တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီး ဌာန လက်ထောက် ဝန်ကြီး လျု ကျောက်ချီ သည် အဖွဲ့ဝင် ၂၆ ဦး နှင့် အတူ ကျားဖြန့် ဂိုဏ်းများ၏ အလိမ်အညာ ခံရသည့် တရုတ် နိုင်ငံသား ၆၀၀ ခန့် ပြည်တော် ပြန် ပို့ရေး ကြီးကြပ်ရန် ဆိုကာ မြန်မာ မှ တဆင့် ရောက်ရှိလာခြင်း ဖြစ်သည်။
တနည်းအားဖြင့် ထိုင်း မှ လျပ်စစ် နှင့် အင်တာနက် ဖြတ် ယုံမျှ နှင့် ရပ်သွား၍ မဖြစ်သေး၊ အလိမ်ခံရသူ များ သင်္ဘောကြီး နှင့် ပြန်ရောက်လာနေသော်လည်း ထိုအထဲတွင် ကျားဖြန့် ဂိုဏ်းခေါင်းဆောင် တဦးတလေမျှ ပါမလာခဲ့။ မည်သူကမျှလည်း ၎င်းတို့အား ဖမ်းဆီးပေးဖို့ တိတိပပ ပြောဆိုခဲ့ကြခြင်း မရှိသလောက်ပင် ဖြစ်သည်။
ခေတ်သစ် သတင်းအရ ကျားဖြန့် ခေါင်းဆောင်များသည် DKBA နှင့် စောချစ်သူ ၏ KNA တပ် အစောင့် အရှောက်ဖြင့် မြဝတီ မြို့ထဲ သွားလာနေဆဲ ဖြစ်သည်ဟု သိရသည်။
စောချစ်သူ ကို ဝရမ်းထုတ်မည်ဟု ထိုင်း မှ ကြွေးကျော်လာသော်လည်း နောက်ပိုင်း လေသံ ပျော့သွားပြီး လာမည့် တနင်္လာနေ့တွင် ဆွေးနွေး ဆုံးဖြတ်မည် ဟု ဖြစ်လာသည်။
တရုတ် အဖို့က ထိုင်း ဖက်မှ ဝရမ်း ထုတ်သည် မထုတ်သည် ဖြစ်စေ စောချစ်သူ မှ ၎င်းတို့ နိုင်ငံသား များ သူ့အလိုလို ပြန်ပို့ရသည်အထိ ဖြစ်လာပြီး အိပ်ကပ်ထဲ ထည့် ထား နိုင်မည့် အခွင့်အရေး ရသွားသည်။ ထိုင်းသည်လည်း ၎င်းတို့ စီစဉ်ထားသည့် အကွက်ထဲ တိုးဝင်လာခဲ့သည်။
ထိုသို့ ဖြစ်လာရန် အဘယ်ပုံ အဘယ်နည်း အကွက်ချ လာခဲ့သည် ဆိုသည်က စဉ်းစားစရာ ဖြစ်လာသည်။
ကျွန်တော် အတွက် ဘဝင်မကျ ဖြစ်လာရသည်က ကမ္ဘာတဝှမ်း သောင်းချီ သိန်းချီ၍ ၎င်းတို့ လုပ်ငန်းများ အတွက် အသုံးချ နိုင်မည့်သူ များ လိမ်လည် ခေါ်ယူ နိုင်ပါလျက် အဘယ်ကြောင့် တရုတ် မင်းသား ကို မှ ရွေး၍ ဖျားယောင်း သွေးဆောင် ဖမ်းဆီးခဲ့ရသနည်း ဆိုသည်ပင် ဖြစ်သည်။
၎င်းအား လူမှား၍ ဖမ်းလာခြင်းမျိုး မဟုတ်၊ ရုပ်ရှင် ရိုက်ကူးရန် ဆိုကာ အီးမေး၊ ဆိုရှယ်မီဒီယာ ချက် များ ဖြင့် အသေအချာ အကွက်ချ ဆက်သွယ် ခေါ်ယူ ခဲ့ပြီး မှ ဘန်ကောက် သုဝဏ္ဍဘူမိ လေဆိပ် မှ တဆင့် မြန်မာ နိုင်ငံထဲ ဖမ်း ခေါ်လာခြင်း ဖြစ်သည်။
တရုတ် မင်းသား ဝမ်ရင်း ပျောက်ဆုံးကြောင်း ၎င်း၏ ရည်းစားမှ တဆင့် သတင်း ထွက် ပေါ်လာပြီး နောက်တွင် တရုတ် အစိုးရ သတင်းများ၊ ဆိုရှယ် မီဒီယာ များ တွင် ထိုင်းသည် သွားရောက်လည်ပတ်ရန် လွန်စွာ အန္တရာယ်များသည့် နေရာ အဖြစ် ပုံဖေါ် ရေးသား လာကြသည်။
ခရီးသွား အေဂျင်စီ များ ကို ဖိအား ပေးလာ၍ လောမသိ၊ တရုတ် နိုင်ငံသား များ ထိုင်း နိုင်ငံသို့ ခရီးသွားမည့် အစီအစဉ်များ အလုံးအရင်း နှင့် ဖျက်သိမ်းလာကြ၍ ထိုင်း အစိုးရ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာခဲ့ရသည်။ ထိုအရေးကို ကိုင်တွယ် ဖြေရှင်းရန် အစိုးရ၏ ဦးစားပေး လုပ်ငန်း အဖြစ် ကြေညာလာရသည်။ ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် ရုပ်မြင်သံကြား မှ နေ၍ သူလည်း တရုတ် သွေးစပ်ပါသည်၊ တရုတ် ခရီးသွားများ လုံခြုံရေးအတွက် အထူး စီမံထားပါသည် ဆိုကာ ပြောလာရသည်။
မကြာမီ ရက်ပိုင်း အတွင်း မှာပင် မည်သို့ မည်ပုံဟု မသိရပဲ ပြန်၍ ကယ်ထုတ်လာနိုင်သည့် သတင်းများ ထွက်ပေါ်လာသည်။ ယခုထိလည်း တိတိကျကျ သတင်းမထွက်ပဲ ရေငုံနှုတ်ပိတ်နေကြသည်။
နောက်ပိုင်း တွင် ထိုကိစ္စ ကို အကြောင်းပြု၍ တရုတ်ဖက်မှ ထိုင်း အစိုးရ အား ဖိအားပေးမည့် ကမ်ပိန်းကြီး စတင် ဆင်နွှဲလာတော့သည်။
မြန်မာ အာဏာသိမ်း အဖွဲ့ကလည်း ၎င်းတို့ နှင့် မဆိုင်၊ ထိုင်းဖက်မှ ပံ့ပိုးပေးနေခြင်းဟု လွှဲချလာသည်။
ထိုင်းအစိုးရလည်း မနေသာတော့ပဲ မြန်မာ ဖက်ခြမ်းသို့ မီး၊ အင်တာနက်နှင့် စက်သုံးဆီများ ကို ဖြတ် တောက် ပေးခဲ့ရသည်။ တဆက်တည်း တွင် တပ်ခ် ပြည်နယ် အတွင်းရှိ ရဲအရာရှိ ကြီး ငါးဦး၏ ချမ်းသာ ကြွယ်ဝနေမှု များကို စုံစမ်းရေး အဖွဲ့ ဖွဲ့၍ စစ်ဆေးသွားမည်ဟု ဆိုသည်။
ထိုင်းသည် လျပ်စစ်မီးကို ၂၀၂၃ နှစ်လယ်တွင် ခေတ္တခဏ ဖြတ်တောက်ခဲ့ဖူးသော်လည်း မီးစက်များ ဝယ်ထားနိုင်ရန် အချိန်ပေးပြီး လုပ်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ အရေး လေ့လာသူ အဘူ ဇာကာရီ က ဆိုသည်။ တပတ်အကြာ တွင် မီးများ ပြန်လင်းလက်လာသည်ကို ကြည့်က ထိုင်း အရပ်ဖက် နှင့် လုံခြုံ ရေး ဖက်ဆိုင်ရာ အရာရှိကြီးများ အကျိုးအမြတ်များ ရနေသည်။
ယခုအခါ နောက်ကွယ်မှ လက်မည်းကြီး ကြောင့် ထိုင်း အစိုးရ နှင့် စောချစ်သူ တို့ ခြိမ်းခြောက် အကျပ် ကိုင် မှု အောက်တွင် လှုပ်ရှားနေရပြီ ဖြစ်သည်။
လက်ရှိတွင် မြန်မာ နိုင်ငံထဲတွင် ခိုင်းစား ခံ နေရသူ ၁၇,၀၀၀ ခန့် ရှိ နေပြီး စောချစ်သူ နှင့် DKBA တို့မှ ၈,၀၀၀ အထိ ပြန်ပို့ပေးမည် ဆိုသော်လည်း ပြဿနာ ၏ အရင်းအမြစ် ဖြစ်သည့် ခေါင်းဆောင် ဆိုသူ များကို ဖမ်းဆီးနိုင်ခြင်း မရှိက ထို ရှစ်ထောင် နေရာ တွင် လူအင်အား ပြန်၍ ဖြည့်တင်းလာကြဦးမည်သာ ဖြစ်သည်။
ထိုင်းဖက်ကတော့ တရုတ် ဝန်ကြီး ကိုယ်တိုင် ၎င်းတို့ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ၊ စခန်းများကို လာရောက် စစ်ဆေးသည်ကိုပင် လက်ခံခဲ့ရယုံမက ရှင်းလင်းပြသ နေရသည့် အဖြစ် ရောက်နေပြီ ဖြစ်သည်။
နိုင်ငံ အများအပြားက မြန်မာ နိုင်ငံမှ လိမ်လည် ခံရသည့် ၎င်းတို့ နိုင်ငံသားများ အား ပြန်၍ ကြိုဆိုနိုင်ရန် ဗျာများနေချိန်တွင် စစ်ခေါင်းဆောင်များကတော့ အပရိက ပြောဆို လုပ်ကိုင်နေသည်များမှ လွဲ၍ ၎င်းတို့နှင့် လားလားမျှ မဆိုင်သည့် အလား မျက်နှာပြောင် တိုက်ကာ ပိုနေမြဲ ကျားနေမြဲ ပင်။
ဘီဘီစီ သတင်းတွင် ထိုင်သည် ၎င်းတို့ နယ်မြေများထဲအထိ တရုတ် တို့ ဝင်ရောက် အသုံးချ လာမည့် အရေးကို ထိန်းညှိ ရန် ကြိုးစားနေ ရသည်ဟု ဖေါ်ပြထားသည်။
"မြန်မာစစ်တပ်ကဘာမှမလုပ်ပေးရင်တော့ အကျိုးဆက်အနေနဲ့ ထိုင်းနိုင်ငံ အထူးသဖြင့်တရုတ်နဲ့ ဆက်ဆံရေးပျက်ယွင်းသွားလိမ့်မယ်'' ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင် တာဝါက ပြောသည်ဟုလည်း ပါရှိသည်။
မင်းအောင်လှိုင် နှင့် မိသားစု ကတြော ပိတ်ဖြူ စင်ကြယ် ဝတ်ကာ ရွှေတိဂုံ ဘုရား တွင် ရွှေသင်္ကန်း ကပ်လှု နေကြသည့် သတင်း က ထိုင်း အဖို့ စိတ်ပျက်ဖွယ် ဖြစ်ပေလိမ့်မည်။
၎င်းတို့ ရွှေသင်္ကန်း ကပ်နေသည့် နေရာနှင့် ၁၀၃.၅ မိုင်သာ ဝေးသည့် ရေကြည်မြို့နယ် ငါးသိုင်းချောင်း အနီး စစ်ကောင်စီ၏ အမှတ် ၃၄၄ အမြောက်တပ်ရင်း အား အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!