ထရန့် ဒရာမာ

by Hla Soewai - Mar 02 2025

ထရန့်သည် အိမ်ဖြူတော်မှ နေ၍ ခြေတံရှည် လက်တံရှည်ရှည် သုံး၍ အမေရိကန် အား သူတယောက်တည်း အုပ်ချုပ်သွားနိုင်ရန် ကြံရွယ်နေပြီ ဖြစ်သည်။ ထို့အတွက် ဖွဲ့စည်းပုံ ပုဒ်မ (၂) တွင် ပါရှိသည့် သမ္မတ လုပ်ပိုင်ခွင့်အာဏာ များသည် ၎င်းအား သုံးချင်သလောက် သုံးဖို့ပေးထားသည့် ချက်လက်မှတ် အလွတ်တစောင် လို သဘောထားလာပုံရသည်။

 

နပိုလီယန်၏ လက်သုံးစကား ဖြစ်သော နိုင်ငံကို ကယ်တင်သော လုပ်ရပ်မှန်သမျှ ဥပဒေ ချိုးဖောက်သည်ဟု သတ်မှတ်၍ မရ ဆိုသည်ကို ဆိုရှယ် မီ‌ဒီယာ တွင် ရေးပြီး ပမာမခန့် ပြုလာသည်။

 

၎င်းအား လွှတ်ပေးထားမည် ဆိုလျှင် ဘယ်လောက်ထိ သွားနေဦးမည်နည်း၊ အမေရိကန်ကော သမ္မတ နိုင်ငံ အဖြစ် ကျန်နေဦးမည်လော။

 

ထရန့်၏ အဆိုအရ သူသည် အမေရိကန် ‌ဗျူရိုကရေစီ ထဲရှိ အသုံးအဖြုန်းများ၊ အလိမ်အညာများ၊ အလွဲသုံးစားမှု များ ကို ရှင်းထုတ်နေသည် ဟူ၍ ဖြစ်သည်။ သို့သော် ၎င်း၏ လုပ်ရပ်များသည် အမေရိကန် အစိုးရ စနစ်ကို ဖျက်ဆီးနေခြင်းသာ ဖြစ်သည်ဟု အတိုက်အခံများက သတိပေးလာခဲ့သည်။

 

ကမ္ဘာကြီး ငြိမ်းချမ်းစေရမည်၊ နိုင်ငံတွင်း သာယာ ဝပြောစေရမည်ဟု ပြောလာသော်လည်း လောလောဆယ် တွင် တော့ အနောက်အုပ်စု ကို အားကောင်း‌စေခဲ့သည့် မဟာမိတ် အနေအထားကို ဖျက်ဆီးပစ်နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

 

အမေရိကန် အား နောက်တကြိမ် အားကောင်းလာစေရမည် ဟု ကြွေးကြော်နေသော်လည်း ယခုအခါ နိုင်ငံကို လက်ပြန်ကြိုးတုတ်၍ ဖွဲ့စည်းပုံ နှင့် ပတ်သက်သည့် အကျပ်အတည်းကြီး၊ သို့မဟုတ် ထရန့်၏ ကိုယ်မင်းကိုယ်ချင်း ဝါဒ ဆီ ဆွဲခေါ်လာနေပြီ ဖြစ်သည်။

 

အာဏာကို ၎င်းတဦးတည်းသာ အပ်နှင်းထားသည် ၊ ယခုထက် ပို၍ ရှိလာအောင် လုပ်နိုင်သည် ဟု ယူ‌ဆနေသည် ဆိုသည်ကို ၎င်း၏ လုပ်ရပ်တိုင်းက သက်သေခံနေပေသည်။

 

ယခုအခါ အမေရိကန် ဥပဒေပြု လွှတ်တော်များကို လျစ်လျူရှုကာ နိုင်ငံအား သမ္မတ အမိန့် ထုတ်ပြန်ပြီး အုပ်ချုပ်လာနေသည်။ ကွန်ဂရက် မှ ခွဲတမ်းချပေးထားသော ရံပုံငွေများကို ၎င်းသဘောတူ မှသာ ထုတ်ပေးနိုင်သည်ဟု ပင် ပြောလာသည်။။ယခုအချိန် အထိ ၎င်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော သမ္မတ အမိန့် ပေါင်း ၇၀ ကျော် ရှိသည့် အနက် အချို့သည် ဖွဲ့စည်းပုံ နှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်နေသည်။

 

အစိုးရ ဌာန တိုင်း တွင် ဝရုန်းသုံးကား နှင့် ဘာလုပ်လို့ ဘာကိုင်ကြရမှန်း မသိ ဖြစ်လာနေသည်။ ဝါရှင်တန် ပို့စ် သတင်းစာ အဆိုအရ ထောက်လှန်းရေး နှင့် ဥပဒေ ထိန်းသိမ်းရန် တာဝန်ရှိသည့် အဖွဲ့အစည်း များ ရှိ အဆင့်မြင့် ရာထူး များ တွင် ခန့်ထားမည့် လူများအား ၂၀၂၀ ရွေးကောက်ပွဲ တွင် ၎င်း အနိုင်ရခဲ့သည် ဆိုသော ထရန့် အပြောကို ထောက်ခံပါလားဟု မေးမြန်းခြင်း ခံခဲ့ရသည်ဟု သိရသည်။

 

ဝါးတားဂိတ် အ‌ ရေး အခင်း အပြီး တရားရေး ဝန်ကြီးဌာနကို နိုင်ငံရေး နှင့် လက်တကမ်း အကွာ တွင် ထားရန် ချမှတ်ထားသော အကာအကွယ် များကိုလည်း ဖယ်ရှားလာခဲ့သည်။ ပထမ ဆုံး လုပ်ရပ် အဖြစ် နယူးယောက် မြို့တော်ဝန် အား စွဲဆိုထားသည့် လာဒ်ပေး လာဒ်ယူ မှု အား ပယ်ဖျက်ပေးရန် တရားရေး ဝန်ကြီးဌာန မှ အစိုးရ ရှေ့နေများကို တောင်းဆိုလာခြင်းပင် ဖြစ်သည်။ မြို့တော်ဝန် မှ ထရန့် တောင်းဆိုသမျှကို လိုက်လုပ်ပေးမှသာ ထိုသို့ ရုပ်သိမ်းပေးရမည် ဖြစ်သည်ဟု ဆိုသည်။ ယင်း ကို ကန့်ကွက်သည့် အနေဖြင့် အစိုးရ ရှေ့နေ အများအပြား ရာထူးမှ နှုတ်ထွက်ကုန်ကြသည်။

 

နိုင်ငံခြားရေး တွင်လည်း သမ္မတ အဆက်ဆက် ကတိကဝတ် ပြုခဲ့မှုများကို ပယ်ဖျက်လာခဲ့သည်။ ကမ္ဘာ ကျန်းမာရေး အဖွဲ့ကြီးသည် အမေရိကန် အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည် ဆိုကာ နှုတ်ထွက် တော့မည်ဟု ဆိုသည်။ ပြည်ပ အစိုးရများ ကိုလည်း သွင်းကုန်ခွန်များ တိုးမြှင့် ကောက်ခံမည် ဆိုကာ ခြိမ်းခြောက်လာသည်။ အစဉ်အလာကို ချိုးဖောက်ကာ ရုရှား အားလည်း ဖက်လှဲတကင်း လုပ်လာသည်။ မဟာမိတ် ဖြစ်‌ သော ဥရောပ အားလည်း ရုရှား နှင့် အပေးအယူ လုပ်စရာ အဖြစ် ယူဆလာသည်။

 

ထရန့်သည် ဥရောပ နှင့် အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေး ရပြီး လူ့အသက်များ ကယ်တင်နိုင်မည် ဖြစ်ပြီး ၎င်း အနေနှင့်လည်း တရုတ်ကို ပို၍ အာရုံစိုက်နိုင်မည်ဟု ယူဆထားသည်။

 

သွင်းကုန် ခွန်များ တိုးမြှင့်ခြင်း၊ ဘတ်ဂျက်လိုငွေ ပြမှုများ လျော့နည်းသွားစေမည့် အစီအစဉ် များသည် ပြည်တွင်း ငွေကြေး ဖောင်းပွမှု မြင့်တက်သွားစေမည်သာ ဖြစ်သည်။ တရားရေးစနစ်အား ကိုယ့်လူ ကို အကာအကွယ်ပေးရန် နှင့် လက်စားချေရန် ကိရိယာ တခု အဖြစ် အသုံးချလာမည် ဆိုက စီးပွားရေး လုပ်ငန်းများ ထိခိုက်လာမည်သာ ဖြစ်သည်။ 

 

အမေရိကန် မဲဆန္ဒရှင်များက ပြည်ပသို့ အကူအညီ ပေးနေမှု များကို သဘောမကျကြ သော်လည်း နောက်ပိုင်းတွင် ကမ္ဘာတဝှမ်းမှ လူ အများ အတိဒုက္ခ ရောက်နေသည့် အဖြစ်ကို တွေ့လာကြမည်ဆိုက စိတ်ချမ်းသာ ကြတော့မည် မဟုတ်၊ လောလောဆယ် ထရန့် ၏ ပထမ လ အတွင်း လုပ်ရပ်များကို ထောက်ခံနေကြဦးမည် ဖြစ်သော်လည်း နောက်ပိုင်းတွင်လည်း ထိုအတိုင်း ဆက်ရှိနေမည်ဟု သေချာ ပေါက် ယူဆထား၍ မရတော့။

 

ထရန့်သည် ကမ္ဘာကြီး၏ လက်ရှိ အနေအထားကို ပြောင်းလဲပစ်ရန် စိတ်ကြိုက်လုပ်နေခွင့် ရနေသော်လည်း ၎င်း၏ လုပ်ရပ်များကို မဟန့်တား နိုင်ပါက ရုရှား နှင့် တရုတ် အပေါ် ဩဇာ သက်ရောက်နိုင်မှု ဆုံးရှူံးသွားမည်သာ ဖြစ်သည်၊ (ဆိုလိုသည်က လက်ရှိတွင် အမေရိကန်သည် မဟာမိတ်များ ကျောထောက်နောက်ခံ ရှိနေ၍သာ ၎င်း၏ စကား အပေါ် အလေးထားကြမည် ဖြစ်သော်လည်း အားလုံးက စွန့်ခွာ သွားပြီး အထီးကျန် ဖြစ်သွားမည် ဆိုလျင် ရုရှား နှင့် တရုတ်တို့သည် အဘယ်အတွက်ကြောင့် အမေရိကန်ကို အရေးထားစရာ အဖြစ် သတ်မှတ်ကြတော့မည်နည်း။)

 

လက်ရှိ ထရန့် လုပ်ရပ်များကို ထောက်ခံနေသော ရီပတ်ဘလီကင်များ သတိထားရမည်က အကယ်၍ ဒီမိုကရက် သမ္မတ တဦး အာဏာပြန်ရလာမည် ဆိုလျှင် ၎င်းတို့ အပေါ် ပြန်၍ အသုံးချ လာမည် ဆိုသည်ကိုပင် ဖြစ်သည်။

 

(၂၀၂၅ ဖေဖေါ်ဝါရီ ၂၀ ရက် နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ အယ်ဒီတာ အာဘော် ဖြစ်သည့် "Donald Trump: the would-be king" အား ကိုးကားသည်။)