ရုရှား စာရေး ဆရာ ကြီး မက္ကဇင် ဂေါ်ကီ ၏ အထင်ရှားဆုံး နှင့် တခုတည်း သော တော်လှန်ရေး ဝတ္ထု ရှည်ကြီး အဖြစ် သမိုင်းတွင် ကျန်ခဲ့သည့် "Mother"
ပြည်ပ နိုင်ငံကြီး တနိုင်ငံ မှ လက်နက်ကိုင် များကို ၎င်းတို့ ပါးစပ်ထဲရှိသည့် စကားများနှင့် တန်ဆာဆင်ကာ ဥပဒေ ဟူ၍ ပြဋ္ဌာန်းပြီး ပင့်ဖိတ်ရဲလာသည်အထိ မိုက်ရူးရဲ ဆန်လာသော စစ်ဗိုလ်ချုပ် များ လက်အောက် သေနတ်လည်း မကိုင်နိုင်သေး၍ ခေါင်းငုံ့ခံနေရသော မိခင်တိုင်းကို မျက်စိဖွင့် ပေးမည့် တော်လှန်သော အမေ။
အဆိုပါ "အမေ" အား တောင်တွင်း ကိုကိုကြီး ပြန်ဆိုပြီး ဖြစ်သော်လည်း တော်လှန်ရေး ကြီး အောင်မြင်ရေး အတွက် တပ်အားသရွေ့ ပါဝင်နိုင်ရန် ကျွန်တော် မူ ကျွန်တော် ဟန်ဖြင့် ပြန်ဆိုတင်ပြသွားမည် ဖြစ်သည်။
**************
အခန်း (၁)
နေ့စဉ် နေ့တိုင်းလိုလို စက်ရုံ မီးခိုးခေါင်းတိုင်မှ ထွက်ပေါ်လာသော ကျယ်လောင်စူးရှသော ဥဩသံသည် ကျပ်ခိုးနံ့များ၊ဆီ ချေး နံများ ဖုံးလွှမ်း နေသော အလုပ်သမား ရပ်ကွက် အတွင်းသို ထိုးဖေါက်ဝင်ရောက်လာသည့် အခါတိုင်း လူများသည် သူတို့ နေထိုင်ရာ ကျပ်ခိုးရောင် များ နှင့် ညစ်ထေးနေသော အိမ်များမှ အလျိုလျို ထွက်လာကုန်ကြသည်။
သူတို့ အားလုံး အပြုံးအရယ် မရှိပဲ သုံမှုန်နေသော မျက်နှာထားများ နှင့် တကုတ်ကုတ် နှင့် ခြေလှမ်းသွက်သွက် လှမ်းနေပုံကပင် ထိတ်လန့်တကြား ပုန်းခိုရာ ရှာနေသော ပိုးဟပ်များ နှင့် တူနေသည်။ အိပ်ရေးဝဝ အိပ်ခဲ့ပုံ မရ၍ သူတို့၏ ကြွက်သားများသည် တောင့်တင်းနေဟန်လည်း ရှိသည်။
အေးစိမ့်သော နံနက်ခင်း အလင်းရောင် ဖျော့ဖျော့ အောက်တွင် မညီမညာ နှင့် နှင်းများ ကြောင့် ဗွက်ထနေသည့် လမ်းကျဉ်းကျဉ်းလေး အတိုင်း လျှောက်လာကြပြီး ရွှံဗွက်ကို နင်းမိ၍ ထွက်လာသော တဗျတ်ဗျတ် အသံများ နှင့် အတူ အိပ်ချင်မူးတူး ဖြင့် အချင်းချင်း ပြောဆိုနေသော မကျေမနပ် ဆဲဆိုကြိမ် မောင်းသံများ ပျံ့လွင့်နေပေသည်။ သူတို့အား အဝေးမှပင် နားကွဲလုမတတ် ကြားနေရသော စက်သံများ၊ ခေါင်းတိုင်မှ ထွက်လာသော ဆူညံလာသည့် ရေငွေးသံ တရှဲရှဲ တို့က ဆီးကြိုနေကြသည်။
ညနေစောင်း နေဝင်ရီတရော တွင် နောက်ဆုံးလက်ကျန် နီရဲသော အလင်းရောင်တန်းများက အိမ်ပြတင်းတံခါး များ ပေါ် ကျလာချိန်တွင် အလုပ်သမားများသည် စက်ရုံထဲမှ မှုတ်ထုတ်၍ ထွက်လာသော ပြာကြွင်းပြာစများ အလား အလျိုလျို ထွက်လာကုန်ကြတော့သည်။ သူတို့အားလုံး လာရာ လမ်းအတိုင်း ပြန်လာကြသည်၊ သို့သော် မီးခိုးပြာများ ဖြင့် ပေကျံနေသော သူတို့ မျက်နှာများပေါ်တွင် ဆာလောင်နေပုံရသည့် သွားများသာ အရောင်ထွက် နေသည်။ ခန္ဓာကိုယ်မှလည်း ဆီဂျေးနံ့များ တထောင်းထောင်း ထနေသည်။
သို့သော် ဒီတကြိမ်တွင်တော့ သူတို့၏ အသံများ အသက်ပါလာကြပြီး ရွှင်ပျမြူးတူးသည့် အရိပ်အ ငွေ့များပင် ရောယှက်နေသည်။ တနေ့တာ ကျွန်လို ကုန်းရုံး လုပ်ခဲ့သမျှ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အိမ်ပြန်ရောက်လျှင် အိမ်သူများ အဆင်သင့် ပြင်ထားသော ညစာကို စားပြီး အနားယူရပေဦးမည်။
သူတို့၏ တနေ့တာ အချိန်များကိုတော့ စက်ရုံက သိမ်းကြုံးမောင်ပိုင်စီးထားပြီး ဖြစ်သည်။ စက်များက လိုအပ်သလို သူတို့၏ ကြွက်သားများ နှင့် ခွန်အားများကို စုပ်ယူခဲ့ကြသည်။ တနေ့တာသည် စာသားများကို မှင်ဖျက် ဆေး ဖြင့် ဖုံးအုပ်လိုက်သလိုသူတို့၏ ဘဝထဲမှ အစအန ဖေါ်မရအောင် စုန်းစုန်း မြုပ်သွား ခဲ့သည်ချည်းပင် ဖြစ်သည်။ မသိလိုက် မသိဖာသာ ဖြင့် သင်္ချိုင်း ဆီသို့ ခြေတလှမ်း နီးကပ်လာခြင်းပင် မဟုတ်ပါလော။ သို့သော် လတ်တလော အနားရ တော့မည်၊ ဘုံဆိုင်တွင် အချိန်ဖြုန်းခွင့် ရတော့မည် ဆိုသော အတွေးဖြင့် ကျေနပ်နေတတ်ကြစမြဲပင် ဖြစ်သည်။
အလုပ်ပိတ်ရက်များ တွင် အလုပ်သမားများသည် မနက် ဆယ်နာရီ အထိ မထတန်း အိပ်ကြတော့သည်။ ထို့နောက်တွင်တော့ လူရိုသေ ရှင်ရိုသေ နေတတ်ကြသည့် အိမ်ထောင်သည်များ သည် သူတို့တွင် ရှိ အကောင်းဆုံး အဝတ်အစား ဝတ်ဆင်ပြီး ဘုရားရှိခိုးကျောင်းသို့ သွားရန် ပြင်ဆင်ကြတော့သည်၊ သူတို့နှင့် အတူ လိုက်လိုစိတ် မရှိသည့် သားသမီးများကိုလည်း ဝတ်ကျေတန်းကျေ ဆူပူကြိမ်းမောင်းပြီး အိမ်မှ ထွက်ခဲ့ကြသည်။
ဘုရားကျောင်းမှ ပြန်ရောက်လာသည့် အခါ ရုရှား ရိုးရာ ဘိန်းမုန့် ကို စားသောက်ပြီး ညနေစောင်းသည် အထိ တရေးတမော အိပ်ကြပြန်သည်။
နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ခဲ့ကြရ၍ သူတို့၏ ဝမ်းဗိုက်များက အစာကို တောင့်တရမှန်း မသိ လောက် အောင် အားအင်ချိနဲ့ နေလေပြီ၊ ထိုအခါ စားချင်စိတ်များ နိုးထလာအောင် ပူလောင် စူးရှသည့် ဗောဒ်ကာ အရက်လေး အစာအိမ်ထဲသို့ လောင်းထဲ့ပေးရတတ်သည်။
စားသောက်ပြီးလျှင် လမ်းပေါ်ထွက်၍ ဘာရယ်မဟုတ် ဟိုသွားဒီသွားလုပ်ရင်း အချိန်ဖြုန်းကြပြန်သည်။ မိုးမရွာပဲ နေပူ နေလျှင်ပင် ဘွတ် ဖိနပ် အရှည်ကြီးများစီး၊ လက်က ထီးတချောင်းဆွဲ ကာထွက်လာတတ်ကြသည်။ သို့သော် လူတိုင်းလိုလိုတော့ ထီး တို့ ဘွတ်ဖိနပ် တို့ မရှိကြ။ သို့သော် အိမ်နီးနားချင်းများ ထက် ပို၍ လူရာဝင်ပုံ ပေါက်အောင် ကြံဖန် လုပ်တတ်ကြသည်။
တယောက်နှင့် တယောက် ဆုံမိကြလျင်လည်း စက်ရုံ အကြောင်း၊ ဖိုမင် နှင့် ပြဿနာ ဖြစ်သည့် အကြောင်းများ ထွေရာလေးပါး ပြောတတ်ပြန်သည်။ နေ့တဒူဝ ကြုံနေရသည့် အကြောင်းများသည်သာ ၎င်းတို့ အတွက် အရေးပါသည်ဟု ယူဆထားကြသည်။ အိမ်ပြန်ရောက်ကြသည့် အခါတိုင်း မိန်းမများ နှင့် စကားများတတ်ပြီး မကြာခဏ ဆိုသလို ရိုက်လား မောင်းလား လုပ်တတ်ကြသည်။
ငယ်ရွယ်သူ များကတော့ အရက်ဆိုင်များ တွင် ထိုင်တတ်ကြပြီး၊ မဟုတ်လျင်လည်း အခြား အိမ်များ ရှိ ပါတီပွဲ များ သွား၍ ပျော်မြူးကြသည်။ ထိုအခါမျိုး တွင် အကော်ဒီယံ တီးသူက တီး၊ စည်းချက်မကျ ပဲ အသံသေး အသံကြောင်များ နှင့် သီချင်းများ ဆိုကြ၊ ကကြ၊ မူးမူး နှင်ခါးအောက်ပိုင်း ပြက်လုံးများ ပြောသူက ပြောနှင့် ဖြစ်ချင်တိုင်း ဖြစ်နေကြသည်။
အလုပ် ပင်ပန်းသည့် အရှိန် ဖြင့် အရက်ကိုပင် ဇိမ်ခံ မသောက်နိုင်ဘဲ ဒလကြမ်း မော့သောက်ကြသည်က များသည်။ အိပ်ယာ နိုးလာသည့် အခါ ဘာရယ်မှန်း မသိ နေလို့ထိုင်လို့ မကောင်းနှင့် ဒေါသက အလိုလို ထွက်လာသည်။ ထိုအနေအထား မှ ထွက်ပေါက် ရှာသည့် အနေဖြင့် ဘာမဟုတ်သည့် အကြောင်းလေးများကို ပင် သည်းငြည်းမခံနိုင် ဖြစ်လာကြပြီး ဒေါသတကြီး နှင့် ထိုးလားကြိတ်လား ဖြစ်လာသည်၊ တခါတရံတွင် ဒဏ်ရာ အကြီးအကျယ် ရသွားတတ်သည်။ အသက်သေ သည် အထိ ဖြစ်သွားသည့် အခါမျိုးက တော့ ရှားရှားပါးပါးဟု ဆိုရမည် ဖြစ်သည်။