ပြည်သူ ထောက်ခံမှု တခဲနက် ရနေသော အာရက္ခ တပ်တော်

by Hla Soewai - Feb 24 2025

ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ဝင် နှစ်ဦး ဖြစ်သော MNDAA နှင့် TNLA တို့သည် ၎င်းတို့၏ စိတ်ခံစားချက် အသိဉာဏ် ကို အပေါင်ထား၍ တရုတ် အလိုကျ ကပြ အသုံးတော် ခံနေရချိန် တွင် ကျန် အဖွဲ့ဝင်တဦး ဖြစ်သော အာရက္ခ တပ်တော်သည် ရခိုင်ပြည်သူများ လွတ်မြောက်ရေး အတွက် လုပ်သင့် လုပ်ထိုက်သည်များ အဆက်မပြတ် ဆောင်ရွက်နေပြီ ဖြစ်သည်။

 

ဘီဂျင်း အလိုကျ အသုံးတော်ခံလာခဲ့သော ဗမာပြည် ကွန်မြူနစ် ပါတီ၏ နိဂုံးကိုလည်း ကောင်းစွာ သဘော ပေါက်ထားကြသူများလည်း ဖြစ်သည်။

 

ယခုလည်း မကွေး တိုင်း ငဖဲ မြို့နယ် အတွင်း ရှိ အကြမ်းဖက် စစ်တပ်၏ နတ်ရေကန် လေ ကြောင်း ကာကွယ်ရေး စခန်းကို တိုက်ခိုက်လာပြီ ဖြစ်၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။ ယင်းနှင့် အတူ စစ်တပ်မှလည်း ကပစ ၁၄ စက်ရုံ အားလည်း အပြင်းအထန် ခြိမ်းခြောက်ခံလာရပြီ ဖြစ်၍ ၎င်းတို့ ထုံးစံ အတိုင်း လေ‌ကြောင်းမှ၎င်း၊ လက်နက်ကြီးများ ဖြင့် ၎င်း အပြင်းအထန် ခုခံနေဆဲပင် ဖြစ်သည်။

 

အမ်း-ပဒန်း လမ်းပေါ်ရှိ စစ်ကောင်စီ အထိုင်စခန်းများကို ရှင်းလင်း နိုင်ခဲ့ပြီလည်း ဖြစ်၍ မကွေး နှင့် ရခိုင် ပြည်နယ်သို့ ဆက်ထားသော လမ်း ပွင့်သွားပြီ ဖြစ်၍ ရိက္ခာ နှင့် စစ်ကူ အတွက် စိတ်ချသွားရပြီ ဖြစ်သည်။

 

ပဲခူး တိုင်း နှင့် ဆက်သွယ်ထားသော ပန်းတောင်း-တောင်ကုတ် လမ်းပေါ်ရှိ ပန်းကန်ကွဲရွာ စစ်တပ် အထိုင်စခန်းကိုလည်း သိမ်းယူ နိုင်ခဲ့သည်။

 

ငဖဲ မြို့ နယ် အတွင်းရှိ တုံးကြီး ရွာ အား သိမ်းယူ နိုင်ခဲ့သည့် အတွက် တရုတ်၏ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်း နယ်မြေ အား အာရက္ခ တပ်တော်မှ ထိန်းချုပ် လိုက်နိုင်ပြီ ဖြစ်၍ စစ်ကောင်စီ မှ ကာကွယ် ပေးနိုင်စွမ်း မရှိတော့။

 

ဆယ်ရက် ကျော်လာပြီ ဖြစ်သော စစ်တွေ မြို့သိမ်း တိုက်ပွဲသည်လည်း ပြင်းထန်သည်ထက် ပြင်းထန်လာနေပြီ ဖြစ်သည်။

 

အာရက္ခ တပ်တော်သည် ရခိုင်ပြည်နယ် အတွင်းရှိ နယ်ခြား ဂိတ်များ အားလုံး သိမ်းယူထားပြီး ဖြစ်သော်လည်း စစ်ကောင်စီ ခန့် ရင်းနှီးမြုပ်နှံမှု နှင့် နိုင်ငံခြား စီးပွား ဆက်ဆံရေး ဝန်ကြီး ဆိုသူ ကံဇော်သည် နယူး ဒေလီ သို့ ရောက်ရှိသွားပြီး ပြည်ပရင်းနှီး မြုပ်နှံမှု များ ရရှိရေး နှင့် အိန္ဒိယ နှင့် နယ်ခြား ကုန်သွယ်ရေး ပြန်လည် စတင် နိုင်ဖို့ ဆွေးနွေး နေသည်ဟု သတင်းများက ဆိုသည်။

 

၎င်းတို့ အဖို့က ခိုင်းတာလုပ်နေရ၍ လော၊ ပုံမှန် စိတ် မရှိကြ တော့၍ လော၊ စစ်ကောင်စီပင် ထိန်းချုပ်နိုင် နေ သယောင် ပြည်တွင်း တွင် ဝါဒ ဖြန့်လို၍ လော၊ သို့တည်း မဟုတ် AA ကိုယ်စား သွားရောက်ဆွေး‌နွေး ပေးနေခြင်း လော ဆိုသည်က ဝေခွဲမရ နိုင် အောင် ဖြစ်လာသည်။

 

အိန္ဒိယ ဖက် ကလည်း တရုတ်၏ ဩဇာ တိုး၍ လွှမ်းမိုးနေမှု ကို တန်ပြန် ထိန်းညှိလို၍ ဆက်ဆံရေး မပျက်ပြားစေဖို့ ၎င်းတို့ အရေမရ အဖတ်မရ ပြောလာနေသည်များကို သည်းငြည်းခံ နားထောင်ပေးနေရခြင်းသာ ဖြစ်ပေလိမ့်မည်။

 

ကမ္ဘာ အခြေ အနေများသည်လည်း တဖြေးဖြေး နှင့် အဆိုးဘက်သို့ ဦးတည်လာနေပြီ ဖြစ်သည်၊ ဒေါ်နယ် ထရန့် မှ ယူကရိန်း ကို ပစ်ပယ်ပြီး ပူတင် နှင့် ကြိတ်ပုန်း ခုတ်လာမှု ကြောင့် ဥရောပ ခေါင်းဆောင်များ ပဲရစ် ရှိ အဲလီဆေး နန်းတော်ကြီးတွင် အရေးပေါ် အစည်း အဝေး ‌ပြုလုပ်‌ နေကြသည်။

 

အာရှ တွင်လည်း ယူကရိန်း တွင် ပူတင် အောင်ပွဲ ခံမည့် အလား အလာ များကို ကြည့်၍ ရှီကျင့်ပင်သည် အားတက်သရော ဖြစ်လာပြီး တိုင်ဝမ်ကို ဝင်တိုက်ရန် ကြံစည်လာမည်ကို စိုးရိမ်စ ပြုလာနေကြပြီ ဖြစ်သည်။

 

ထိုအလား အလာ များက ဒီမိုကရေစီ အတွက် သာမက ဘီဂျင်း ဩဇာခံ ဖြစ်လာနေသော မြန်မာ ပြည် အတွက်လည်း အလားအလာ မကောင်းလှဟု သုံးသပ်ရမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!