ဒုက္ခပေး၍ မဝ ကြသေးသူများ

by Hla Soewai - Feb 18 2025

ပြည်တွင်း ရှိ ပြည်သူများ အား ဒုက္ခ ပေး၍ အားမရ သေးသည့် အလား ယခု အခါ အမေရိကန် သို့ နည်း အမျိုး မျိုး ဖြင့် ရောက်ရှိ‌နေကြသူများ ဖက် လှည့်လာကြပြန်သည်။

 

အာဏာသိမ်း အဖွဲ့မှ ထရန့် အစိုးရ နှင့် ဆက်ဆံရေး ကောင်းလို ကောင်းငြား ဟူသော မျှော်လင့်ချက်ဖြင့် အမေရိကန် တွင် တရားမဝင် နေထိုင်နေကြရသူများ အား ပြည်တော် ပြန် နိုင်ရေး အတွက် မည်သို့ မည်ပုံ စီစဉ်ထားကြောင်း အသေးစိတ် အချက်အလက်များကို ဝါရှင်တန်ရှိ မြန်မာ သံရုံးမှ ထုတ်ပြန်လာခဲ့သည်ဟု ဧရာဝတီ မှ ၎င်းတို့၏ ကမောက်ကမ လုပ်ရပ်များ အကြောင်း အစချီ ရေးသားလာခဲ့သည်။

 

ထို့အပြင် အမေရိကန်သို့ ထွက်ခွာမည့်လူများ ပြန်ပို့ခံရဖို့ ရှိနေသည်ဟု လည်း သံရုံးမှ သတိပေးလာခဲ့သည်။

 

အာဏာသိမ်း အဖွဲ့သည် သမ္မတ ဘိုင်ဒင် အစိုးရမှ ၎င်းတို့၏ ခေါင်း‌ ဆောင်ကြီးများ အပါအဝင် မိသားစုများအား ဒဏ်ခတ် အရေးထားမှု များ၊ BURMA ACT ပြဋ္ဌာန်းခဲ့မှု များ အား ပစ်တင် ရှုတ်ချ လာပြန်သည်ဟု ဆိုသည်။ 

 

အမေရိကန်၏ လုပ်ရပ်များကို ယခင် အချိန်က တလုံးတပါဒ မျှ မဟရဲပဲ ယခု ကျမှ ၎င်းတို့သည် ထရန့်ဖက်က ရှိနေသလိုလို ပြောရဲဆိုရဲ ဖြစ်လာကြသည့် သတ္တိရှင်များ ပင် ဖြစ်သည်။

 

၎င်းတို့၏ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်သည် လက်ရှိတွင် သိုသိုသိပ်သိပ် နေနေ ကြရသည့် မြန်မာ နိုင်ငံသားများ ရှိနေကြောင်း လက်တို့ သတင်းပေးသလို ဖြစ်သွားပြီး အန္တရာယ်ကို ဖိတ်ခေါ်ပေးလိုက်ခြင်းလည်း ဖြစ်သည်၊ အကယ်၍ ပြန်ပို့ခံရမည် ဆိုက လေဆိပ်မှ စစ်ကြောရေး စခန်းများ သို့မဟုတ် စစ်သင်တန်းကျောင်းများသို့ တန်းရောက်သွားဖို့သာ ရှိနေသည်။ ထိုင်းမှ ပြန်လာသူများကိုလည်း ထိုသို့ပင် လုပ်ခဲ့ကြပြီး ဖြစ်သည်။

 

ယခုထိတော့ အမေရိကန် မှ ထိုသို့ ပြန်ပို့မည့် အကြောင်း ၎င်းတို့ထံ အကြောင်းမကြားသေးဟု စစ်ကောင်စီ ခန့် လူဝင်မှု ဝန်ကြီး မြင့်ကြိုင်မှ ဘီဘီစီ ကို ပြောပြခဲ့သည်ဟု ပါရှိသည်။ လူများအား ဒုက္ခပေးရမည် ဆိုလျင် လွန်စွာ ဝိရိယ ကြီးသူများ ပီပီ ကြိုတင် ပြင်ဆင်နေကြခြင်း ပင် ဖြစ်သည်။

 

၎င်းတို့ တိုင်းပြည်ကို ထူးချွန်စွာ စီမံ အုပ်ချုပ်နိုင်မှု၏ ရလဒ်များ အဖြစ် မြန်မာ လူထုသည် ညစာကို ဖယောင်းတိုင် မီးရောင်အောက်တွင် စားခဲ့ကြရသည်မှာ လေးနှစ်ထဲ ရောက်လာခဲ့ပြီ ဖြစ်သည်။

 

သို့သော်လည်း ဒု ခေါင်းဆောင် စိုးဝင်းမှ အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းရှင်များအား ဆိုလာ စွမ်းအင်ကို သုံးကြဖို့ ပြောဆိုသွားပြန်သည်။ ၎င်း၏ ရုံးအား ဆိုလာပြား ဖြင့် လျပ်စစ်မီးပေးထားသည်ဟု ဆိုပြီး ၁၈ လအတွင်း ကုန်ကျစရိတ် ကျေခဲ့သည်ဟု ကြွားလုံးထုတ်သွားပြန်သည်။

 

၎င်းတို့ ကြောင့် ဖြစ်ပေါ်လာသော လျပ်စစ်ဓါတ်အား မလုံလောက်မှု နှင့် မိုးထိအောင် မြင့်တက်လာသော စက်သုံးဆီ ဈေးများကြောင့် အသေးစားလုပ်ငန်းများ ပြိုလဲသွားရသည့် အဖြစ်ကို မသိချင်ယောင် ဆောင်နေပြီး၊ ‌နောက်ပိုင်းတွင် ၎င်းတို့ ပေးသည့် အကြံဉာဏ် ကို မလိုက်နာကြ၍ ဖြစ်သည်ဟု နလပိန်တုံးများကို ဝါဒဖြန့်ကြဦးမည် ဖြစ်သည်။

 

၎င်းက ၁၈ လ အတွင်း အရင်းကြေသည် ဆိုသော် ဆိုလာပြားများသည် တိုင်းပြည်စီးပွားရေး၏ အသက်သွေးကြောဖြစ်သော အသေးစား စီးပွားရေး လုပ်ငန်းများ အဖို့ မည်သို့မျှ လက်လှမ်းမမီနိုင် ဖြစ်နေသည်။ ငွေထုတ်ချေးဖို့ ဆိုသည်ကလည်း ရလာသမျှ နိုင်ငံခြား‌ ငွေ ‌များဖြင့် ၎င်းတို့ပင် အနိုင်နိုင် ရပ်တည်နေရရှာသည် မဟုတ်ပါလား။

 

စိုးဝင်းသည် နိုင်ငံ အနှံ ဗုံးကြဲ တိုက်ခိုက်ရန် ၎င်း၏ အဲယားကွန်ဒီရှင်း ရုံးခန်းကြီးထဲ တွင် ဆွေးနွေး ညွှန်ကြားနေစဉ် တွင် တနေ့ထက် တနေ့ ကြီးမြင့်လာနေသော ကုန်ဈေးနှုန်းကြောင့် ဆိုလာပြားကို အိမ်မက်ထဲတွင်သာ တပ်နိုင်ရှာသော အခြေခံ လူတန်းစား ပြည်သူများက‌ တော့ အမှောင်ထဲတွင် ချွေးတလုံးလုံးဖြင့် ယပ်‌တောင်ကို အားပြု ‌နေကြရရှာသည်။

 

ဇန်နဝါရီ ၃၁ ရက် ကာလုံ အစည်းအဝေးတွင် မင်းအောင်လှိုင်မှ နိုင်ငံတဝှမ်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ မရှိဟု ထပ်၍ ပြောသွားသော်လည်း လေးရက်အကြာတွင် မူ ၎င်းမှ နိုင်ငံရေး ပါတီများအား ရွေးကောက်ပွဲ အတွက် ပြင်ဆင်ထားကြဖို့ ကက်ဘိနက် အစည်းအဝေး တွင် ပြောလာပြန်သည်။

 

ယခုအခါ နိုင်ငံ တဝက်နီးပါးကိုသာ ဩဇာ သက်ရောက်နိုင်တော့‌သော မင်းအောင်လှိုင်သည် ၎င်း လေးနှစ် နီးပါး ပြောလာသော ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည့် စကားကို တတွတ်တွတ် ပြောနေဆဲပင် ဖြစ်သည်။

 

နိုင်ငံရေး ပါတီများ အဖို့က မင်းအောင်လှိုင်မှ ရက် အတိအကျ ကြေညာ နိုင်ခြင်း မရှိ ဖြစ်နေ၍ လာမည့် ဇူလိုင်လ ကုန် တွင် ၎င်းတို့၏ အရေးပေါ် အခြေအနေ သက်တမ်း ထပ်တိုး မတိုး ဆိုသည်ကိုသာ စောင့်ကြည့်ရဖို့ သာ ရှိတော့သည်။

 

အာဏာသိမ်းသည့် အချိန်တွင် နိုင်ငံရေး ပါတီပေါင်း ၉၀ ရှိ‌ နေခဲ့သော်လည်း ၎င်းတို့၏ စစ်အုပ်ချူပ်ရေး ကို အင်္ဂတေ လောင်းပေးမည့် ရွေးကောက်ပွဲ မျိုး တွင် ပါဝင်လိုခြင်း မရှိ၍ NLD အပါအဝင် နိုင်ငံရေး ပါတီ ၄၀ ခန့် ပြန်၍ မှတ်ပုံတင်ခြင်း မရှိသဖြင့် ဖျက်သိမ်းခံခဲ့ရပြီး ကိုကိုကြီး ၏ ပြည်သူ့ ပါတီ၊ ခင်ရီ တို့၏ ပါတီများ အပါအဝင် ၅၀ နှင့် ပါတီသစ် ၁၈ ပါတီ ပေါင်း ၆၈ ပါတီ ရှိ‌ နေသည်။

 

၎င်း၏ ရွေးကောက်ပွဲ အားလည်း အာဏာရှင် နိုင်ငံများ နှင့် ကိုယ်ကျိုး ကြည့် အိမ်နီးချင်းများသာထောက်ခံ နေကြသည်။ သို့သော် မင်းအောင်လှိုင်က ၎င်း၏ ရွေးကောက်ပွဲ ကို နိုင်ငံတကာ အသိုက်အဝန်း မှ ထောက်ခံနေကြသည်ဟု ကာလုံ အစည်းအဝေး တွင် ပြောသွားခဲ့သည်။

 

၎င်း အဖို့ သိက္ခာ အကြီးအကျယ် ကျသွားခဲ့ရသည့် ဂျကာတာ အစည်းအ‌ ဝေး အပြီး လေးနှစ်သက်တမ်း အတွင်း ရုရှား နှင့် တရုတ်သာ လာရောက်ဖို့ ဖိတ်ခေါ်ခဲ့သော်လည်း ၎င်း သွားခဲ့သည့် နိုင်ငံခြား ခရီးစဉ်များ အတွင်း နိုင်ငံ ခေါင်းဆောင်များကို ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည်များ ရှင်းပြခဲ့သည်ဟု အရှက်ကင်းမဲ့စွာ ပြောဆိုသွားခဲ့သည်။

 

အပြောခံရသူ အားလုံး၏ စိတ်ထဲတွင်လည်း ဆောက်ဖြစ်မှ ကျောင်းဒကာ ပါ မောင်ရင်ရယ်ဟုသာ ရေရွတ်နေကြမည်လည်း ဖြစ်သည်။

 

တနင်္လာနေ့ ကက်ဘိနက် အစည်းအဝေး တွင် မင်းအောင်လှိုင်မှ အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ရှုတ်ချပြီး အဆိုပါ ဂိုဏ်းများကို နှိမ်နှင်းပြီး ပါဝင် ပတ်သက်နေသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ပြောသွားပြန်သည်။ ယခင် စစ်အာဏာသိမ်း အဖွဲ့တွင် နံပတ် သုံး အဆင့်မှ ယခု သက်သက်ခိုင် လို အဆင့် ဖြစ်သွားရရှာသည့် မြထွန်းဦး အားလည်း ဘန်ကောက်သို့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။

 

တရုတ်မင်းသား ပြန်ပေးဆွဲခံရပြီး နောက် ကျားဖြန့်ဇာတ်လမ်းတွဲအား စောင့်ကြည့်နေသူများကတော့ လေလုံးထွားခြင်း သက်သက်ဟုသာ မှတ်ယူကြမည် ဖြစ်သည်။

 

ရှမ်းမြောက် ဒေသတွင် လူအင်အား သိန်းသောင်းချီ၍ လှုပ်ရှားနေသော ကျားဖြန့်ဂိုဏ်းများအား တရုတ်မှ အတင်းအကျပ် လုပ်မလာမချင်း အကာအကွယ် ပေးနေခဲ့သူ ဖြစ်သည်။ ရှမ်းမြောက် ဒေသတွင် ညီနောင်သုံးဖေါ်ကြောင့် အ‌‌ဆိုပါ ဂိုဏ်းများ ပြိုကွဲသွားပြီး ထိုင်း-မြန်မာ နယ်ခြားသို့ ရွှေ့လာသည့် အခါတွင်တော့ စောချစ်သူကို ရွေကုက္ကူ ဖြင့် တပည့်မွေး လုပ်ကိုင်စေပြန်သည်။

 

ထိုင်း နယ်စပ်တွင် ဖြစ်ပျက်နေမှု များသည် ၎င်းနှင့် မဆိုင် ထိုင်းဖက်မှ အင်တာနက်၊ မီး အပါအဝင် လိုအပ်သမျှ ပံ့ပိုးပေးနေ၍ ဟု ပြောလာသဖြင့် ထိုင်းမှ အကုန် ဖြတ်တောက်လိုက်ပြီ ဖြစ်၍ တကယ်တမ်း ထိခိုက်သွားရသည်က နယ်စပ်နေ စီးပွားရေး လုပ်ငန်း ရှင်လေးများ နှင့် ပြည်သူများသာ ဖြစ်သည်။

 

မြဝတီ ရှိ ၎င်းတို့၏ လက်ဝေခံ လူသုံးဆယ်ခန့်က ထိုင်း ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် စီတန်းလှည့်လည် ခဲ့ကြသည်။ ယခုအခါ မင်းအောင်လှိုင် နှင့် စောချစ်သူ က တရုတ် အပေါ် သစ္စာရှိကြောင်း ပြသလို၍ လူ ခြောက်ဆယ်ခန့် ဖမ်းဆီးပြီး ပြန်လည် လွှဲပြောင်းပေးခဲ့ပြီ ဖြစ်သည်။

 

မင်း‌အောင်လှိုင် ကတော့လ ၎င်း၏ စိတ်အာရုံ ခြောက်ခြားမှု များဖြင့် နိုင်ငံ တွင်း သံသယများ၊ အလိမ်အညာများ၊ အကြောက်တရားများ ဖြင့် လူထု ကို ဒုက္ခပေးနေ ခဲ့သည်မှာ လူ သန်းနှစ်ဆယ်ပင် အငတ်ဘေး ကြုံရလုမတတ် ဖြစ်လာနေပြီ ဖြစ်သည်။

 

ထို့အတွက်လည်း လူထုကြီးကတော့ ၎င်းတို့ဖက်က သေသည်အထိ မားမားမတ်မတ် ရပ်တည် တိုက်ပွဲဝင်သွားရှာသည့် ဆရာ နိုင်မြန်မာ ဈာပနာ ကိုသာ ၎င်းတို့ လုပ်သည့် အကယ်ဒမီ ဆုပေးပွဲထက် ပို၍ အလေးထား လွမ်းဆွတ်လျက် ရှိနေသည်မှာ အဆန်းတကြယ်တော့ မဟုတ်ပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ဧရာဝတီ ၏ ဆောင်းပါး ပါ အချက်အလက်များ ကိုးကား တင်ပြသည်)