အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်မှ ယူကရိန်း သမ္မတ ဇယ်လင်စကီးအား ရွေးကောက်ပွဲ မလုပ်ပဲ သမ္မတ ဆက်လုပ်နေသည့် အာဏာရှင် ဟု လူသိရှင်ကြား ပြောလာသည့် အခါတွင် တော့ ယူကရိန်း အတိုက်အခံ ပါတီများက ယခုလို စစ်ပွဲကြီး ဖြစ်နေချိန်မျိုး တွင် ရွေးကောက်ပွဲ လုပ်မည်ဆိုက ဂုဏ်သိက္ခာ မဲ့သည့် ရွေးကောက်ပွဲ မျိုးသာ ဖြစ်လိမ့်မည် ဆိုကာ ထရန့် အပြောကို တညီတညွတ်တည်း ဆန့်ကျင်ခဲ့ကြပြီး ဇယ်လင်စကီး ဖက်က ရပ်တည်ပေးခဲ့ကြသည်။
မြန်မာ ပြည် တွင်မူကား တနိုင်ငံလုံးရှိ ပြည်သူများ နှင့် စစ်ပွဲကြီး ဖြစ်ပွားနေသော်လည်း နိုင်ငံရေး ပါတီ အချို့ကမူ စစ်ခေါင်းဆောင် လုပ်မည့် ရွေးကောက်ပွဲ ကို ကန့်ကွက်ခြင်း မရှိသည့် အပြင် အားတက်သရော ထောက်ခံနေကြသည်၊ မှတ်ပုံတင်ပြီး ပါဝင်ယှဉ် ပြိုင်ဖို့ပင် ပြင်ဆင်နေကြသည်။
စိတ်ဓါတ်ရေးရာ၊ ခံယူချက်များ ကွာခြားခြင်းမက ကွာခြားလှပေသည်။
ယခင်က ဒီမိုကရေစီ အရေး အတွက် နှစ်ရှည်လများ ထောင်ကျ ခံကာ တိုက်ပွဲ ဝင်ခဲ့သော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဆိုက ၎င်း ယုံကြည်ခဲ့မှု များ အပေါ် ၎င်းကို ၎င်း သစ္စာဖေါက်ကာ ဒီမိုကရေစီ ဆိတ်သုံးနေပြီး လူ့အခွင့် အရေး ဆိုသည်ကလည်း ဂျို နဲ့လားဟု မေးရလောက်အောင် ဖြစ်လာနေသည့် မြန်မာ နိုင်ငံတွင် စစ်အာဏာရှင်များ လုပ်ပေးမည့် ရွေးကောက်ပွဲကြီး ကို ဝင်ရောက်ယှဉ်ပြိုင်တော့မည် အဖြစ်က လည်း အံ့ဩဖို့ ကောင်းပေစွ။
လူငယ်များ အား စစ်မှု ထမ်းရမည့် ဥပဒေကိုပင် အဆိုပါ နိုင်ငံ ရေး ပါတီများက တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြ သေးသည်။
နိုင်ငံ အတွင်းရှိ လူ့အခွင့် အရေး ဆုံးရှုံး နေမှု များ အပေါ် စုံစမ်း စစ်ဆေးရန် ကုလ သမဂ္ဂမှ ဖွဲ့စည်းပေးထား သော လွတ်လပ် သော စုံစမ်း စစ်ဆေးရေး ကော်မရှင် အကြီးအကဲ နီကိုလပ်စ် ကူဂျီမန် မှ ဖေဖေါ်ဝါရီ ၁၇ ရက်တွင် ဥရောပ ပါလီမန် တွင် မြန်မာ အရေး ကို တင်ပြခဲ့သည်။
၎င်းနှင့် ပြုလုပ်သော အင်တာဗျုး တွင် လူ့အခွင့် အရေး အခြေအနေများက ဆိုးသည်ထက် ဆိုးလာ နေပြီး တနိုင်ငံလုံးရှိ မိဘများ ၎င်းတို့၏ ရင်သွေးများ စစ်မြေပြင် သို့ အတင်းအကျပ် စေလွှတ်နေသည့် အရေး အတွက် စိုးရိမ် ထိတ်လန့်စွာ နေနေကြရသည်ဟု ဆိုသည်။
အာရက္ခ တပ်တော် နှင့် လည်း ဆက်သွယ်ပြီး ၎င်းတို့ နယ်မြေများရှိ လူသားများ အပေါ် ကျုးလွန်နေသော ရာဇဝတ် မှု များ နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ပြီး ဖြစ်သော်လည်း စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြောင်း၊ တရားဝင် အကြောင်းပြန်စာ မရသေး ဟု ပြောခဲ့သည်။
မင်းအောင်လှိုင် အပေါ် ထုတ်ပြန်ရန် ရှိနေသည့် အိုင်စီစီ ၏ ဖမ်းဝရမ်း နှင့် ပတ်သက်၍ မေးမြန်းရာတွင် ထိုအကြောင်း နှင့် ပတ်သက်၍ မင်းအောင်လှိုင် နှင့် ဆွေးနွေး ပြောဆိုခဲ့သူများထံ မှ ပြန်သိရသည်မှာ ၎င်း အနေဖြင့် အတော်ပင် စိတ်ဖိစီး ခံနေရသည်ဟု သိရကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။
အာဏာသိမ်းပြီးနောက် ပိုင်း လစဉ်လိုလို နှိပ်စက်ညှင်းပမ်းမှုများ၊ အကျဉ်းထောင်ထဲရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှု များ၊ အရပ်သား များ ရှိရာသို့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ၊ ဖမ်းဆီးထားသူ များ အား သတ်ဖြတ်ပစ်နေမှု များ အစရှိသည့် သတင်းများ အများအပြား ရရှိနေ၍ စုံစမ်းစစ်ဆေးရသည့် တာဝန်သည် ကြီးလေးသည်ထက် ကြီးလေးလာနေရသည်ဟု ဆိုသည်။
ရရှိသည့် အထောက်အထား များကိုလည်း အိုင်စီစီ သို့ ပေးပို့ခဲ့သည်ဟု လည်း ပြောသွားခဲ့သည်။
မိမိတို့ ရှိနေခြင်းကြောင့် ကျုးလွန်သူများ အနေဖြင့် ၎င်းတို့အား စောင့်ကြည့် သတင်းယူနေသည့် အဖွဲ့အစည်း ရှိနေပြီး တနေနေ့ တချိန်ချိန်တွင် ထုတ်သုံးလာမည့် အရေးကို သိရှိနေကြပြီ ဆိုသည့် မက်ဆေ့ခ်ျ ပေးနိုင်ခဲ့သည်ဟု ပြောသည်ဟု ပါရှိခဲ့သည်။
ကူဂျီမန် ၏ မက်ဆေ့ခ်ျ က ၎င်းတို့ အတွက် ကြောက်ရ လန့်ရ ကောင်းမှန်း မသိသေး၊ စစ်ခေါင်းဆောင်များက မစားရသည့် အမဲ သဲ နှင့် ပက်ဆိုသလို အလုပ်သမား များ အလုပ် မဆင်းရဲအောင် မိုးကုတ် နှင့် နမ္မတူ ရှိ သတ္ထုတွင်းများ၊ ကချင်ပြည်နယ် ဖားကန့် နှင့် အခြားဒေသ များရှိ ကျောက်စိမ်း နှင့် မြေရှား သတ္ထု တွင်းများ၊ PDF များ ထိန်းချုပ်ထားသည့် နိုင်ငံအလယ်ပိုင်းရှိ ရွေ နှင့် ရေနံ တူး ဖေါ်ရေး လုပ်ငန်းများကို ဗုံးကြဲ တိုက်ခိုက်သွားမည်ဟု ၎င်းတို့ မီဒီယာများ မှ နေ့စဉ်လို သတိပေးချက်များ ပြောင်ပြောင်တင်းတင်းပင် ထုတ်ပြန်လျက် ရှိနေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!