နိုင်ငံတွင်း ပုံစံ အမျိုးမျိုး နှင့် ဝင်ရောက်ရန် အားပြုနေသော တရုတ် အစိုးရ အလိုကျ ကျေးတော် မျိုး ကျွန်တော်မျိုး အဖြစ် အမှု ထမ်းနေသော မင်းအောင်လှိုင် နှင့် အဖွဲ့သည် လေးလကြာ အပတ်တကုတ် ရေးဆွဲပြီးနောက် ပြည်ပ ကုမ္ပဏီ များ အတွက် လုံခြုံရေး ယူရန် လက်နက်ကိုင် အဖွဲ့များ ဝင်ရောက်ခွင့် အတွက် ဥပဒေ ထုတ်ပြန်ပေးလိုက်ရပြီ ဖြစ်သည်။
အင်္ဂါနေ့က ထုတ်ပြန်သော ပုဂ္ဂလိက လုံခြုံရေး လုပ်ငန်း ဥပဒေတွင် ထိုသို့ လုံခြုံရေး လုပ်ငန်းများ လုပ်ကိုင်လိုသော ကုမ္ပဏီ များ အနေဖြင့် မြန်မာကုမ္ပဏီ ဥပဒေ အောက်တွင် မှတ်ပုံတင်ရမည်ဟု ပါရှိသည်။ ထိုသို့ မှတ်ပုံတင်လာသည်ကို ကာလုံမှ အတည်ပြု ပေးရမည်ဟုလည်း ဆိုသည်။
နောက်ထပ် ပါရှိလာသည်က လုံခြုံရေး ဝန်ထမ်း ဆိုသူများသည် ပြည်ပ နိုင်ငံတနိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များ မဖြစ်စေရ ဟုလည်း ပါရှိသည်။ ၇၅ ရာနှုန်းသည် မြန်မာ နိုင်ငံသားများ ဖြစ်ရမည်ဟု ပါရှိသည်။
လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စများ နှင့် စစ်ကောင်စီ တပ်များ အား ကူညီရမည်၊ သတင်းပေးရမည်ဟုလည်း ပါရှိသည်။
တရုတ် ဖက်မှ စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီးဌာန အား ယွမ် ငါးသန်း (ဒေါ်လာ ၆၈၆,၀၀၀) ကူညီ မည်ဟု ကတိပြုထားပြီး ဖြစ်သည်။
ဤသည်ကလည်း ဥပ ဒေ အရ အကျုံးဝင် အောင် စကားအရသာ ဖြစ်ပြီး တိုက်ရည် ခိုက်ရည် ပြည့်ဝနေသော တော်လှန်ရေး အဖွဲ့များ ထိန်းချုပ် နယ်မြေများသို့ ကွန်ဒို ရှေ့ တွင် စောင့် နေတတ်သော လုံခြုံရေး အစောင့်များကို တော့ စေလွှတ်မည် မဟုတ်သည်က သေချာ နေပေသည်။
နိုင်ငံရေး သုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က နိုင်ငံတကာ တွင် ထိုမျှအထိ ခွင့်ပြုထားသည့် အနေအထား မျိုး မရှိသည့်အပြင် ၎င်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံ နှင့်လည်း ညီညွတ်ခြင်း မရှိဟု RFA သို့ ပြောပြခဲ့သည်။
မည်သို့ပင် ဖြစ်စေ မင်းအောင်လှိုင် နှင့် အဖွဲ့သည် နိုင်ငံတွင်း လာရောက် ရင်းနှီး မြုပ်နှံမှု များကို အကာအကွယ် မပေးနိုင်တော့ဟု ထုတ်ဖေါ်ကြေညာလိုက်ခြင်းပင် ဖြစ်သည်၊ ထိုအချက်သည် နောက်ထပ် လာရောက် ရင်းနှီး မြုပ်နှံရန် စိတ်ကူး နေကြသည့် ကုမ္ပဏီများ လည်း နောက်တွန့်သွားကြတော့မည် ဖြစ်သည်။ ယခုပင် စင်္ကာပူ ရှိ ပင်နစ်ဆူလား ဟိုတယ် အုပ်စု မှ ရန်ကုန် မြို့လယ်တွင် ဆောက်လုပ်ရန် ရှိနေသည့် အမေရိကန် ဒေါ်လာ ၁၃၀ သန်း မြုပ်နှံမည့် ဟိုတယ် စီမံကိန်းကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ လေးနှစ်ကြာသော်လည်း အခြေအနေ ကောင်းလာခြင်း မရှိသည့် အပြင် စစ်တပ် အုပ်ချုပ် နေသည့် မြန်မာ တွင် အနာဂတ်တွင်လည်း အကျိုးရှိလာမည် မဟုတ်ဟု ဆိုသည်။
ထိုသို့ ဖြစ်လာမည့် အနေအထားကို ပြည်ပရင်းနှီး မြုပ်နှံ မှု လာရောက်ရန် တစာစာ ခေါ် နေကြသော မင်းအောင်လှိုင် နှင့် အဖွဲ့လည်း မသိရှိဘဲ နေမည် မဟုတ်၊ သို့သော် ၎င်းတို့ အပေါ် ယုံကြည်စိတ် ကုန်ခန်းလာနေသော တရုတ်၏ ဖိအား ကို မလွန် ဆန် နိုင်၍သာ လက်ခံလိုက်ရခြင်း ဖြစ်သည်။ လက်ရှိတွင် တရုတ်၏ စီမံကိန်းများသည် ကျောက်ဖြူမှ အပ တော်လှန်ရေး အဖွဲ့များ၏ လက်တွင်း ကျရောက်နေပြီ ဖြစ်သည်။
၎င်းတို့ ၏ လက်ရှိ လုပ်ရပ်သည် ပြည်ပရင်းနှီး မြုပ်နှံမှု များကို တဖက်က လာပါ လာပါ လက်ယပ်ခေါ်နေသော်လည်း တဖက်က မလာနဲ့ဟု တွန်းထုတ်နေသလို ဖြစ်နေသည်။
မည်သို့ပင် ဖြစ်စေ ဒို့တာဝန် အရေး သုံးပါးဖြင့် ကာကွယ်ပေးမည် ဆိုသော တိုင်းပြည်၏ အချုပ်အခြာ အာဏာ ပိုင်မှု က တရားဝင် ဆုံးရှူံးသွားရပြီ ဖြစ်သည်၊ နိုင်ငံ လုံခြုံရေး ကို ထိခိုက်လာနိုင်သည့် အရေးကို အရည်အတွက် အားဖြင့် လက်ငါး ချောင်းပင် မပြည့်သော စစ်ဗိုလ်ချုပ်များက ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။ ၎င်းတို့ အဖို့ တရုတ် ဖက်မှ လွှတ်လိုက်သူ များကို မည်မျှအထိ ထိန်းချုပ်နိုင်မည်ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာသည်ဟု ဧရာဝတီ တွင် ဖေါ်ပြထားသည်။
ဘီဂျင်းသည်လည်း ၎င်းတို့ရင်းနှီး မြုပ်နှံထားမှု များ ဆုံးရှုံးမည့် အရေးကြောင့် ဆင်ကန်းတောတိုး လုပ်လာပြီ ဖြစ်သည်။
ပြီးခဲ့သည့် ရက်များ အတွင်း ကူမင်း တွင် ပြုလုပ်ခဲ့သော တအာင်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (TNLA) နှင့် ဆွေးနွေးပွဲသည် အောင်မြင်မှု မရဘဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်ဟု TNLA က ဗုဒ္ဓဟူး နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
၎င်းတို့ဖက်က နှစ်ဖက်စလုံးရှိ အရပ်သားများ အစားအသောက်၊ ဆေးဝါး နှင့် အဝတ်အထည်များ ဖြန့်ဖြူး ပေးနိုင်ရန် အတိုက်အခိုက်များ ရပ်စဲဖို့ အဆိုပြုခဲ့သည် ဟု ဆိုသည်။ ကျားကို သက်သက်လွတ် စားဖို့ အဆိုပြုသည် နှင့် မခြား ဖြစ်နေသည်။ တအာင်း အဖွဲ့သည် ၎င်းတို့ဖာသာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိက ဆွေးနွေးကြမည် မဟုတ်။
စစ်တပ် အဖို့က လူထု အား ထိုသို့ အကျပ်အတည်းများ ဖြစ်အောင် ဖန်တီးပေးထားမှသာ တော်လှန်ရေး ကို စိတ်ကုန်လာပြီး ဆန့်ကျင်လာကြမည်ဟူသော ဗျူဟာ ကို ချမှတ်ထားပြီး ဖြစ်သည်၊ ထို့အတွက် ကြောင့်လည်း စစ်မြေပြင် နှင့် လွတ်ကင်းရာ ဒေသများကိုပါ ချမ်းသာမပေးဘဲ ဗုံးကြဲခြင်း၊ မီးရှို့ ဖျက်ဆီး လုယက် နေကြခြင်းသာ ဖြစ်သည်။
မင်းအောင်လှိုင် သည် လူထုအား အကျပ်အတည်း ကျရောက်စေခြင်းမျိူးဖြင့် ပြည်တွင်းစစ်ကို အရှိန်မြှင့် ရန် လုံးပမ်းလာနေချိန်တွင် အာဆီယံဥက္ကဌ မလေးရှား ဝန်ကြီးချူပ်အန်နဝါ၊ သာစင် နှင့် ဘရူးနိုင်း စော်ဘွား တို့ မြန်မာ အရေး ဆွေးနွေးကြရာမှ လက်ရှိ ပဋိပက္ခ အဆုံးသတ်ရန် ပါဝင်ပတ်သက်နေသူ များ အားလုံး နှင့် တွေ့ဆုံ ဆွေးနွေးရန် လိုပြီ ဆိုသည်ကို သဘောတူ ကြကြောင်း အန်နဝါက ထုတ်ဖေါ် ပြောဆိုလာသည်။
၎င်းတို့ အတွက် ရှမ်းမြောက်ဒေသ လို မဟုတ်ဘဲ ကယ်သူ မဲ့ ဖြစ်လာနေသည့် ရခိုင်ပြည်နယ် တွင် တော့ ကြည်းရေလေ အင်အားသုံး ခုခံနေသော်ငြားလည်း မြို့တော် စစ်တွေကို လက်လွှတ်ရမတတ် ဖြစ်လာသည့် အနေအထား နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!