မြန်မာ၏ လူ့အခွင့် အရေး ပြဿနာများကို အစဉ်တဆက် စောင့်ကြည့်နေသည့် သုတေသီ တဦး ဖြစ်သူ ဒေးဗစ် စကော့ မေသီဆန်က ဧရာဝတီ တွင် ရေးသားလာသည်ကို ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။
ဆီရီယား အာဏာရှင် အာဆတ် ပြုတ်ကျသွားခြင်း ကို ကြည့်ပြီး နိုင်ငံတဝှမ်းရှိ တော်လှန်ရေး အဖွဲ့များ စိတ်အား တက်ကြွလာကြသည်ကတော့ အမှန်ပင် ဖြစ်သည်။
သို့သော် ပြုတ်ကျသွားခြင်း ဆိုသည်မှာ စစ်ကောင်စီ ကို ပြောသည်လား၊ စစ်တပ်ကိုလား ဆိုလိုသည်လားကို အဓိပ္ပါယ် ဖွင့်ဆိုရန် လိုအပ်လာသည်။ စစ်တပ် ဆက်ရှိနေမည်ဆိုလျင် နောက်ထပ် စစ်ခေါင်းဆောင်များ နေရာဝင်ယူလာခြင်းသာ ဖြစ်မည်၊ လေ့လာသူများကမူ ဒုခေါင်းဆောင် စိုးဝင်းသည် မင်းအောင်လှိုင်ထက်ပင် လက်သံ ပြောင်နိုင်သည်ဟု ခန့်မှန်းနေကြသည်။
မြန်မာ စစ်တပ် အနေဖြင့် ရှေ့လျောက် မည်သည့် အခန်းကဏ္ဍ က ပါဝင်လာမည်နည်း၊ လက်လွှတ်လိုက်ရသော ရခိုင်၊ ကချင်၊ ရှမ်းမြောက် ဒေသ၊များကို စည်းခြားထားမည်လော၊ သို့မဟုတ်ကလည်း စစ်တပ် နှစ်ခြမ်းကွဲသွားပြီး အချင်းချင်း ပြန်တိုက်ကြမည်လော။
ဆီရီယား နှင့် မြန်မာသည် ဘူမိ မဟာဗျူဟာ ကျမှု၊ နိုင်ငံရေး၊ စစ်ရေး အစစ အရာရာ တွင် ကွာခြားနေသည်။ စစ်ခေါင်းဆောင်များသည်လည်း ကမ္ဘာကြီးတွင် ဖြစ်ပျက် နေသည်များကို အတိုင်းအတာ တခုအထိသာ သိရှိကြပုံရသည်။ ထို့အတွက်ကြောင့်လည်း အာဏာ သိမ်းခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ မှာ ၂၀၂၅ အတွင်း အာဆတ် ထွက်ပြေးရသည် အထိ အနေအထား ရောက်ရန် ရည်ရွယ် လုပ်ဆောင်သွားမည်၊ အသွင်ကူးပြောင်းရေး ကာလ အတွက် နိုင်ငံတကာ အကူအညီများ လိုအပ်သည်ဟု အယ်ဂျာဇီယား နှင့် အင်တာဗျုး တွင် ပြောသွားခဲ့သည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် များကတော့ ၎င်းတို့၏ ဘာ တွေ လုပ်မည် ဆိုသည်ကို လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုကြခြင်း မရှိပေ။
အနောက်တိုင်း မှ မည်သည့် အကူအညီမျိုး မှ ထွက်လာမည် မဟုတ် သည်ကို လေးနှစ်ကြာလာပြီး နောက် ရှင်းလင်းစွာ သိမြင်နိုင်သည်။
နွေဦး တော်လှန်ရေး တွင် ခေါင်းဆောင်မှု ချို့ယွင်းချက်များ ရှိနေသည်ဟု ဝေဖန်မှု များ ထွက်ပေါ်လာသည်။ စစ်ကောင်စီ အလျင်အမြန် ပြိုလဲသွားလျင် နိုင်ငံရေး နှင့် စစ်ဖက် အင်အားစု များ အနေဖြင့် တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့ အထိ စဉ်းစား လုပ် ဆောင် ကြရတော့မည်။
တဖက်တွင်လည်း ပိန်းပိတ်မတတ် ထူထဲစွာ ရှိနေသည့် စစ်တပ် အတွင်းပိုင်းကို မြင်အောင် ကြည့်ပြီး သဘောထား အလယ်အလတ် ရှိမည့် ဗိုလ်ချုပ်ကြီး တဦး ကို ရှာဖွေလိုလာကြသည်။ အားလုံးသည် အနည်း နှင့် အများ ဆိုသလို စစ်ရာဇဝတ်ကောင်များ ဖြစ်နေကြ၍ အချိန်ကုန်ယုံသာ ရှိပေမည်။ ယခု အချိန် အထိ ထိုသို့ ထွက်ပေါ်လာမည့် အလားအလာ သည် ခန့်မှန်းနေသည့် အဆင့်တွင်သာ ရှိပေသေးသည်။
တော်လှန်ရေး အင်အားစုများက တော့ စစ်တပ်ကို နိုင်ငံရေး နယ်ပယ်မှ လုံးဝ ဖယ်ရှားပစ်နိုင်ဖို့သာ အားသန်နေကြသည်၊ ၎င်းတို့ အားလုံး ကျုးလွန်ခဲ့သည်များ အတွက် တာဝန်ခံ ဖို့ကိုလည်း ပြင်းပြစွာ လိုလားနေကြသည်။ ဤသည်ကို ရိပ်စားမိသော စစ်ခေါင်းဆောင်များ အာဏာကို မရမက ကုပ်ကပ် ဆုပ်ကိုင် နေခြင်း၏ အကြောင်းရင်းခံ တခုလည်း ဖြစ်သည်။ မင်းအောင်လှိုင်နေရာတွင် နောက်တယောက် နှင့် အစားထိုးလည်း ကျေနပ်စရာ ဖြစ်လာမည် မဟုတ်ပေ။
နိုင်ငံတွင်း ရှိ နိုင်ငံရေး သမားများက လျို့ဝှက်စွာ ဆွေးနွေးပြီး"ငွေဆောင် သဘောတူညီချက်" ဆိုကာ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်အောင် လမ်းခင်းလာကြသည်။ အနောက်တိုင်းမှ ငြိမ်းချမ်းရေး ဈေးဗန်းခင်းလိုသူ များလည်း မှောင်ရိပ်ခို စောင့်ဆိုင်းနေကြမည်သာ ဖြစ်သည်။
အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း ၂၀၂၀ တွင် အာရက္ခတပ်တော် ကျင့်သုံးခဲ့သလို တိုက်ပွဲများ ရပ်တန့်ပြီး အင်အားခိုင်မာ အောင် စုစည်းကာ စစ်ဆင်ရေး ကို စတင်ရန် စီမံနေကြပုံရှိသည်။
စစ်တပ်သည် ၁၀၂၇ စစ်ဆင်ရေး မှ စ၍ မကြုံစဖူး အောင် အရှုံးနှင့် ရင်ဆိုင်နေရသော်လည်း အတွင်းမှ ယခုထိ တောင့်ခံထားနိုင်ဆဲ ဖြစ်သည်။ လက်နက်ကြီးများ နှင့် လေတပ် အင်အား ကြောင့်လည်း တကြောင်း ဖြစ်သည်။ ၎င်းတို့ဖက်မှ ထောက်ခံနေကြသူများလည်း ရှိနေသည်။
မင်းအောင်လှိုင်ကို နိုင်ငံရေးအရ အရေးနိမ့်အောင် ၎င်းအား ရာထူးမှ ဖယ်ရှားနိုင်မှ ဖြစ်ပေမည်။ လေးနှစ်နီးပါး တောင့်ခံထားနိုင်သည့် ၎င်း၏ အနေအထား ကို လျော့တွက်၍ မရပေ။ အဓိက အကြောင်းရင်း တခုက စစ်တပ် အတွင်း ဝါဒဖြန့် မှိုင်းမိနေကြပြီး၊ လိုရာဆွဲပြီး စိတ်ကူးယဉ်နေကြသော ကြောင့်ပင် ဖြစ်သည်။
စစ်ကောင်စီ ကျရှုံးဖို့ သည် စစ်မြေပြင် တွင် အရေးနိမ့်လာမှုများ၊ နိုင်ငံရေး ဖိအားများ၊ စစ်တပ် အတွင်း အလှည့်အပြောင်းများ၊ စီးပွားရေး ကျဆင်းလာမှု၊ မြို့ပြ ဒေသများ တွင် ငြိမ်းချမ်းစွာ လူထု ဆန္ဒပြမှု များ ထွက်ပေါ်လာမှု စသည့် ဖိအားများ ရှိနေသည်။
ပြည်ပ ဖက်မှ ဆိုလျင် အနောက်တိုင်း၏ သံတမန်ရေး ဖိအား နှင့် ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်သည် မည်သို့မျှ အရာမရောက် ဖြစ်နေသော်လည်း တရုတ်၏ ပါဝင် ပတ်သက်မှုသည် ကြီးမားသည်ထက် ကြီးမားလာနေသည်။
သို့သော် အိုင်စီစီ ရှေနေချုပ်၏ မင်းအောင်လှိုင်အား ဖမ်းဝရမ်း ထုတ်ပေးရန် တရားရုံးသို့ ဦးတိုက် လျောက်ထားမှု သည် နိုင်ငံတကာ၏ အိပ်ပျော်စားဝင် လုပ်နေခဲ့သည်များထက်စာလျင် အရေးပါသည့် ခြေလှမ်း လှမ်းလာခဲ့ခြင်း ဖြစ်သည်။
NUG သည် ၎င်းတို့ကို အသိအမှတ် ပြု ခံရရေး ကို အစပိုင်းတွင် အင်တိုက်အားတိုက် ပုံအော်လုပ်လာခဲ့သော်လည်း အောင်မြင်မှု ရမလာခဲ့။ ပြည်ပရောက် မြန်မာ နိုင်ငံသားများ၏ ရံပုံငွေ ရှာပေးနိုင်မှု သည် ပို၍ ထိရောက်လာခဲ့သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် ၂၀၂၅ အတွင်း ရည်မှန်းချက်များကို ယခုထက် ပို၍ လုပ်ပြရန် လိုအပ် လာနေပြီ ဖြစ်သည်ဟု ရေးသားထားသည်။
The Diplomat စာစောင်တွင်လည်း NUG အနေဖြင့် ပြုပြင်ပြောင်းလဲမှု များ လုပ်ရန် လိုအပ်နေပြီး တရုတ် နှင့် အိန္ဒိယ တိုက်ထွက် ဟင်းချက် နည်းလျာများကို စပ်ပေါင်းပြီး "မြန်မာ တိုဖူး" လုပ်သလို သံခင်း တမန်ခင်း မျိုး ကျင့်သုံးရန် အကြံပေးထားသည်။
ယခု ၂၀၂၅ ခုနှစ်အတွင်း NUG အတွက် ပြုပြင်ပြောင်းလဲရေးများ စတင်ရမည့်နှစ်ဖြစ်ကြောင်း၊ ထိရောက်သည့် ရလဒ်များ ထွက်စေရန် အပြောင်းအလဲ ပြုလုပ်ခြင်းသာဖြစ်သည်ကို နားလည်စေလိုကြောင်း၊ ဦးတည်ချက်မှာ မူလ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရန်နှင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးပင်ဖြစ်ကြောင်း ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ မှ အစိုးရ၏ ၁!/၂၀၂၅ တွင် အခိုင်အမာ ထပ်မံ ပြောဆို ကြောင်း ခေတ်သစ် သတင်းက ဆိုသည်။
ပြီးခဲ့သည့် တနင်္လာနေ့တွင် အီးယူ၊ အမေရိကန်၊ ဩစတေးလျှ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီယား၊ ဆွစ်ဇာလန်၊ တီမော၊ ဗြိတိန် သံရုံး များမှ နိုင်ငံတွင်း လူအခွင့် အရေး နှင့် လူထု အခြေအနေ ကျပ်တည်းလာမှု ကို စိုးရိမ်မကင်း ကြောင်း အစဉ်အလာ မပျက် ကြေညာချက် ထုတ်ပြန်လာကြကြောင်းလည်း သိရသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!