ဖေဖေါ်ဝါရီ ၃ ရက် နေ့ သန်းကောင်ယံ အလွန် လေး တွင် အီလွန် မတ်စ် သည် ၎င်း၏ လေးနှစ်သား ဆိုရှယ် မီဒီယာ X ပေါ် တက်လာပြီး အမေရိကန် အစိုးရ အတွက် သူ ဘာလုပ်နေလဲ ဆိုသည်ကို ချပြလာသည်။
၎င်းက ဗျူရိုကရေစီ သည် အစိုးရ၏ တရားမဝင် စတုတ္ထ မဏ္ဍိုင် ကြီး ဖြစ်လာနေပြီဟု ပြောလာခဲ့သည်။ ထို့နောက်တွင်တော့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီ USAID ဖက် လှည့်လာပြီး ထိုဌာနသည် အမေရိကန် အခွန် ထမ်း များ၏ ဝင်ငွေ ကို အသုံးချပြီး မက်ဝါဒီ များ နှင့် ရာဇဝတ်သား များ ထံ ပံ့ပိုးပေးနေသည့် ကိရိယာ အဖြစ် အသုံးချ ခံနေရသည်ဟု ထည့် ရှုတ်ချ ပြောဆိုလာသည်။
ယခု ဒေါ်နယ် ထရန့်၏ အပြည့်အဝ ထောက်ခံမှု ဖြင့် ထိုအေဂျင်စီ အား ပိတ်ပစ်တော့မည် ဟု ကြွေးကြော်လာသည်၊ ကွန်ဂရက် ၏ အခွင့် အာဏာ အပ်နှင်းထားသော အေဂျင်စီ မျိုးကို သမ္မတ တဦးတည်း ဆုံးဖြတ်ချက် ဖြင့် ပိတ်၍ မရမှန်း သိသိကြီး နှင့် ယခု ရက်သတ္တပတ် ကုန် အတွင်း လွှစာမှုံ့ လုပ်ပစ်နေပြီဟု ထုတ်ပြောလာခြင်းလည်း ဖြစ်သည်။
၎င်း ပြောစကား နှင့် အညီပင် ဝါရှင်တန် ရှိ USAID ဝန်ထမ်းများသည် နောက်တနေ့တွင် ရုံးမတက်ရန် အကြောင်းကြားစာများ လက်ခံရရှိထားပြီးသား ဖြစ်နေသည်။ ထိုနေ့မှာပင် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုသည် ၎င်းမှ အေဂျင်စီ၏ အကြီးအကဲ အဖြစ် ယာယီ တာဝန်ယူပြီး "ပြန်လည် ဖွဲ့စည်းသွားမည်" ဟု ပြောလာခဲ့သည်။ ၎င်း အနေဖြင့် ဝန်ထမ်း မရှိတော့သည့် ဌာနကို ဦးဆောင်ရမည့်သူ ဖြစ်လာသည်။ အဘယ်ကြောင့် ဆိုသော် ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် USAID ၏ ဝက်ဘ် ဆိုက် တွင် ယခု သီတင်းပတ် အကုန်တွင် အမြဲခန့် ဝန်ထမ်းများအားလုံး စီမံခန့်ခွဲမှု တစိတ် တပိုင်း အဖြစ် ခွင့်ယူ ထားကြသည်ဟု တိုတိုတုတ်တုတ် ဖေါ်ပြလာခြင်း ကြောင့် ဖြစ်သည်။ နိုင်ငံ ပြင်ပ တွင် တာဝန် ထမ်းဆောင်နေသူများလည်း တလ အတွင်း ပြည်တော်ပြန်လာရတော့ မည် ဖြစ်သည်။။
USAID အား ဖြိုဖျက် ပစ်ခဲ့ခြင်းသည် အီလွန် မတ်စ် ၏ အမေရိကန် အစိုးရ တဖွဲ့လုံး အတွက် စီမံနေမှု များ၏ လတ်တလော လုပ်ဆောင်မှု များကို ပြဆိုလာခြင်းလည်း ဖြစ်သည်။ ၎င်း၏ ကုမ္ပဏီ အား စီမံခန့်ခွဲပုံ လက်စွဲ စာအုပ်ကြီးကို ထုတ်သုံးလာခြင်းလည်း ဖြစ်သည်။
အီလွန် မတ်စ်သည် တွစ်တာ အား ၄၄ ဘီလီယံ ဖြင့် ဝယ်ယူခဲ့ပြီး နောက် လ အနည်းငယ် အတွင်းမှာပင် ဆန်ဖရန် စစ္စကို ဌာနချုပ်ရှိ ဝန်ထမ်း အင်အား ၇,၅၀၀ မှ ငါးပုံ လေးပုံ ကို ဖြုတ်ပစ်ခဲ့သည်။ ထိုအထဲမှ သုံးပုံ တပုံခန့်သာ ၎င်း၏ ပေးစာကမ်းစာကို ရရှိသွားပြီး ကျန်လူများကို မူ အလွယ်တကူ ပင် အလုပ်မှ ထုတ်ပယ်ပစ်လိုက်ခြင်း ဖြစ်သည်။ ထိုအထဲတွင် အမှု ဆောင် အရာရှိကြီးများလည်း ပါဝင်နေသည်။ မည်သူ၏ တွစ်တာ အကောင့်ကို ပိတ်ပစ်ရမည် ဆိုသည်ကိုလည်း ၎င်းတဦးတည်းကသာ ဆုံးဖြတ်တော့မည်လည်း ဖြစ်သည်။
ယခုလည်း အင်အား နှစ်သန်း ခန့် ရှိသော အစိုးရ ဝန်ထမ်းများအား အသုံးစရိတ် ဒေါ်လာ ၁၁ တြီလီယံ ဖြတ်တောက်လိုမှု ဖြင့် ထိုအတိုင်း လုပ်လာခြင်းပင် ဖြစ်သည်။
ယခင်က ရစ်ချတ် နစ်ဆင်သည် နိုင်ငံ၏ ဥပဒေများသည် ၎င်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိဟု သဘောထားခဲ့သည့် သမ္မတ အဖြစ် ယူဆခံထားရသူ ဖြစ်သော်လည်း ထရန့်က ၎င်းထက် အများကြီး သာလွန်သွားခဲ့ပြီ ဖြစ်သည်။
ဝါရှင်တန် တွင် လေယာဉ် ပျက်ကြပြီး တရက်အတွင်း မှာပင် လေကြောင်း ထိန်းသိမ်းရေး ဌာနသို့လည်း အလားတူ "နှုတ်ထွက်မှု ရွှေ့ဆိုင်းပေးမည့်" ကမ်းလှမ်းချက်ကို ပေးပို့ခဲ့သည်။ ယင်းသည်လည်း မည်သို့မျှ ဥပဒေ နှင့် အကျုံးမဝင်ဟု ဥပဒေ ပါမောက္ခများက ထောက်ပြထားပြီး ဖြစ်သည်။
၎င်းတာဝန် ယူရမည့် အစိုးရ လုပ်ငန်း စွမ်းဆောင်မှု စီစစ်ရေး ဌာ န Department of Government Efficiency (DOGE) အား အိုဘာမား ဖွဲ့စည်း ပေးထားသည့် US Digital Service အောက်တွင် ထည့်သွင်းထားသည့် ပုံစံမျိုး ဖြင့် ဖွဲ့စည်းလာသည်။
သို့သော် DOGE အတွက် အီလွန် မတ်စ် ခေါ်သွင်းလာသော ဝန်ထမ်းများသည် ၎င်းပိုင် ကုမ္ပဏီများ အတွက် ခန့်ထားသော အငယ်တန်း အဆင့် ရှိသူများ ဖြစ်နေသည်။ DOGE အတွက် လက်ရှိ လုပ်ကိုင်နေသော အင်ဂျင်နီယာ ၆ ဦးသာ ရှိ နေပြီး အက်ဒွပ် ကော်ရီစတိုင်းသည် အငယ်ဆုံး ဖြစ်ပြီး အသက် အားဖြင့် ၁၉ နှစ်သာ ရှိသေးသည်။ USAID ဝန်ထမ်းများအား အလုပ် မဆင်းရန် အီးမေးလ် ပို့သူ ဂယ်ဗင် ကလီဂါ သည် ၂၀၁၇ မှ အထက်တန်း ကျောင်း အောင်မြင်လာခဲ့သူ ဖြစ်နေသည်။ ကော်ရီစတိုင်းသည် အီလွန် မတ်စ် ပိုင် Neuralink ဆိုသည့် ဦးနှောက် အစားထိုး ကုမ္ပဏီ တွင် အလုပ်သင် အဖြစ် လ အနည်းငယ် ခန့် လုပ်ကိုင်နေသည့် အတွေ့အကြုံမျိုးသာ ရှိသူ ဖြစ်သည်။
နောက်ထပ် မည်မျှ အထိ ရှိလာဦးမည် မသိရသေးသော်လည်း လောလောဆယ် ခန့်ထားသော အင်ဂျင်နီယာ ပေါက်စ ၆ ဦးသည် အစိုးရ ဝန်ကြီးဌာနများကို တံခါးမရှိ ဓါးမရှိ ဝင်ထွက်နိုင်လာကြသည်။ ၎င်းတို့အားလည်း လျို့ဝှက် အချက်အလက်များ တောင်း ယူ ကြည့် နိုင်ရန် အတွက် ထရန့် ၏ လက်မှတ်ဖြင့် "ကြားကာလ ထိတ်တန်း လျို့ဝှက်ချက် များ အတွက် လုံခြုံရေး ကင်းရှင်းကြောင်း" ကပ်ပြား များ ထုတ်ပေးထားသည်။
ထိုပုဂ္ဂိုလ် လေးများက ဝန်ကြီးဌာနများသို့ ဝင်ရောက်မွှေနှောက်နေပြီး လောလောဆယ် တွင်တော့ ဘယ်သူ ကို ထုတ်၍ ရမလဲသာ အာရုံစိုက်နေကြသည်။ အီလွန် မတ်စ် က ထိုအဖွဲ့ကို သူကိုယ်တိုင် ကြီးကြပ်နေသည်ဟု ပြောလာပြီး အစိုးရမှ ကန်ထရိုက်များကို ပေးရန် ရှိသည့် ငွေများ ကို အလျင်အမြန် ရပ်ဆိုင်းပစ်နေသည်ဟု ဆိုသည်။
၎င်း၏ လုပ်ရပ်များသည် တရားဝင် ပါသလော ဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ကွန်ဂရက်မှ ဥပဒေ နှင့် အညီ ဖွဲ့စည်းပေးခဲ့သော အေဂျင်စီ များကို သမ္မတ အမိန့်တခုတည်း ဖြင့် ဖျက်သိမ်းပစ်၍ မရပေ။ ၎င်း၏ ဝန်ထမ်းများ ဝန်ကြီးဌာနများသို့ ဝင်နိုင် ထွက်နိုင်သော်လည်း လျို့ဝှက် အဆင့် သတ်မှတ်ထားသော စာရွက်စာတမ်းများကိုမူ တောင်းယူ ကြည့်ရှုခွင့် မရှိပေ။
တရားစွဲဆိုမှု များ ထွက်ပေါ်လာပြီး "အီလွန် မတ်စ် ဆိုသူအား ကျွနုပ်တို့ မှ ရွေးချယ် တင်မြှောက်ထားခြင်း မဟုတ်" ဆိုသည့် စာတမ်းများ ကိုင်ဆောင်ထားသည့် ကန့်ကွက် ဆန္ဒပြမှုများ ကြီးထွားလာနေပြီ ဖြစ်သည်။
မိမိအမြင် အရ ပြောရလျင် ဒေါ်နယ် ထရန့်၏ လုပ်ရပ်များ အား လောလောဆယ် ပြောဆို ကန့်ကွက် ရဲသူ မရှိသေးသော်လည်း အမေရိကန် မဲဆန္ဒရှင်များ၏ မကျေနပ်မှုများ တစထက် တစ များပြားလာပြီး နိုင်ငံ အနှံ့ ဖြစ်လာခဲ့ပါက ဥပဒေ အထက်တွင် ရှိနေသည်ဟု ခံယူထားသော ရစ်ချတ် နစ်ဆင် ကဲ့သို့ပင် ထွက်တော်မူ နန်းက ခွာရဖို့ ဖြစ်လာပေတော့မည်။
(၂၀၂၅ ဖေဖေါ်ဝါရီ ၃ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်း တွင် ပါရှိသည့် "Elon Musk is shredding America’s government as he did Twitter" ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။)