DeepSeek ဒရာမာ

by Hla Soewai - Feb 10 2025

မထင်မရှား တရုတ် နည်းပညာ ကုမ္ပဏီ တခုထံမှ AI နည်းပညာ သုံး DeepSeek ‌ထွက်ပေါ် လာမှု အပေါ် စတော့ဈေး ကွက် ၏ တုန့်ပြန်မှု သည် ကြောက်ခမန်း လိလိ ပင် ဖြစ်သည်။ ရင်းနှီး မြုပ်နှံသူ များက DeepSeek ၏ v3 နှင့် R1 မော်ဒယ် များ မည်မျှ အစွမ်းထက်ကြောင်း ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကောင်းစွာ သိရှိလာကြ သည့် အတွက် အမေရိကန်၏ ဈေးကွက် ကို ထိန်းချုပ် ထားသော ထိပ်ထိပ်ကျဲ နည်း ပညာ ကုမ္ပဏီကြီး ဖြစ်သော အင်ဗီဒီယာ၏ ဈေးကွက် တန်ဖိုးသည် ဒေါ်လာ ၆၀၀ ဘီလီယံ နီးပါးမျှ ပြုတ်ကျသွားခဲ့သည်။

 

အင်ဗီဒီယာ သည် ကွန်ပြူတာ ချစ် ထုတ်လုပ်သူ နှင့် AI နည်းပညာ တူးဖေါ်ရေး ၏ ဂေါ်ပြား တလက်လည်း ဖြစ်သည်။ ထိုသို့သော် ကုမ္ပဏီများ တုန်လှုပ်သွား လောက် ထိခိုက်သွားရသော်လည်း ကမ္ဘာတဝှမ်း ရှိ AI ပရိသတ် အတွက် အသုံးတည့်စရာ အဖြစ် အကောင်းဖက်က ရှုမြင်စရာ ဖြစ်လာခဲ့သည်။ AI နှင့် ပတ်သက်၍ ယှဉ်ပြိုင်ဖက်များ ပေါ်လာပြီ ဖြစ်၍ နောက်ပိုင်းတွင် တီထွင် ဖန်တီးမှု အားကောင်းလာပြီး ဈေး ပေါပေါ နှင့် အသုံးပြု လာနိုင်မည်ဟု ယူဆလာကြ၍ ဖြစ်သည်။

 

အမေရိကန် အစိုးရ အဖို့လည်း တရုတ်အား နည်းပညာပိုင်းတွင် နောက်ကျ ကျန်နေရန် ကြိုးပမ်းခဲ့မှု များလည်း အချည်းနှီး ဖြစ်သွားခဲ့ရသည်။

 

DeepSeek ၏ မိုဒယ်သည် ဂူဂဲလ် နှင့် OpenAI တို့လောက် နီးနီး ကောင်းနေယုံမက ၎င်းတို့ ကုန်ကျခဲ့သည့် တန်ဖိုး ၏ မပြောပလောက်သော ပမာဏ ဖြစ်သော ဒေါ်လာ ၆ သန်းသာ စိုက်ထုတ် အသုံးပြုခဲ့သည်။

 

အမေရိကန်၏ ပိုကုန် ထိန်းချုပ်ထားမှု များ ကြောင့် နောက်ဆုံးပေါ် နည်းပညာ များ အသုံးမပြုနိုင်သော်လည်း တရုတ် ကုမ္ပဏီ သည် ၎င်းတို့ လက်ဝယ်ရှိ ချစ်ပ် များကို ပရိုဂရမ် ပြန်ထည့်ပြီး အစွမ်းရှိသမျှ ညှစ်ထုတ် ယူနိုင်ခဲ့ကြသည်။ ၎င်းတို့ အတွက် ကုန်ကျစရိတ်သည် မယ်မယ်ရရ မရှိသော်လည်း အကောင်းဆုံး ဆိုသည့် AI မော်ဒယ် များနှင့် ပုခုံးချင်း ယှဉ် နိုင်ခဲ့၍ စတင် ထုတ်လွှင် ခဲ့သည့် နေ့မှာပင် အိုင်ဖုန်း တွင် ဒေါင်းလုပ် အများဆုံး ဆွဲ ခံရသည့် App ဖြစ်သွားခဲ့သည်။

 

OpenAI ၏ ဘော့စ် ဖြစ်သူ ဆမ် အော့မင် မှ ၎င်းတို့ အနေဖြင့် ဈေးကွက်တွင် ထိပ်မှ အမြဲလို ရှိနေနိုင်အောင် ငွေ အမြောက်အမြား စိုက်ထုတ် ကုန်ကျ နေမှ ဖြစ်မည်ဟု ရင်းနှီး မြုပ်နှံသူများကို ပြောလာခဲ့သည်မှာ နှစ်ပေါင်း များစွာပင် ရှိလာခဲ့သည်။ ယခုအခါ DeepSeek သည် ၎င်းတို့ ထည့်ဝင် မြုပ်နှံထားသည် များထက် ဒေါ်လာ ၆ သန်း လောက်နှင့် လုပ်ပြ နိုင်ခဲ့သည်ကို တွေ့ လာရသည့် အခါ တွင်တော့ ရင်းနှီး မြုပ်နှံသူများ ၏ စိတ်ကူးထဲရှိ အမြတ်ငွေများ အန္တရာယ် ကျရောက်လာပြီ ကို ရိပ်စား မိ လာ ကြပြီ ဖြစ်သည်။

 

အကောင်းဆုံး ချစ်ပ် ပြား များဖြင့် အကောင်းဆုံး AI များ ထုတ်လုပ်နိုင်သည့် ကုမ္ပဏီသည် အင်ဗီဒီယာသာ ဖြစ်သည်ဟု ၎င်းတို့ ယခင်က ယုံကြည်ထားခဲ့မှုသည် ဇန်နဝါရီ ၂၇ ရက်နေ့တွင် DeepSeek ၏ မထင်မှတ်ပဲ အောင်မြင်သွားခဲ့မှု ကြောင့် ပျက်ပြားသွားခဲ့ရသည်။ OpenAI သည် စတော့ဈေးကွက်ထဲ မဝင်သေး၍သာ ကံကောင်းသွားခဲ့သည်။

 

နောက်ထပ် ကံကောင်းသွားသူက Apple ပင် ဖြစ်သည်။ ၎င်းမှ AI မော်ဒယ် ကိုယ်ပိုင် တည်ဆောက်ရန် ,ဒေါ် လာ ဘီလီယံ ပေါင်းများစွာ ကုန်ကျမည့် အရေး ကို စွန့်လွှတ်ခဲ့မှု ကြောင့် ဖြစ်သည်။

 

အင်ဗီဒီယာ သည် ဈေးကွက် တွင် အရှိန်အဝါ ကျဆင်းသွား‌ သော်လည်း ချစ်ပ်ပြား များ အကြီးအကျယ် ထုတ်လုပ်နိုင်မှု ကြောင့် နောက်ပိုင်းတွင် ပြန်လည် ဦးမော့လာမည် ဖြစ်သည်။ 

 

DeepSeek နမူနာ ကို ကြည့်၍ လျင်မြန် ကောင်းမွန်ပြီး ဈေးချိုချို နှင့် AI များ အပြိုင်အဆိုင် ထုတ်လုပ်လာကြတော့မည် ဖြစ်၍ အသုံးပြုသူများ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာပေမည်။

 

ထိုသို့ ဆီလီကွန် ချိုင့်ဝှမ်းကြီး တခုလုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားအောင် ပြုလုပ်နိုင်ခဲ့သူသည် အသက် လေးဆယ်သာ ရှိသည့် လီယန် ဝင်ဖင်း ဆိုသည့် တရုတ် အမျိုးသား တဦးပင် ဖြစ်သည်။

 

၁၉၈၅ တွင် တရုတ်ပြည် တောင်ပိုင်းရှိ Zhanjiang မြို့အနီး ကျေးရွာတရွာ ရှိ ကျောင်းဆရာ မိသားစု မှ မွေးဖွား ကြီးပြင်းခဲ့သူ တဦး ဖြစ်သည်။ အလယ်တန်း ကျောင်းသားဘဝကပင် တက္ကသိုလ် အဆင့် သင်္ချာ ကို ကောင်းစွာ တွက်ချက်နိုင်သူ ဖြစ်သည်ဟု ဆရာများက ဆိုသည်။

 

၂၀၀၁ တွင် ဟန်ဇူး မြို့ရှိ အထင်ကရ တက္ကသိုလ် ကြီး ဖြစ်သော Zhejiang တက္ကသိုလ်တွင် Electronic Information ဘာသာရပ် ကို လေ့လာသင်ယူခဲ့ပြီး ထိုဘာသာရပ် နှင့် ပင် မာစတာ ဘွဲ့ ရရှိခဲ့သည်။ ထိုတက္ကသိုလ်မှာပင် AI နှင့် စတင် ထိတွေ့ခွင့် ရလာခဲ့သည်။

 

ကျောင်း ပြီးသည့် အခါတွင် အတန်းဖေါ် သုံးဦး နှင့်အတူ ဟန်ဇူး တွင် ဆက်နေပြီး ထိုမြို့ကြီး ၏ အင်တာနက် နည်းပညာ ရေစီးကြောင်းတွင် ဆက်လက် စီးမျောနေခဲ့ရာမှ ရင်းနှီး မြုပ်နှံ နိုင်ရန် ဈေးကွက် အနေအထားကို ကွန်ပြူ တာ ဖြင့် တွက်ချက် ပေးသည့် quantitative investing မော်ဒယ်ကို စတင်စမ်းသပ်ခဲ့ကြပြီး ၂၀၁၃ တွင် Yakebi ဆိုသည့် ရင်းနှီး မြုပ်နှံမှု အကြံပေး အဖွဲ့ကို တည်ထောင်ခဲ့ကြသည်။

 

နောက်ပိုင်း နှစ်နှစ် အကြာတွင် High-Flyer ဆိုသည့် အဆင့်မြင့် နည်းပညာ ဖြစ်သည့် သင်္ချာ ဆိုင်ရာ အသိပညာများ၊ အယ်ဂိုရစ်သမ် များ အသုံးပြုပြီး ဈေးကွက် ကို ခန့်မှန်းကာ ရင်းနှီး မြုပ်နှံ ပေးသည့် quantitative hedge fund အဖြစ် မြှင့်တင်လာခဲ့သည်။

 

ထိုနည်းပညာများကို အခြေခံပြီး DeepSeek ကို ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။။

 

တရုတ် ဝန်ကြီးချုပ်ကပင် လီယန် အား ဇန်နဝါရီ ၂၀ တွင် ဖိတ်ခေါ်ပြီး ဂုဏ်ပြုလာခဲ့သည်။ သို့သော် တရုတ် အစိုးရမှ သတင်းအချက်အလက်များ ဆင်ဆာ လုပ် ထိန်းချုပ်ထားမှု ကြောင့် အမေရိကန် AI နှင့် ယှဉ်နိုင်ရန် အခက်အခဲများ ရှိလာနေသည်။

 

(၂၀၂၅ ဇန်နဝါရီ ၂၉ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "DeepSeek poses a challenge to Beijing as much as to Silicon Valley" နှင့် "The real meaning of the DeepSeek drama" ဆောင်းပါး များမှ ကောက်နှုတ်တင်ပြသည်။)