နိုင်ငံတော် အတိုင်ပင်ခံ အိမ်တော် ရောင်းရန် မင်းအောင်လှိုင် အကြံ မအောင်မြင်ပြန်

by Hla Soewai - Feb 10 2025

တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄ အား ရောင်းချရန် တတိယ အကြိမ် ရောင်းချန် ကြံစည်မှု သည် ဝယ်သူ တဦးတယောက်မျှ ပေါ်မလာဘဲ သတင်းထောက်များသာ စုဝေးလာ၍ ပျက်ပြားသွားခဲ့ရပြန် ပြီ ဖြစ်သည်။

 

နှစ်ဧက နီးပါး ကျယ်ဝန်းသော ‌ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်အား ထပ်၍ ဈေးလျော့ ရောင်းသည် ဆိုကာ ယခင်ကထက် ဒေါ်လာ တသန်း လျော့ ပြီး ကြမ်းခင်းဈေး အ‌မေရိကန် ဒေါ်လာ ၁၄၁ သန်းမြန်မာငွေ ၂၉၇ ဘီလီယံ (အပြင် ပေါက်ဈေး ဒေါ်လာ ၆၆ သန်း) ဖြင့် လေလံတင်ရန် တတိယ အကြိမ် ကြံစည်လာခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် နှစ် မတ်လ တွင် တကြိမ်၊ ဩဂုတ်လ ထဲတွင် တကြိမ် လုပ်ခဲ့ကြပြီးလည်း ဖြစ်သည်။

 

၎င်းတို့အဖို့က တရားရုံး ‌ဆိုသည်ကို ၎င်းတို့ ခိုင်းဖတ် တခုလောက်သာ ယူဆထားပြီး ထင်တိုင်းကြဲ ခွင့် ရနေသော်လည်း ရန်ကုန် ရှိ ပြည်ပ သံရုံးများကို ရှက်ရ ကောင်းမှန်း ပင် မသိတော့လောက်အောင် ဆိုးဝါးလှပေတကားဟု တွေးမိသည်။

 

၎င်းတို့အကြောင်းကို သံရုံးများ၏ ကော့တေး ပါတီပွဲများ တွင် ရယ်ပွဲ ဖွဲ့နေလောက်ပြီ ဖြစ်သည်။

 

ဝယ်ချင်သည် ဆိုစေဦး တိုင်းပြည် စီးပွားရေး ပျက်လုမတတ် ဖြစ်နေသည့် အချိန်မျိုးတွင် စိတ်ပုံမှန် ရှိသော ပုဂ္ဂိုလ် တဦးတလေမျှ ၎င်းတို့ ပိုင်ဆိုင်သည့် ‌ငွေများကို ထုတ်ပြရဲကြမည် မဟုတ် ဆိုသည်ကိုလည်း တွက်ဆမိကြဟန် မတူ။

 

၎င်းတို့နှင့် မပတ်သက်လိုတော့၍ စင်္ကာပူ တွင် နိုင်ငံသား အဖြစ် ခံယူသူ သုံးရာနီးပါး ရှိနေသည်ဟု မြန်မာသံရုံး မှ နိုင်ငံကူး လက်မှတ်များ ဖေဖေါ်ဝါရီ ၂၈ နောက်ဆုံးထား ပြန်လည် အပ်နှံရန် နှိုးဆော်ထားသည့် စာရင်းအရ သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံ ဖန်တီးထားသော ပြစ်မှု များဖြင့် ထောင်ဒဏ် ၂၇ နှစ် ချထားသည့် မတရားမှု ကြီး ကြောင့် ၎င်းတို့ အား တိုင်းပြည် ကို အုပ်ချုပ်ပိုင်ခွင့် နှင့် မထိုက်တန်သူများ အဖြစ် လူထု က သတ်မှတ်ထားကြပြီး ဖြစ်၍ တွန်းလှန် တိုက်ခိုက်နေကြခြင်းလည်း ဖြစ်သည်။

 

စစ်ကောင်စီ နှင့် ဆွေးနွေးရန် ရေလာ မြောင်းပေး လုပ်လာမှု များသည် ပဋိပက္ခကြီး အဆုံးသတ်သွားပြီး ၎င်းတို့ ဆက်လက် တည်မြဲနေခြင်းဖြင့် ပုံမှန် စီးပွား ဆက်ဆံသွားနိုင်ရန် ဝိုင်းဝန်းကြံစည်နေကြခြင်း သာ ဖြစ်သည်။ လိမ်ဖယ် လိမ်ဖယ် နှင့် လေးနှစ်ကျော်လာပြီ ဖြစ်သော စစ်ကောင်စီ အားလည်း လျော့တွက်၍ မရဟု ယူဆလာကြဟန် ရှိသည်။

 

ရောက်လာမည့် အာဆီယံ အထူး သံတမန် အော့သ်မန် ဟာရှင်သည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ရဖွယ် မရှိဟု ဧရာဝတီတွင် ရေးသားထားပြီး မင်းအောင်လှိုင် အပါအဝင် စစ်ပွဲနှင့် မည်သို့မျှ မပတ်သက်သည့် NCA လက်မှတ်ထိုးထားသော အဖွဲ့များ နှင့်သာ တွေ့ဆုံရဖို့ ရှိနေသည်။

 

ဂျပန်ရောက် မြန်မာတော်လှန်ရေးအင်အားစုများနှင့်တွေ့ဆုံခဲ့သော ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး က လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်ဟု သိရသည်။

 

နိုင်ငံတွင်း တိုက်ပွဲ အရှိန် မြင့်လာ‌ နေပြှီး ကချင် လွတ်လပ်ရေးတပ်တော်သည် ဗန်းမော်ရှိ စစ်တပ်၏ အခိုင်အမာ တည်ဆောက်ထားသော ခံစစ် စခန်း ကြီး ဖြစ်သည့် ၃၆၆ အမြှောက်တပ်ရင်း ဌာန ချုပ်ကို သိမ်းပိုက် နိုင်လိုက်ပြီ ဖြစ်သည်ဟု ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက အတည်ပြုခဲ့သည်။

 

ယခုအခါ ဒကစ ၂၁ ဌာနချုပ် ဝင်း အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပြီး မကြာမီ အချိန်အတွင်း သိမ်းယူ နိုင်မည် ဖြစ်သည်ဟု ခန့်မှန်းနေကြသည်။

 

နောင်ချို မြို့ အနီး တောင်ခမ်း ဒေသတွင်လည်း TNLA နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းများက ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!