မင်းအောင်လှိုင်ထံ လွတ်လပ်ရေး နေ့ သဝဏ်လွှာ ပို့သည် နိုင်ငံများက လက်ဆယ်ချောင်းပင် မပြည့်ဖြစ်နေသည်။
ထိုနိုင်ငံများ မှာ ရုရှား၊ ဘဲလာရုစ်၊ ပါကစ္စတန်၊ မြောက်ကိုရီယား၊ အယ်ဂျီရီယား၊ နီပေါ၊ ကမ္ဘောဒီယား နှင့် အိမ်နီးချင်း ထဲမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သာ ဖြစ်သည်။
ထိုအထဲတွင် တရုတ် ပင် မပါ၊ တရုတ်သည် အာဏာသိမ်းပြီးချိန်မှစ၍ တခါဖူးမျှ ပေးပို့ခဲ့ခြင်း မရှိသေးပေ၊ အာဆီယံ ဥက္ကဌ ဖြစ်သူ လာအိုပင် ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။
တိုက်ပွဲများကလည်း နေပြည်တော် နှင့် မိုင် ငါးဆယ် သာ ဝေးတော့သည့် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ပေါ်ထိ ရောက်ရှိလာနေပြီ ဖြစ်သည်။ နေပြည်တော် နှင့် ရန်ကုန် မြို့ကြီးများသည်လည်း လျပ်စစ်ဓါတ် အလုံ အလောက် မပေးနိုင်တော့၍ မှောင်အတိ ကျလာနေပြီ ဖြစ်သည်။
ယနေ့ ကမ္ဘာကြီးသည် ဒေါ်နယ်ထရန့် သမ္မတ ဖြစ်လာမှု နှင့် အတူ မရေမရာ မသေချာမှု များ ပြည့်နှက်လာနေချိန်တွင် ၂၀၂၅ အတွင်း နေပြည်တော်ရှိ စစ်ရာဇဝတ်ကောင်များကို စိန်ခေါ်ပြီး တိုင်းပြည်၏ အနာဂတ်ကို ပုံဖေါ်ရန် မြန်မာ ပြည်သူများ ကိုယ့်အားကိုယ်ကိုး ဖို့ ဖြစ်လာ နေသည်ဟု ဧရာဝတီက ရေးသားလာသည်။
၂၀၂၅ တွင် သေချာပေါက် အပြောင်းအလဲများ ဖြစ်ကို ဖြစ်လာရမည်ဟု ပြည်တွင်း ပြည်ပ ရှိ မြန်မာ တိုင်းရင်းသားများက ကျယ်လောင်စွာ ပြောဆိုနေကြပြီဟု ဆိုသည်။ မည်သည့် ပုံစံမျိုး ဖြစ်လာမည်ကိုကား ခန့်မှန်းရ ခက်နေဆဲပင် ဖြစ်သည်။
နိုင်ငံရေး လေ့လာသူများကတော့ မထင်မှတ်သည့် နေရာမှ မြွေဟောက်ကြီး ပါးပြင်း ထောင်လာသလို ထွက်ပေါ်လာလိမ့်မည်ဟု ခန့်မှန်းနေကြောင်းလည်း ရေးသားထားသည်။
အာရက္ခ တပ်တော်သည် တော်လှန်ရေး နေ့ မတိုင်မီ စစ်တွေ ကို သိမ်းနိုင်မည်လော၊ ကချင်၊ ချင်း၊ ရခိုင် တိုင်းရင်းသားများမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ အဖြစ် ကြေညာလာကြမည်လား။
သို့ဆိုက စစ်တပ် အတွင်း ပေါက်ကွဲလာနိုင်ပြီး စစ်ကောင်စီ ပြုတ်ကျသွားဖို့ ဖြစ်လာနိုင်သည်။ သို့မဟုတ်လည်း နိုင်ငံရေး ညီလာခံကြီး ကျင်းပပြီး ရွေးကောက်ပွဲ မတိုင်မီ လမ်းပြမြေပုံ အသစ် ထွက်ပေါ်လာဦးမည်လော။
တရုတ်မှ ထောက်ခံမှု ပေးလာမည့် အာဆီယံ နိုင်ငံများ၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့များ ဝင်ရောက်လာမည်လော၊ သို့ဆိုက စစ်ခေါင်းဆောင်များရော၊ တော်လှန်ရေး အင်အားစုများပါ လက်မခံချင်ဘဲ လက်ခံလိုက်ရမည့် အခြေအနေသစ် တရပ် ထွက်ပေါ်လာမည် ဖြစ်သည်။
NUG အနေဖြင့် နိုင်ငံတကာ အသိအမှတ် ပြု ခံရရေးထက် တိုင်းရင်းသား မဟာမိတ်များ၏ ထောက်ခံမှု ရရန် ဆက်လက် ကြိုးပမ်းသင့်သည်ဟု ဆိုသည်။ နိုင်ငံတကာကလည်း စစ်တပ် ထက် စာလျင် ထို အနေအထား ကို အခြားရွေးချယ်စရာ မရှိသည့် အတူတူ လက်ခံ လာနိုင်ပေသည်။
မင်းအောင်လှိုင်သည် နိုင်ငံကို ဆက်၍ အုပ်ချုပ်နိုင်စွမ်း မရှိတော့သည့် အပြင် တော်လှန်ရေး ဖြစ်ပွား နေမှု ကို အဆုံးသတ်နိုင်စွမ်း လည်း မရှိ တော့၊ စစ်ရာဇဝတ်သားများ အဖြစ် ဖမ်းဝရမ်း ထုတ်ခံရဖို့ ရှိနေ၍ ဩဇာအာဏာ ကျဆင်းသည်ထက် ကျဆင်းလာဖို့ ရှိနေသည်။
ဗိုလ်နေဝင်း လက်ထက် ရာဇဝင်ထွန်းပြောင်ခဲ့သည့် ခြေမြန်တပ်မ များသည်လည်း ရှမ်း၊ ကချင်၊ ကယား၊ ရခိုင် တို့တွင် အရှုံးကြီး ရှုံးလာနေသည်။
မင်းအောင်လှိုင် အဖို့က ထိုအနေအထားကို ရပ်တန့်ရန် လေကြောင်းမှ ဗုံးကြဲခြင်း နှင့် တရုတ်၏ ကြားဝင် ဖြန်ဖြေပေးမှု ကိုသာ အားကိုးနေရပြီ ဖြစ်သည်။
စစ်တပ်သည် တဖြေးဖြေး အင်အားချိနဲ့လာနေသည်ကပင် ပြည်သူတို့ အတွက် သတင်းကောင်း ဖြစ်လာနေသည်။ ၎င်းအဖို့က ဖြုတ်ချ ခံရဖို့ နှင့် ဒီထက် ဆိုးသည့် အနေအထား နှင့် ရင်ဆိုင်ရဖို့ ရှိနေသည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။
အရေးပါဆုံး အချက်သည်ကား လူထု အများစုသည် ၎င်းတို့ အရေးနိမ့်လာနေမှု အပေါ် မည်သို့မျှ နောင်တရခြင်း၊ စိတ်မကောင်းဖြစ်ခြင်း ဆိုသည့် လက္ခဏာ များ စိုးစိမျှပင် မပြခဲ့ခြင်းပင် ဖြစ်သည်။ ထိုအစား စစ်တပ် ၏ ခေတ်သစ် သမိုင်း တွင် တခါမျှ မကြုံခဲ့ဘူးသည့် အဖြစ်သနစ်များကို နေ့စဉ် လို သိရှိ နေကြရသည်။ တော်လှန်ရေး ဆင်နွှဲ နေသောဗမာ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များသည် လူထု၏ ထောက်ခံမှု ကို ရရှိနေကြသည်။ ဤသည်ကပင် စစ်တပ် အတွက် သမိုင်းတွင်ကျန် ခဲ့တော့မည့် အလှည့်အပြောင်းကြီး ဖြစ်လာရသည်။
စီးပွားရေး ဖက်တွင်လည်း အခြေအနေများ ပြန်ကောင်းလာဖို့ မရှိဘဲ စမ်းတဝါးဝါး ဖြစ်နေသည်။ ကုန်ထုတ် စွမ်းအားများ ဖြစ်သည့် အလုပ်လုပ်နိုင်စွမ်း ရှိ လူငယ်များလည်း စစ်တပ်ထဲ ဆွဲသွင်းခံရ၊ ပြည်ပသို့ ထွက်ခွာသွားသူများ နှင့် လမ်းများ ပေါ်တွင် ပျောက်ကွယ်ကုန်ပြီ ဖြစ်သည်။
ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များ နှင့် ကပ်ရောဂါများ အတွက်လည်း သေချာကျနစွာ ပြင်ဆင်ထားခြင်းမျိုး မတွေ့ရပေ။
ပြည်ပရောက် မြန်မာ နိုင်ငံသားများက တော်လှန်ရေး အတွက် ရံပုံငွေများ ဆက်၍ ရှာဖွေပေးနေကြသည်။
အိမ်နီးချင်း နိုင်ငံများဖက်ကလည်း စစ်တပ် ပြိုလဲလာနိုင်သည့် အလားအလာများ တွေ့လာရ၍ ဂဏှာမငြိမ် ဖြစ်လာနေသည်။ အထူးသဖြင့် နယ်ခြားလုံခြုံရေး၊ မူးယစ်ဆေးဝါး များ ဝင်ရောက်လာမှု နှင့် အွန်လိုင်း ရာဇဝတ်မှု များ ထူပြောလာမည့် အရေး တို့ကြောင့် ဖြစ်သည်။ အရေးပါဆုံး အိမ်နီးချင်း ဖြစ်သည့် တရုတ်သည် ရွေးကောက်ပွဲ ကို တွန်းအားပေးလာနေပြီး၊ ပြီးလျင် ဘာဆက်ဖြစ်လာနိုင်မည်လဲ ဆိုသည်ကို ကြည့်ပြီး လုပ်သွားမည့် သဘော ရှိနေသည်။ အနည်းဆုံး မင်းအောင်လှိုင် နေရာ အစားထိုး နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။ မင်းအောင်လှိုင်ကတော့ နိုင်ငံရေး အရ လိုက်လျောရန် အတင်းအကျပ် ဖိအား ပေး မခံရမချင်း ဆက်၍ အာဏာကို ဆုပ်ကိုင် သွားမည်သာ ဖြစ်သည်။
နိုင်ငံရေး အရ ဆွေးနွေးမှုသည် အဓိက အဆုံးအဖြတ် ပေးမည် အချိန်ရောက်လာလျင် တော်လှန် ရေး အင်အားစု များက မိမိတို့ဖက်က အားသာနေမှ ဖြစ်မည်ဟု ယူဆထားပြီး ဖြစ်၍ တိုက်ပွဲများ စောလျင်စွာ အဆုံးသတ်သွားမည့် အလားအလာ မရှိပေ။ လက်ရှိ အနေအထားသည် ဆွေးနွေးရန် အချိန် မရောက်သေးဟု ဆိုရမည် ဖြစ်သည်။
ဆွေးနွေးရန် အချိန်ကျလာလျင်လည်း မြန်မာ စစ်ခေါင်းဆောင်များသည် အဓိက ကျလာမည် မဟုတ်တော့ပဲ တက်ရောက်သူ အဆင့်သာ ရှိရ တော့မည် ဖြစ်သည်ဟု အတိုက်အခံများက ခံယူထားသည်။ စစ်ရာဇဝတ်သားများ ဖြစ်သည့် မင်းအောင်လှိုင် နှင့် အပေါင်းအပါများလည်း ရှိတော့မည် မဟုတ်ဘဲ သဘောထား အလယ်အလတ် ရှိသည့် စစ်ခေါင်းဆောင်များသာ တက်ရောက်လာကြမည် ဖြစ်သည်။
မည်မျှပင် ပင်ပန်း နွမ်းနွယ်လာနေသော်လည်း တိုင်းပြည်အား ယခင်အတိုင်း စစ်တပ် လက်ထဲ ပြန်၍ ဝကွက် အပ်ရမည့် အရေးကို မဆုပ်မနစ် ငြင်းဆန်ပြီး ကြံ့ကြံခံ ရင်ဆိုင်နေသော ပြည်သူများ အတွက် ချီးကြူးဂုဏ်ယူ မိကြောင်း ဆောင်းပါး အဆုံးတွင် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြလိုက်ရပါသည်။
အကယ်၍ မင်းအောင်လှိုင်သာ အာဏာ မသိမ်းခဲ့လျင် အသက်ဆုံးရှုံးသွားခဲ့သော ပြည်သူ ၆,၀၀၀ ခန့်သည် မြန်မာ အိုင် ဒေါ ကို ငြင်းကြ ခုန်ကြ နှင့် အားပေးကြရင်း ၂၀၂၅ အား ပျော်ရွှင်စွာ ဖြတ်သန်း ကြမည်သာ ဖြစ်သည် ဆိုသော အတွေး နှင့် စိတ်မကောင်း ဖြစ်မိပါသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!