အားကိုး အားထား ပြုစရာ ကာကွယ်ရေး ဦးစီးချုပ်ဆိုသူ ကလည်း တော်လှန်ရေး တပ်ဖွဲ့များ နေပြည်တော် တံခါးဝ ရောက်လာသည် နှင့် လေယာဉ် ပေါ် တက်ပြေးရန် အဆင်သင့် ပြင်ဆင်နေချိန်တွင် ရင်ဆိုင် တိုက်ပွဲများ တွင် ၎င်း၏ သစ္စာခံများကတော့ အသေခံ တိုက်ခိုက်ပေးနေကြဆဲပင် ဖြစ်သည်။
မင်းအောင်လှိုငိသည် တရုတ်မှ ၎င်းတို့ ပြုတ်ကျသွားသည် အထိ အဖြစ်မခံဟု စိတ်ထဲတွင် စွဲမှတ် ယုံကြည်နေသူ ဖြစ်သည်။ ထို့အတွက်လည်း ကျိုးနွံစွာ ၎င်း တို့ ပြောသမျှ လိုက်လုပ်ပြီး နိုင်ငံတဝက်ကိုပင် အုပ်ချုပ် နိုင်စွမ်း မရှိသည်ကို ကမ္ဘာသိ ဖြစ်ပါလျက် သန်းကောင်စာရင်း ကောက် လူဦးရေ ဘယ်ရွေ့ဘယ်မျှ ရှိ နေ ပါသည်ဟု လိမ်ညာရဲသူ ဖြစ်သည်။
ပြီးခဲ့သည့် နှစ် မတ်လ ၁၈ ရက်နေ့ ရုရှား မီဒီယာ နှင့် အင်တာဗျုး တွင် မင်းအောင်လှိုင် ပြောခဲ့သည် တခုက ရယ်စရာ အကောင်းဆုံး ဟာသ အဖြစ် တင်ကျန်သွားခဲ့သည်။ ၎င်းအား သားသမီးများအား မည်သို့ ဆုံးမ သွန်သင် ခဲ့ပါသလဲ ဟူသော အမေးကို ဖြေရာတွင် အလုပ်ကြိုးစား လုပ်ကိုင်ပြီး ရိုးသားမှု ရှိရန် သင်ကြားပေးခဲ့သည် ပြောသွားခဲ့ခြင်းပင် ဖြစ်သည်။
သားသမီးများကတော့ ၎င်းတို့ အား ရိုးသားမှု ရှိရန် ပြောဆို ဆုံးမနေသည့် ဖခင်သည် ရရှိနေသည့် အစိုးရ ဝန်ထမ်း လစာနှင့် ရန်ကုန်၊ နေပြည်တော် နှင့် ပြင်ဦးလွင် တို့တွင် နန်းတော်တမျှ ခမ်းနားသော အိမ်ကြီး အိမ်ကောင်းများ အဘယိကြောင့် ပိုင်ဆိုင်နေရသနည်းဟု အတွေးများ ဝင်လာကြပြီး အ ကြောင်းရင်း ကို သဘောပေါက်လာသည် နှင့် အမျှ တိုင်းပြည်အား ဖခင် ပေးသည့် အမွေအနှစ် ဆိုကာ ထင်တိုင်းကြဲလာ ခဲ့ကြသည်။
နောက်ထပ် ပျက်လုံး တခုကား စက်တင်ဘာ ၂၇ ရက် ကမ္ဘာခရီးသွားလာရေး နေ့တွင် ကမ္ဘာလှည် ခရီးသွား လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးလာစေရန် နိုင်ငံတဝှမ်း လုံခြုံ စိတ်ချစွာ သွားလာ နိုင်စွမ်း ရှိကြောင်း သတင်းမှန် များ ထုတ်ပြန်ပေးရန် ဝန်ကြီး၊ ဝန်ကလေး များကို ညွှန်ကြားခဲ့ခြင်းပင် ဖြစ်သည်။
၎င်း ထိုသို့ မပြောမီ နှစ်လ အလို ဇူလိုင်လ အတွင်း ကမ္ဘာကျော် ငပလီ ကမ်းခြေအား အာရက္ခ တပ်တော်မှ အပြီး အပိုင် သိမ်းပိုက်ခဲ့ပြီး ဖြစ်နေသည်။
မင်းအောင်လှိုင်သည် ထိုသို့ ပျက်လုံး ဆန်ဆန် ဟာဒယ ရွှင်ဆေး များ ဖြင့် တိုင်းပြည်သည် ပုံမှန် ဖြစ်နေပါသည်ဟု ကမ္ဘာကို လှည့်ဖျားရန် မရမက ပြောဆိုလာခြင်း ဖြစ်သည်။
နိုင်ငံခြားသားများ မဆိုထားဘိ ပြည်တွင်းနေ သူများပင် တနေရာမှ တနေရာသို့ ဘုရားစာ ရွတ်၍ သွားနေရသည့် အနေအထားမျိုး ဖြစ်နေသည်။
၎င်းကဲ့သို့ပင် ဆက်သွယ်ရေး နှင့် ပို့ဆောင်ရေး ဝန်ကြီး အဖြစ် ချောင်ထိုးခံထားရသော မြထွန်းဦးသည်လည်း ထူးမခြားနားပင် နိုင်ငံအတွင်း ကမ္ဘာလှည့် ခရီးသွားများ အကြိုက် နေရာများသည် လုံခြုံစိတ်ချရကြောင်း သတင်းမှန်များ ဖြန့်ဖြူးပြီး ဆွဲဆောင်ကြရန် ဗုဒ္ဓဟူးနေ့ တွင် ပြုလုပ်သော ခရီးသွားလာရေး ဗဟို လုပ်ငန်း ကော်မတီ အစည်းအဝေး တွင် ပြောဆိုသွားပြန်သည်။
၎င်းတို့အားလုံး စိတ်ထဲ ဖြစ်စေချင်သည် မှန်သမျှ အပြင်တွင်လည်း တကယ် ဖြစ်နေသည်ဟု စွဲထင်နေသော စိတ္တဇ ဝေဒနာရှင် များ ဟု မဆိုက အခြားမည်သို့များ ပြော၍ ရနိုင်ပေဦးမည်နည်း၊ ထိုသို့သော လူမျိုး များက တိုင်းပြည်ကို သားစဉ်မြေးဆက် အုပ်ချုပ်သွားရန် လုံးပမ်းနေခြင်းကပင် ၅၄ သန်းသော ပြည်သူများ ၏ အနာဂတ် အတွက် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော အန္တရာယ်ကြီး ကျရောက်လာ နေခြင်းပင် ဖြစ်သည်။
၎င်းတို့ကဲ့သို့ ရူးသွပ်ခြင်း မရှိရှာသည့် အမေရိကန် အစိုးရသည် နောက်တနေ့မှာပင် ၎င်းတို့၏ နိုင်ငံသားများအား မြန်မာ ပြည်သို့ ခရီးမသွားရန် အလန့်တကြား သတိပေးလာခဲ့သည်။
ထို့အပြင် အမေရိကန် မှ ၎င်း၏ သား ပါဝင် ပတ်သက်နေသော Mytel တယ်လီကွန်း ကုမ္ပဏီ အား နာမည်ပျက် စာရင်း သွင်းကာ ဒဏ်ခတ် ပိတ်ဆို့ လိုက်ပြန်သည်။
ပြီးခဲ့သည် မတ်လ တော်လှန်ရေး နေ့တွင် ရခိုင်၊ ကချင် နှင့် ရှမ်းမြောက်ဒေသများရှိ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်းယူရန် ထိုးစစ်များ ဆင်နွှဲတော့မည်ဟု ကြိမ်းဝါးခဲ့သော်ငြားလည်း ရက်သတ္တပတ် အနည်းငယ် အတွင်း မှာပင် လားရှိုး နှင့် အတူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုပါ လက်လွှတ်ခဲ့ရသည်။
၎င်းပြောသည့် ထိုးစစ်များက မည်ကာမတ္တမျှသာ ထွက်ပေါ်လာခဲ့သည်၊ တိုင်းပြည်ပုံမှန် ဖြစ်ရန် ကြိုးပမ်းမှု မှန်သမျှ ကို အခိုင်အမာ ထောက်ခံကြောင်း တရုတ်ထံမှ ကတိကဝတ်များ ရခဲ့ပြီးနောက် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု များ အရှိန်မြှင့် လာသော်လည်း ရှူံးပြီးရင်းသာ ရှူံးလာနေပြီး အမ်း ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုပါ ထပ်မံ လက်လွှတ်ခဲ့ရသည်။
ဗျူဟာမြောက် ပြန်လည် စုစည်းနေသည် ဆိုသော်လည်း လက်တွေ့ တွင် ဗုံးကြဲတိုက်ခိုက်မှု များသာ တိုး၍ လာနေပြီး ဗုဒ္ဓဟူးနေ့တွင် ရမ်းဗြဲ ကျွန်း ရှိ ကျောက်နီမော် ရွာကို လာရောက် ဗုံးကြဲ ခဲ့သဖြင့် ကျေးရွာသူ ကျေးရွာသား ၊ အမျိုးသမီး နှင့် ကလေး များ အပါအဝင် ၄၀ ခန့် သေဆုံးခဲ့သည် ဆိုသော အေပီ သတင်း ကို ကမ္ဘာတဝှမ်း သတင်းစာများက ကူးယူ ဖေါ်ပြခဲ့ကြသည်။
ကချင် လွတ်လပ်ရေး တပ်တော်သည်လည်း နိုင်ငံ မြောက်ပိုင်း တွင် အောင်ပွဲ အလီလီ ရရှိလာခဲ့ရာ ဗုဒ္ဓဟူး နေ့ နံနက်တွင် မန်စီ ရှိ ခမရ ၃၁၉၊ ၆၀၁ နှင့် အမြှောက်တပ်ရင်း ၅၂၃ တို့ကို သိမ်းယူ နိုင်ခဲ့မှုနှင့် အတူ မြို့ကို အလုံးစုံ ထိန်းချုပ် နိုင်ခဲ့သည်။
ခရိုင် မြို့ တမြို့ ဖြစ်သည့် ဗန်းမော် မြို့တွင်း တိုက်ပွဲများ ဖြစ်နေပြီး စစ်တပ်မှ လေကြောင်းမှ လက်နက် နှင့် ရိက္ခာ များ ချပေးနေရသည့် အဖြစ် ရောက်လာသည်။
ချင်းပြည်နယ် တခုလုံးအားလည်း လက်လွှတ်ရဖို့ တဲတဲ လေးသာ ကျန်တော့သည်ဟု မြေပြင် သတင်းများက ဆိုသည်။
ဤသည်က တော်လှန်ရေး နေ့ တွင် ကြိမ်းဝါးခဲ့ပြီး နောက် ထွက်ပေါ်လာသော ၎င်း၏ စွမ်းဆောင်ရည် များသာ ဖြစ်သည်။
မင်းအောင်လှိုင် ဖက်တွင် လူအင်အား၊ လက်နက်အင်အား၊ များ အစစ အရာရာ သာလွန် နေပြီး လေကြောင်းမှလည်း အသာစီး ရနေသည့် ကြားမှ နေ့စဉ် ရက်ဆက် ဆိုသလို အရေးနိမ့် နေသည်ကို ကြည့်ပြီး ပုံမှန်စိတ် ရှိသူများ ဆိုက ကာကွယ်ရေး ဦးစီးချုပ် ဆိုသူ၏ အရည်အချင်း အပေါ် မဖြစ်မနေ မေးခွန်းထုတ်လာရတော့မည်သာ ဖြစ်သည်။
နိုင်ငံ အုပ်ချုပ် ရေး ပိုင်း ကြည့်ပြန်လျှင်လည်းအိမ်နီးချင်း တိုင်းပြည်များ မီးထိန်ထိန် လင်းနေ ချိန်တွင် တပြည်လုံးအား ဖယောင်းတိုင် ဖြင့် နေနိုင်ရန် အထိ စွမ်းဆောင်ရည် ထပ်မံ မြင့်တက်လာခဲ့သည်။
နောက်ထပ် ရရှိသော သတင်းအရ ၂၀၂၄ ဖေဖေါ်ဝါရီလ အတွင်း နယူးယောက်ရှိ ဖက်ဒရယ် တရားရုံးတွင် မြန်မာ ရှိ လက်နက် ထုတ်လုပ်နိုင်သည့် အဆင့်ရှိ ယူရေနီယံ နှင့် ပလူတိုနီယံ များကို အီရန်သို့ တရားမဝင် ရောင်းချရန် စွဲဆိုခံထားရသည့် ဂျပန် ယာကူဇာ ဂိုဏ်း ခေါင်းဆောင် တာကီရှိ အီဘီဆာဝါသည် ၎င်းတွင် အပြစ်ရှိကြောင်း တရားဝင် ဝန်ခံလိုက်ပြီ ဖြစ်သည်ဟု သိရသည်။
ထို့အတွက် မြန်မာ စစ် ခေါင်းဆောင်များ အား အမေရိကန် သည် မျက်ခြေမပြတ် စောင့်ကြည့်လာ တော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
ကိုးကား - AP/Irrawaddy/CBS