အာဆီယံ အထူး သံတမန် အော့သ်မန် ဟာရှင်သည် နေပြည်တော်မှ အပြန် ဘန်ကောက်တွင် မြန်မာ တော်လှန်ရေး အဖွဲ့များ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ဒီဗီဘီ သတင်းတွင် ဖေါ်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကရင် အမျိုးသား သမဂ္ဂ KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်း အမျိုးသား တပ်ဦး၊ မွန်ပြည်သစ် ပါတီ အာဏာရှင် တွန်းလှန်ရေး အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဟာရှင်သည် နေပြည်တော်ရှိ စစ်အာဏာသိမ်း အဖွဲ့နှင့် တွေ့ဆုံခဲ့ရာတွင် အပစ်အခတ် ရပ်စဲရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ မင်း အောင်လှိုင် သဘောတူခဲ့ သော်လည်း လိုက်နာခြင်း မရှိသည့် အာဆီယံ၏ အချက် ငါးချက်မှ သုံးချက် ဖြစ်သည့် အကြမ်းဖက်မှု များ ရပ်တန့်ရန်၊ လူသားချင်း စာနာမှု အကူအညီများ ပေးပို့နိုင်ရန် နှင့် ပါဝင် ပတ်သက်နေသူများနှင့် တွေ့ဆုံ ဆွေးနွေးရန် ဆိုသည်များ အဓိက ထား ဆွေးနွေးခဲ့သည်ဟု သိရသည်။
ယင်းသည် အာဆီယံ ဖက်မှ တော်လှန်ရေး အဖွဲ့များနှင့် ပထမဆုံး အကြိမ် လူသိရှင်ကြား တွေ့ဆုံလာခြင်းလည်း ဖြစ်သည်။ ၂၀၂၃ အင်ဒိုနီရှား ဥက္ကဌ ဖြစ်ခဲ့စဉ်က စစ်အုပ်ချုပ်ရေး သမားများ နှင့် ကော တော်လှန်ရေး အဖွဲ့များ နှင့် ပါ အကြိမ် ၁၀၀ ကျော်မက ဆွေးနွေးခဲ့ကြပြီး ဖြစ်၍ ထို အတိုင်း ဆက်၍ ချဉ်းကပ် ဆောင်ရွက်သွားမည်ဟု အောသ်မန်က ရှင်းပြခဲ့သည်ဟု သိရသည်။
အိမ်နီးချင်း နိုင်ငံများက မြန်မာနိုင်ငံတွင်း ပဋိပက္ခ ကို အဆုံးသတ်ရေး ခေါင်းပူအောင် စဉ်းစားနေကြချိန်တွင် မင်းအောင်လှိုင်ကတော့ အကယ်ဒမီ ဆုပေးပွဲ တက်ရင်း အလုပ်များနေပြီး မြန့်မာ့သနပ်ခါး ကမ္ဘာသိအောင် လုပ်ရမည်၊ စိုက်ပျိုးရေး တပိုင်တနိုင် လုပ်ရမည် ဟူသော မည်သူမျှ စိတ်ဝင်စားခြင်း မရှိသည်များကို ပြောဆိုနေသည်။
လူတဦး၏ အသိပညာ၊ မမျှော်အမြင် ရှိမှု အား ထိုလူ၏ နှုတ်ထွက်စကားဖြင့် ဆုံးဖြတ်နိုင်သည် ဖြစ်ရာ ထိုအရေး တွင်တော့ မင်းအောင်လှိုင်သည် သုံညအဆင့်သာ ရှိပေသည်။
၎င်းအား ခေါင်းဆောင်တင်ထားသူများသည်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်ပေလိမ့်မည်။
ထိုသိူ့ အရေမရ အဖတ်မရ ပြောဆိုနေချိန်တွင် အာရက္ခ တပ်တော်သည် စစ်တွေအား ထိုးစစ်ဆင်ရန် ပြင်ဆင်သည့် အနေဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြပြီ ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်တွင်လည်း နာမည်ပျက်သည်ထက် ပျက်လာနေသော စောချစ်သူ နှင့် ၎င်း၏ ပါတနာ ဖြစ်သော DKBA တို့မှ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ တွင် ပါဝင်နေသော တရုတ် နိုင်ငံသားများ အား ယခု လကုန် နောက်ဆုံးထား၍ ၎င်းတို့ နယ်မြေများ မှ ထွက်ခွာရန် ကြေညာချက် ထုတ်ပြန်လာသည်။ လိုက်နာခြင်း မရှိက ဥပဒေ နှင့် အညီ အရေးယူမည် ဟု ဆိုသည်။
စောချစ်သူ နှင့် အဖွဲ့သည် မည်သို့သော ပုဂ္ဂိုလ်များက မည်သို့သော အလုပ်များ လုပ်ကိုင်နေသည်ကို သိသိကြီး နှင့် လက်ခံထားကြောင်း ၎င်းတို့၏ ကြေညာချက်က သွယ်ဝိုက်ဝန်ခံသလို ဖြစ်သွားရသည်။
ထိုင်းဖက်မှ လျပ်စစ်၊ အင်တာနက်၊ စက်သုံးဆီများ ဖြတ်တောက်ခဲ့မှု သည် ၎င်းတို့ နယ်မြေများ အတွင်းလှုပ်ရှားနေသော ရာဇဝတ်ဂိုဏ်းများ အတွက် မည်သို့မျှ ထိခိုက်မှု မရှိသော်လည်း ဒေသခံများ ထိခိုက်လာနေ၍ ယခုလို ကြေညာချက် ထုတ်ပြန်လိုက်ရခြင်းလည်း ဖြစ်သည်။
စောချစ်သူ အဖွဲ့ မှ ထိုင်းအစိုးရ၏ ယုံကြည်မှု ပြန်ရပြီး ဖြတ် တောက်မခံရ ရေး အရေးကြီးသည်ဟု ဆိုသည်။
ဝန်ကြီးချုပ်ဟောင်း သာစင်မှ အဆိုပါ ဂိုဏ်းများ အမြစ်ပြုတ်သွားသည့် အခါ ပြန်၍ ထားရှိပေးမည်ဟု ပြောလာသည်။
ထိုင်း ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဖွန်သမ် ဝီချာယာ ချိုင်းမှ ထိုင်းနိုင်ငံသားများကို ကာကွယ်ရမည် ဖြစ်၍ မြဝတီ တွင် ဆန္ဒပြမှု များကို မိမိတို့ အရေးစိုက်မည် မဟုတ်ဟု ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာ တွင် ရေးသားထားသည်။
မြန်မာ သနပ်ခါး ကမ္ဘာသိ အောင် လုပ်ရမည် ဆိုသော မင်းအောင်လှိုင် ဖက်မှ ယခုအခါ လျပ်စစ်ဓါတ်အား ကို လာအို မှ ပင် ဝယ်ယူရန် စဉ်းစားနေကြပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!