တအောင်းတို့ ကူမင်း သွားကြရပြန်ပြီ

by Hla Soewai - Feb 24 2025

မြန်မာ စစ်ကောင်စီ မှ ကိုယ်စားလှယ် များ နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်တော် (TNLA) ကိုယ်စားလှယ် များ ကူမင်းတွင် တနင်္လာနေ့က စ၍ ဆွေး‌ နွေး နေကြသည်ဟု သိရသည်။

 

ဆွေးနွေးပွဲ သို့ TNLA ဖက်မှ ဒုဗိုလ်ချုပ်ကြီး တာဂူးဂျာ၊ ဗိုလ်မှုးကြီး တာမိုးဟိန်း တို့ ဦးဆောင်သည့် အဖွဲ့ဝင် ကိုးဦး လိုက်ပါသွားခဲ့သည်။

 

စစ်ရေး လေ့လာသူများကမူ စစ်တပ်သည် TNLA မှ တရုတ် ဖိအား ကို မလွန် ဆန်နိုင်ဟု ယူဆထား၍ အပေါ်စီးမှ စစ်ရေး ကိစ္စ များ အဓိကထား တောင်းဆို မည်ဟု ယူဆရသည်ဟု သုံးသပ်နေကြကြောင်း ဧရာဝတီ တွင် ရေးသားထားသည်။

 

ထိုအချက်ကို ထင်ရှားစေသည်က TNLA အဖွဲ့ ကူမင်းသို့ ထွက်လာနေစဉ် တွင်ပင် နောင်ချို မြို့နယ် အတွင်းရှိ ကျေးရွာ ငါးရွာ အား လေကြောင်း မှ ၎င်း၊ လက်နက်ကြီးများ နှင့် ၎င်း အကြိမ် ၁၀၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြခြင်း ပင် ဖြစ်သည်။

 

သို့သော် ထိုသို့ ဗုံးကြဲ ခံနေရသည်မှာ ၎င်းတို့ ဒေသတခုထဲတွင် မဟုတ်ဘဲ ရန်ကုန်တိုင်း မှ အပ ကျန် ပြည်နယ်တိုင်း ၁၃ ခု စလုံး တွင် ဖြစ်နေသည်ကိုတော့ သတိမူရမည် ဖြစ်သည်။ အနိုင်ကျင့်လိုသူသည် ၎င်းတို့ အနိုင်ကျင့်ရမည့် လူ၏ အားနည်းချက်ကို အရင်ရှာလေ့ ရှိစမြဲပင် ဖြစ်သည်။

 

TNLA သည် ယခုအခါ မိုးမိတ်၊ မိုးကုပ်၊ နောင်ချို၊ ကျောက်မဲ အပါအဝင် မြို့ပေါင်း တဒါဇင် နီးပါး ကို သိမ်းယူ ထားခဲ့ပြီး ဖြစ်သည်။

 

တရုတ်အဖို့ က မြန်မာ တပြည်လုံး ငြိမ်းချမ်း‌ နေစရာမလ်ို၊ ၎င်းတို့ အကျိုးစီးပွား ရှိရာ ဒေသများ တည်ငြိမ်မှု ရရေး ကြိုးပမ်းနေခြင်း ဖြစ်ပြီး ကျန်ဒေသများ တွင် ပြည်သူ့ ဘက်တော်သား တော်လှန်ရေး အဖွဲ့များအား တိုက်ခိုက် နေရသော စစ်ကောင်စီ အဖို့ အမြဲလို ခေါင်းမ ထောင် နိုင် ဖြစ်နေစေခြင်း ဖြင့် လိုချင်သမျှ နှိုက်ထုတ်နိုင်မည့် လုံခြုံရေး နှင့် စီးပွားရေး မူဝါဒ ပြောင်းလဲ ကျင့်သုံး လာနေပြီ ဖြစ်သည်။

 

ထိုအထဲတွင် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် အတွက် လွန်စွာ အရေးကြီးနေသော ရခိုင် ဒေသ ရှိ အာရက္ခ တပ်တော်အား ကျန် ညီနောင် နှစ်ဖွဲ့လို စေစား၍ မရ ဖြစ်နေသည်၊ အလားတူပင် ကချင် လွတ်လပ်ရေး တပ်တော်သည်လည်း တရုတ်၏ ဖိအားကို ပြောင်ပြောင်တင်းတင်းပင် ပယ်ချခဲ့သည်။

 

သို့သော် ဘေးထွက် အဖြစ် ထိခိုက်လာရသည်က နိုင်ငံ အလယ်ပိုင်းတွင် ထိုးစစ်ကြီး ဆင်နွှဲရန် ပြင်ဆင်နေသော ပြည်သူ့ ကာကွယ် ရေး တပ်များ ပင် ဖြစ်သည်။ အရှေ့မြောက်ဒေသ မှ လက်နက်များ စီးဝင်လာမှု အရင်ကလောက် မရတော့သည့် အဖြစ် နှင့် ကြုံလာရ၍ ထိုးစစ်ဆင်ရန် နှောင့်နှေးသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် အတည်မပြုနိုင်သော သတင်းများအရ ယခု အခါ အခြေအနေများ ပြန်ကောင်းလာနေသည်ဟု သိရသည်။

 

ညီနောင် နှစ်ဖေါ်သည် မြန်မာပြည်တွင်း နေထိုင်နေကြသည့် တိုင်းရင်းသား များ ဖြစ်ပါလျက် တရုတ်ဩဇာခံ အဖြစ် ပြည်တွင်း ပြည်ပက ရှူ မြင် နေကြသည့် အချက်ကို ပြောင်းလဲ ပစ်သင့်ပြီ ဖြစ်သည်။

 

အနီးစပ်ဆုံး နမူနာ အဖြစ် ဖွံ့ဖြိုးမှု အပိုင်းတွင် အစစ အရာရာ အားနည်း နေပါလျက် ကိုယ့် ခြေ ထောက်ပေါ် ကိုယ်ရပ်ပြီး ခေါင်းမော့ ရင်ကော့ နေနိုင်သည့် ကရင်နီ ပြည်နယ် ကို ကြည့်သင့်သည်။

 

ကရင်နီ ပြည်နယ် တွင် လည်း တော်လှန်ရေး တပ်များ ၂၀၂၃ အတွင်း ဖွဲ့စည်းထားသည့် ကရင်နီ ပြည်နယ် ကြားဖြတ် အုပ်ချုပ်ရေး ကောင်စီသည် ရဲဌာနများ အပါအဝင် အုပ်ချုပ်ရေး လုပ်ငန်းများကို မြို့နယ် ပေါင်း ၁၆ မြို့နယ် အထိ တိုးချဲ့ လုပ်ကိုင် လာနိုင်ပြီးဖြစ်သည်ဟု DVB သတင်းတွင် ဖေါ်ပြထားသည်။

 

၂၀၂၄ အတွင်း နယ်မြေများ အတွင်း ဧည့် ခရီးသွားများထံမှ လုံခြုံစွာ ဖြတ်သန်းသွားခွင့် လက်မှတ် ထုတ်ပေးခြင်းမှ ကျပ် ၅.၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၂ သန်း) အထိ ရရှိခဲ့သည်ဟု သိရသည်။

 

ကရင်နီ ပြည်နယ် ကြားဖြတ် အုပ်ချုပ်ရေး အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာ တွင် အခွန်ကောက်ခံခြင်းမှ ဝင်ငွေ စုစုပေါင်း၏ ၃၁% ၊ အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ထည့်ဝင်ငွေ မှ ၂၉%၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ၂၈%၊ အခြား အရင်း အမြစ် များမှ ရရှိငွေ ၁၂% တို့ ဖြစ်သည်ဟု ပါရှိသည်။

 

ကရင်နီ ပြည်နယ် တွင် လွိုင်ကော်၊ ဘော်လခဲ နှင့် ဖားဆောင်း မြို့နယ်များသာ စစ်တပ် လက်အောက် ကျန်ရှိနေဆဲ ဖြစ်ပြီး၊ မယ့်စဲ အပါအဝင် ပြည်နယ်၏ ၈၀% အား ကရင်နီ ပြည်နယ် ကြားဖြတ် အုပ်ချုပ်ရေး ကောင်စီ မှ စီမံခန့်ခွဲ ဆောင်ရွက် နိုင်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!