO သည်လည်း ကမ္ဘာက လိုအပ်နေသော ဗိုင်းရပ်စ် နှင့် ပတ်သက်သည့် သတင်းအချက်
အလက်များ ရယူပေးနိုင်ခဲ့ခြင်း မရှိသည့်အပြင် တရုတ်မှ ပေးလာသော သတင်းမှားများကိုသာ ဖြန့်ဖြူးပေးနေသည်ဟု စွပ်စွဲလိုက် ပါတယ်။ တဆက်တည်း WHO အား
လည်း ပြန်လည် ဖွဲ့စည်းရန် တောင်းဆိုသွားခဲ့ပါတယ်။

အမေရိကန်ရှိ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Moderna သည် လူရှစ်ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို နှစ်ကြိမ် ထိုးသွင်းပြီး စမ်းသပ်ခဲ့ရာ ရာနှုန်းပြည့် အောင်မြင်ခဲ့ပြီ ဖြစ်တယ်လို့ ကြေငြာလိုက်ပါတယ်။

ယင်းကြေငြာချက်ကြောင့် အမေရိကန်စတော့ရှယ်ယာ စျေးနှုန်းများ ခြောက်ပတ်အတွင်း အမြင့်ဆုံးသို့ ထိုးတက်သွားခဲ့ပါတယ်။

ကိုးကား၊ ၊ The New York Times