အောက်စဖို့ ၏ ကိုဗစ် ကာကွယ်ဆေး စထုတ်ရန် အိန္ဒိယ ကုမ္ပဏီ စွန့်စားပြီ

by Hla Soewai - May 23 2020

ဧပြီလ ၂၁ ရက်နေ့တွင် အိန္ဒိယရှိ ဆီရမ် အင်စတီကျု အကြီးအကဲ အက်ဒါ ပူနားဝါလားသည် သူ၏ ကုမ္ပဏီ ရုံးခန်းသို့ မျှော်လင့်ချက် အပြည့်နှင့် ရောက်လာခဲ့သည်။

ဆီရမ် အင်စတီကျု သည် ကမ္ဘာပေါ်တွင် ကာကွယ်ဆေး ထုတ်လုပ် ဖြန့်ဖြူးနေသည့် အကြီးမားဆုံးသောကုမ္ပဏီကြီးလည်း ဖြစ်သည်။ ပုံမှန် အချိန်များတွင်ကား ယင်းတို့ ထုတ်လုပ်သော ကာကွယ်ဆေးများသည် ထိရောက်မှု ရှိကြောင်း အတည်ပြုပြီးသား ဖြစ်ပြီး ကမ္ဘာတဝှမ်းမှ အမှာစာများလည်း တဖွဲဖွဲ ဝင်ရောက်လာနေသော ဆေးများသာ ဖြစ်သည်။

သို့သော် ဒီတကြိမ်တွင် မစ္စတာ ပူနားဝါလား (ပုံပါ) ထုတ်မည့် covid-19 ကာကွယ်ဆေးသည် အောက်စဖို့ တက္ကသိုလ်ကြီးရှိ ဂျင်နာ အင်စတီကျုမှ ဖေါ်စပ်ထားသည့် ဆေး ပင် ဖြစ်သည်။

ထိုနေ့မနက်ကလည်း ပူနားဝါလားသည် ဖခင် ဖြစ်သူ ဆိုင်ရပ်စ် ထံ ဖုန်းဆက်ပြီး အပြီးသတ် အတည်ပြုချက် ရယူခဲ့သည်။

ဤသို့ဖြင့် ၁၉၆၆ ခုနှစ်က စတင်တည်ထောင်လာခဲ့သည့် ဆီရမ် အင်စတီကျု သည် ဂျင်နား မှ တီထွင် ဖေါ်စပ်လိုက်သည့်
ChAdOx1 nCoV-19 ဆေး အား အ​မြောက် အမြား ထုတ်လုပ်တော့မည် ဖြစ်သည်။ စက်တင်ဘာလ တွင် သန်း ၄၀-၅၀ အထိ ထွက်ရှိလာမည် ဖြစ်သည်။

ယင်းကဲ့သို့ ရုတ်ခြည်း ဆုံးဖြတ်ခဲ့မှုကြောင့် စက်ရုံအား ဒေါ်လာ သန်း ၈၀ ခန့် အကုန်အကျ ခံပြီး ပြန်လည် မွမ်းမံရတော့မည် ဖြစ်သည်။ ထို့အပြင် ထုတ်လုပ်မှု ကုန်ကျ
စရိတ်သည် ဒေါ်လာ သန်း ၃၀ ထိ ဖြစ်သွားနိုင်သည်။

အကယ်၍သာ ယခုနှစ် အကုန်ပိုင်းတွင် စမ်းသပ်မှုများက မအောင်မြင်ခဲ့လျှင် နှစ်စဥ်ဒေါ်လာ သန်း ၈၀၀ ဝင်ငွေ ရှိနေသည့် ကုမ္ပဏီကြီးအဖို့ မရောင်းရသော ဆေးများ
လက်ဝယ်ပိုက်ကာ ကြွေးတင်ခံရဖို့ ရှိနေသည်။

သို့သော် ပူနားဝါလား က နောက်တွန့်ခြင်း မရှိသည့်အပြင် မိမိစိတ်ထဲ အောင်မြင်ရမည်ဟု အလိုလို သိလာနေသည်ကတကြောင်း လူအများ၏ ကျန်းမာရေး အတွက် လုပ်မှ ဖြစ်မည်ဟု စိတ်ပိုင်းဖြတ် လိုက်ခြင်းကြောင့် တကြောင်း ယခုလို အနေအထားမှာပင် ဆုံးဖြတ် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

လောလောဆယ်တွင် အခြား ကုမ္ပဏီ အမြောက် အမြားသည်လည်း ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး အတွက် အောက်စဖို့ နှင့်သဘောတူညီချက် ရရန် ကြိုးစားလျက် ရှိနေသည်။

သို့သော် ဆီရမ် အင်စတီကျု သည် မိသားစုပိုင် ကုမ္ပဏီ မျိုး ဖြစ်၍ ဆုံးဖြတ်ချက်ကို ယခုလို လျှင်လျှင် မြန်မြန် ချမှတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ မိမိတို့ ကုမ္ပဏီ မှ ဝင်ငွေအလယ်အလတ် နှင့် ဆင်းရဲသော နိုင်ငံများ ကို တတ်နိုင်သည့် နှုန်းထားဖြင့် ဖြန့်ချီမည် ဖြစ်သည်ဟု ပူနားဝါလားက ပြောခဲ့သည်။

ဆေးထုတ်လုပ်မှု ကို အောက်စဖို့ မှ သတ်မှတ်ထားသည့် အရည်အသွေး အတိုင်း မေလ ကုန်တွင် အကောင်အထည်ဖေါ်နိုင်ရန် ယုံကြည်မှု အပြည့်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဂျင်နား အဖွဲ့ နှင့် ဆီရမ်သည် လောလောဆယ်တွင် စာချုပ်စာတမ်း သဘောမျိုး မဟုတ်ပဲ gentleman's agreement ပုံစံမျိုး ဖြင့် ထုတ်လုပ်ခွင့် ပြုထားခြင်း ဖြစ်သည်ဟု အဖွဲ့ခေါင်းဆောင် ဒေါက်တာ အေဒရီယင် ဟေးလ် က ပြောသည်။

သို့သော် ပြဿနာ ရှိနေသည်မှာ ကမ္ဘာတဝှမ်း ကိုဗစ်19ကာကွယ်ဆေး စမ်းသပ်မှုတွင် ထိပ်မှပြေးနေသော အောက်စဖို့ အဖွဲ့သည် ၎င်းတို့၏ဆေးသည် တကယ်တမ်း အလုပ်ဖြစ်​ကြောင်း မည်သည့် အချိန်ကျမှ ချပြနိုင်မည် ဆိုသည်ပင် ဖြစ်သည်။

ဗိုင်းရပ်စ် ထည့်မပေးမီ ChAdOx1 nCoV-19 ကာကွယ်ဆေး ကြိုတင် ထိုးထားပေးခဲ့သော မျောက် ၆ ကောင်သည် တလကြာလာသည့်တိုင် ကျန်းမာပကတိ ရှိနေဆဲ
ပင် ဖြစ်သည်။

နောက်လအတွင်း ထိရောက်မှု ရှိမရှိကို ဗြိတိန်တွင် လူ ငါးထောင် ဖြင့် စတင်စမ်းသပ်တော့မည် ဖြစ်သည်။

သို့သော် ရောဂါကူးစက်ပျံ့ပွားနှုန်း နှေးကွေး လာမည်ဆိုက ကာကွယ်ဆေး ထိုးပြီးသူများ နှင့် မထိုးရသေးသူများအကြား သိသာမှု ရှိမရှိကို အချိန် အတော်ကြာမှ သိနိုင်မည် ဖြစ်သည်။

ကျန်းမာသန်စွမ်းသော ဗော်လံတီယာ များ အား ရောဂါပိုး ထည့်သွင်းစမ်းသပ်မှု မျိုး ဖြင့် လုပ်သွားရန် စဥ်းစားနေသည်ဟု ဒေါက်တာ ဟေးလ် က ဆိုသည်။ ထိုသို့ဆိုလျှင် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် အဖြေ ထွက်လာနိုင်မည် ဖြစ်သည်။

စက်တင်ဘာလ အတွင်း တွင် ကာကွယ်ဆေး အား စျေးပေါပေါ ဖြင့် ထုတ်လုပ် ဖြန့်ဖြူးသွားရန် ဆီရမ် အင်စတီကျု မှ စီစဥ်နေပြီ ဖြစ်သည်။ သို့သော် ကမ္ဘာတဝှမ်း လိုအပ်လာမည့် ဘီလီယံ နှင့် ချီသော ကာကွယ်ဆေးများ အတွက် နိုင်ငံတကာရှိကုမ္ပဏီများနှင့် ခွဲဝေထုတ်လုပ်သွားရန် တီးခေါက် စုံစမ်းလျှက် ရှိနေသည်။

သို့သော် မည်သို့မည်ပုံ ဖြန့်ဖြူးရမည်ဆိုသည်ကား မစ္စတာ ပူနားဝါလား တို့ သားအဖ၏ ဆုံးဖြတ်ချက် နှင့် မပြီးတော့ပဲ နိုင်ငံရေး အရ ပတ်သက်လာတော့မည် ဖြစ်သည်။

ရည်ညွန်း၊ ၊ "Jumping the gun" from the Economist (April 28th 2020)