တရုတ်အပေါ် လုံးဝ အယုံအကြည်ကင်းမဲ့မှုဖြင့် ဗီယက်နမ်သည် ကိုဗစ်အပေါ် အောင်ပွဲခံဟု ဆို

by Hla Soewai - May 24 2020

ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ဗီယက်နမ်သည် ထိုစဉ်က မည်သူမျှ လုပ်ရန် စိတ်ကူးပင် မရှိခဲ့သည့် အစီအစဉ်ကို စတင်လာခဲ့ပါတယ်၊ ဒါကတော့ တရုတ်၊ ဟောင်ကောင် နှင့် မကာအို မှ လာသော လေယာဉ်ခရီးစဉ်အားလုံးကို ရပ်ဆိုင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်၊ ဒီမတိုင်မီ သုံးရက်ကလည်း အဆိုပါ သုံးနိုင်ငံမှ နိုင်ငံကူးလက်မှတ်များကို ဗီဇာထုတ်ပေးခြင်းများ ရပ်ဆိုင်းခဲ့ပြန်ပါတယ်။

အမေရိကန်က တရုတ် ခရီးသွားများကို စတင် ကန့်သတ်လာပြီး နောက်တနေ့မှာပဲ ဗီယက်နမ်သည် တရုတ် လေကြောင်းလိုင်းများကို ရပ်ဆိုင်းပြစ်ခဲ့တဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာပါတယ်။ ထိုနေ့မှာပဲ မိုင်ပေါင်း ၁,၃၀၀ ရှည်လျားသည့် နယ်စပ်ကိုလည်း ပိတ်ပင်ခဲ့ပြန်ပါတယ်။ ဒီအတွက် တရုတ်တို့ ဒေါသ အမျက်ချောင်းချောင်း ထွက်ခဲ့ကြပါတယ်။

ဗီယက်နမ် တွင် ကိုဗစ် ကူးစက်မှု ကို ဇန်နဝါရီ ၂၃ မှာ စတင် တွေ့ရှိခဲ့ပေမယ့် အဲ့ဒီအချိန်က ဆယ်ဂဏန်းပင် မရှိသေးပါဘူး၊ နှစ်သစ်ကူးပွဲ အပြီး ဖေဖေါ်ဝါရီ ၃ ရက်နေ့မှာ ပြန်ဖွင့်ဖို့ ရှိနေတဲ့ ကျောင်းတွေကိုလည်း ပိတ်ပြစ်လိုက်ပါတယ်။

ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် ရွှန်ဖု မှ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အား “၂၀၂၀ နွေဦး အထွေထွေ ထိုးစစ်ကြီး” ဟု အမည်တပ်ခဲ့ပါတယ်။ ၁၉၇၅ တွင် ဗီယက်နမ်စစ်ပွဲ အဆုံးသတ်သွားစေခဲ့တဲ့ မြောက်ဗီယက်နမ် တို့၏ အပြီးသတ် ထိုးစစ်ကြီး အမည်ကို ယူလိုက်ခြင်းလည်း ဖြစ်ပါတော့တယ်။

ဧပြီလ အလယ်လောက်မှာပဲ ကူးစက်မှု ရပ်တန့်သွားခဲ့ပါတော့တယ်၊ မေလ ၁၄ ရက်တွင်တော့ ပြည်တွင်း နေ လူများ အချင်းချင်း ကူးစက်မှု မရှိတော့တဲ့ ၂၉ ရက် မြောက်နေ့ ဖြစ်လာခဲ့ပါတယ်။ ယင်းနှင့်အတူ ဗီယက်နမ်၏ စုစုပေါင်း ကူးစက်ခံရသူ ၂၈၈ ဦး နှင့် သေဆုံးသူ တဦးတလေမျှ မရှိပဲ ရပ်တန့်သွားခဲ့ပါတယ်။

ထိုသို့ ဗီယက်နမ် အောင်ပွဲခံနိုင်ခဲ့ခြင်းကို ဆန်းစစ်မယ်ဆိုရင် အကြောင်းအမျိုးမျိုး တွေ့ရမှာ ဖြစ်ပါတယ်၊ လျှင်မြန်စွာ အရေးယူ ဆောင်ရွက်နိုင်မှု၊ SARS မှ ရရှိခဲ့သည့် ခါးသီးသော သင်ခန်းစာများ ကို အသုံးချနိုင်ခဲ့မှု၊ နိုင်ငံသားများအား အကြီးအကျယ် စုစည်းနိုင်ခဲ့မှု တို့ကြောင့် ဖြစ်ပါတယ်။ ဒီလို စုစည်းနိုင်ခဲ့ခြင်းသည်လည်း ဗီယက်နမ် ကွန်မြူနစ် ပါတီ မှ မြောက်ပိုင်းရှိ ညီအကိုတော် ပါတီကြီး ၏ လုပ်ရပ်များ အပေါ် နောကြေအောင် သိရှိနေပြီး လုံးဝ အယုံအကြည် မရှိဆိုသည်ကို ထောက်ပြနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

တရုတ်ရဲ့ အကောင်းဖက်က ရှု့မြင်ပြီး ပြောဆိုထုတ်လွှင့်နေတဲ့ သတင်းများကို ကွန်မြူနစ် ပါတီဝင်များ မဆိုထားဘိ၊ သာမန် နိုင်ငံသား တဦးတလေကမျှ အယုံအကြည် မရှိခဲ့ကြဘူးလို့ အငြိမ်းစား ဘဏ်လုပ်ငန်း ရှင် နှင့် ထင်ရှားတဲ့ လူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူ ငုယင် ကွမ် က ပြောခဲ့ပါတယ်။

နှစ်နိုင်ငံရှိ ပါတီ နှစ်ခုစလုံးက ပုံစံတူ ဖွဲ့စည်း လှုပ်ရှားနေကြတာမို့ တဦးရဲ့ ခြေကို တဦးက ရိပ်မိနေကြတာလည်း ဖြစ်ပါတယ်။

ဗီယက်နမ်သည် တရုတ်နဲ့ သဘောတရားရေးတွင်သာမက စီးပွားရေး ပိုင်း ဖြစ်တဲ့ ဈေးကွက် ဦးစားပေး မူဝါဒမှာလည်း တူညီနေတဲ့ တခုတည်း သော ကွန်မြူနစ်နိုင်ငံ ဖြစ်ပါတယ်။ ၁၉၇၅ တွင် နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းခဲ့ပြီးနောက် ဆိုဗီယက်အုပ်စု ကို ကူးပြောင်းသွားခဲ့ပြီး တရုတ်ကတော့ အမေရိကန်နဲ့ ပေါင်းပြီး ကရင်မလင် ဆန့်ကျင်ရေး တွေ အားသွန်ခွန်စိုက် လုပ်နေဆဲ ဖြစ်ပါတယ်။ ၁၉၇၉ မှ တရုတ်၏ လျပ်တပြက် ကျုးကျော်ခြင်း ခံခဲ့ရပြီးတဲ့ နောက် ၁၉၈၀ ကျော် နှစ်များ တလျှောက်လုံး ကမ္ဘောဒီယားရှိ တရုတ် လက်ဝေခံ ခမာနီများနဲ့ တောက်လျှောက်လို တိုက်ခိုက်နေခဲ့ရတဲ့ အပြင် တရုတ်နဲ့လည်း မြေပြင် ရေပြင် နယ်နမိတ် တလျှောက် ကြို့ကြား ကြို့ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြန်ပါတယ်။

၁၉၉၁ တွင်မှ နှစ်နိုင်ငံ ဆက်ဆံရေး သည် ပုံမှန် အနေအထားကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်၊ ယခုအခါ တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ ပိုင်နက် အငြင်းပွားမှုများကြောင့် ဗီယက်နမ်သည် တရုတ်အား အကြီးမားဆုံးသော ပြည်ပ အန္တရာယ် ကြီး အဖြစ် ရှု့မြင်ထားပြီး ဖြစ်ပါတယ်။ တရုတ်သည် ရာစုနှစ်ပေါင်းများစွာ ကတည်းက ဗီယက်နမ် ၏ ရန်သူတော်ကြီး ဖြစ်တယ်ဆိုတာ ပြည်တွင်းမှာ အားလုံးနီးပါး လက်ခံထားကြပါတယ်။

ဗီယက်နမ် ရှိ အစိုးရ နဲ့ ပြည်သူတွေက တရုတ် နဲ့ တရုတ် အစိုးရ လုပ်ရပ်များကို ကောင်းစွာ သိရှိနားလည် ထားသူများ ဖြစ်တာကြောင့် အခုလို ကပ်ရောဂါ နဲ့ ပတ်သက်ပြီး တရုတ်ပြောသမျှ ကို တခုမှ အယုံအကြည် မရှိခဲ့ကြတာလည်း ဖြစ်တယ်လို့ ဗီယက်နမ်ရှိ အထက်တန်း ဥပဒေ ပညာရှင်တဦးက ပြောပြခဲ့ပါတယ်။

“ဒါ့အပြင် ဗီယက်နမ်ပြည်သူတွေကို အကာအကွယ် ပေးနိုင်ဖို့ က တရုတ် နဲ့ အမှီအခို ကင်းကင်း နေမှ ဖြစ်မယ်ဆိုတာလည်း ဗီယက်နမ် ပါတီ ခေါင်းဆောင်တွေက နားလည်ထားကြပါတယ်"

ဗီယက်နမ် မှ လေကြောင်းခရီးစဉ်များနဲ့ နယ်ခြားကို စောစီးစွာ ပိတ်ပင်ခဲ့မှုများကြောင့် တရုတ်တို့ ဒေါသူပုန်ထခဲ့ကြပါတယ်။ ထိုအချိန်က အတော်များများက ထိုသို့ လုပ်ဖို အထိ မလိုအပ်ဘူးလို့ ငြင်းဆန်နေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ထို့အတွက် တရုတ်က ကန့်သတ်မှုတွေ ကို ပြန်ဖွင့်ဖို့ ဗီယက်နမ်ကို ပြောလာခဲ့ပါတယ်။ တရုတ် အမျိုးသားရေး သတင်းစာ ဂလိုဘယ် တိုင်းမ်က ဧပြီလ ၁၁ ရက်နေ့ တွင် ဗီယက်နမ်သည် အမေရိကန်နှင့် ပေါင်း၍ “တရုတ် ပိတ်ဆို့မှု” ကို လုပ်ခဲ့တယ်လို့ ရေးသားလာခဲ့ပါတယ်။ (ဆိုလိုတာက ၁၉၄၈ ဘာလင် ပိတ်ဆို့မှု ကို ရည်ညွှန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ် --- လှစိုးဝေ)

အမေရိကန် အခြေစိုက် ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ တခု ဖြစ်တဲ့ FireEye က ကပ်ရောဂါ ဖြစ်ပွားကာစကပင် ဗီယက်နမ် ထောက်လှမ်းရေးသည် ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းများ ရနိုင်သမျှ စုဆောင်းနိုင်ဖို့ ဆိုက်ဘာ ကနေ ထိုးဖေါက်ခဲ့ကြတယ်လို့ ဆိုပါတယ်၊ ဗီယက်နမ် ရှိ APT32 ဟက်ကာ အဖွဲ့သည် ဇန်နဝါရီ ၆ ရက်နေ့တွင် တရုတ် အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနကို ထိုးဖေါက်ခဲ့ကြတဲ့ အပြင် ဝူဟန် ပြည်နယ် အစိုးရကိုလည်း အလားတူ ပြုလုပ်ခဲ့ကြတယ် လို့ ဆိုပါတယ်။

အဆိုပါ သတင်းများကို ဗီယက်နမ်က ငြင်းဆိုခဲ့ပါတယ်။ သို့သော်လည်း ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနရှိ ဆိုက်ဘာ ကွပ်ကဲမှု ဌာနချုပ်မှ ထိုသို့ လုပ်နိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်ထားကြပါတယ်။

ဗီယက်နမ်သည် အမေရိကန် နဲ့ ပြင်သစ် သမ္မတတွေလို တရုတ်၏ ဗိုင်းရပ်စ်အပေါ် ကိုင်တွယ်မှုကိုတော့ ဝေဖန်ခဲ့ခြင်း မရှိပါဘူး၊ ထိုအစား တင်းကျပ်တဲ့ ကျန်းမာရေး အစီအစဉ်များ နဲ့ လူထုအား ကို ယူပြီး အန္တရာယ်ကို တိုက်ဖျက်နိုင်ဖို့ပဲ အာရုံစိုက်ခဲ့ကြပါတယ်။

ဗီယက်နမ်တို့သည် နိုင်ငံ တွင် အရေးကြုံလာပါက စုစည်းညီညွတ်စွာ တုန့်ပြန်ခဲ့ကြတဲ့ အစဉ်အလာ ရှိပြီး ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

ဗီယက်နမ်က ၎င်းတို့၏ မယုံကြည်မှုကို လူသိရှင်ကြား ထုတ်မပြောပဲ အပြင်ပန်းအားဖြင့် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ ဗီယက်နမ် နယ်ခြားစောင့်တပ်များက တဖက်ရှိ တရုတ်တပ်များကို နှာခေါင်းစီးများ လှုဒန်းကြတဲ့ အပြင် တရုတ်ဖက်ကလည်း ဆေးဝါး တွေ ပို့ပေးခဲ့ပါတယ်။

ဗီယက်နမ်သည် နိုင်ငံအနှံ့ လော့ဒေါင်း လုပ်ထားစဉ် ဧပြီလ ၃ ရက်နေ့ တွင်တော့ တရုတ်ကမ်းခြေစောင့်တပ်က ဗီယက်နမ် ငါးဖမ်းစက်လှေတစင်းကို တောင်တရုတ်ပင်လယ်အတွင်း မှာ နစ်မြုပ်ပြစ်ခဲ့ပါတယ်။ တရုတ်ဖက်ကတော့ သူတို့ စစ်သင်္ဘောကို ဝင်ဆောင့်လို့ နစ်မြုပ်တာလို့ ပြောလာပါတယ်၊ မကြာမီမှာပဲ ပါရာဆဲလ် နှင့် စပရက်လီ ကျွန်းတွေမှာ တရုတ်က ခရိုင်အစိုးရ ဖွဲ့စည်းပေးခဲ့ပြီး တောင်တရုတ် ပင်လယ်အတွင်း ၎င်းတို့ ပိုင်ဆိုင်သည့် နေရာ ၈၀ ရှိတယ်ဆိုပြီး စာရင်းထုတ်ပြန်ရာမှာ ရေအောက်မြုပ်နေတဲ့ သောင်တွေပါ ထည့်သွင်းလာလို့ ဗီယက်နမ်တို့ ဒေါပွလာပါတယ်။

ဗီယက်နမ်က တရုတ် နဲ့ မချစ်သော်လည်း အောင့်ကာနမ်းပြီး ကိုဗစ်-၁၉ အရေးအတွက် ပူးပေါင်းနေရတာကလည်း အာဆီယံ ဥက္ကဌ ဖြစ်နေခြင်း နဲ့ ၎င်းတို့၏ စီးပွားရေး ကို ရိုက်ခတ်လာနိုင်မည့် အလားအလာများကြောင့်သာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

(ဗင်ဖု ပြည်နယ် ရှိ ဆွန်လိုင်း ရွာ အဝင်ကို စောင့်ကြပ်နေသော နှာခေါင်းစည်းများ တပ်ဆင်ထားသည့် ဗီယက်နမ် ရဲအဖွဲ့ဝင်များအား ဖေဖေါ်ဝါရီ ၁၃ ရက် နေ့ တွင် တွေ့ရစဉ်)

ကိုးကား၊ ၊ “Behind Vietnam’s Covid-19 response, Deep distrust of China” from the Diplomat Online (May 14th 2020)