ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်
အချုပ်အခြာ အာဏာအား မိမိသဘော အလျောက် ချုပ်တည်းထားမှု၊ အလျော့ပေး လိုက်လျော မှု နှင့် လုပ်ပိုင်ခွင့် ခွဲဝေကျင့်သုံးမှု များ ရှိနေသည်ကိုလည်း ထည့်သွင်း ဖေါ်ပြရန် လိုပေသည်။ အနီးစပ်ဆုံး ဥပမာ ပြရက အီးယူ ခေါ် ဥရောပ သမဂ္ဂပင် ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းကြီးသည် ပါဝင်သော နိုင်ငံများ၏ အချုပ်အခြာ အာဏာ ကို တပေါင်းတစည်းထဲ စုစည်း၍ အဖွဲ့ငယ် များ ဖွဲ့စည်းကာ အဖွဲ့ဝင် နိုင်ငံများ နှင့် သက်ဆိုင်သော ကိစ္စများကို စုပေါင်း ဆုံးဖြတ်ကြသည်။
အခြား နိုင်ငံများသည်လည်း ကမ္ဘာကုန်သွယ်ရေး အဖွဲ့ကြီး တွင် အလားတူ ပုံစံမျိုး နှင့် ပါဝင်လာကြသည်။ ထိုသို့ လုပ်ရန် အစိုးရ များက သဘောတူလာကြခြင်း သည်လည်း ၎င်းတို့၏ အကျိူးစီးပွားကို စုပေါင်း ဆုံးဖြတ်ကြခြင်းဖြင့် ပို၍ အကျိုးရှိလာနိုင်သည်ဟု ယုံကြည်လာကြ၍ ဖြစ်သည်။ တခါတရံ ၎င်းတို့ သဘော မတူခဲ့သည်များ ရှိခဲ့လျင်ပင် အားလုံး ခြုံကြည့်က အဆင်ပြေသည်ဟု ယူဆထားကြသည်။ သို့သော်လည်း ၎င်းတို့ အပ်နှင်းထားသည့် အချုပ်အခြာ ပိုင်စိုးမှုသည် တစိတ်တပိုင်းသာ ဖြစ်ပြီး ဆန္ဒ အလျောက် လည်း ဖြစ်၍ အချိန်မရွေး ပြန်ရုပ်သိမ်း နိုင်ခွင့် ရှိနေခြင်း သည် ၎င်းတို့ ဆုံးဖြတ်ခဲ့မှု တွင် အခရာ ကျသော အချက် ပင် ဖြစ်သည်။
အချုပ်အခြာ အာဏာပိုင်နိုင်ငံများ နှင့် အစိုးရ များသာ နိုင်ငံတကာ စနစ် ဆိုသည့် စစ်တုရင် ခုံပေါ်က အရုပ်များ ဖြစ်နေကြသည် မဟုတ်၊ စီးပွားရေး ကော်ပိုရေးရှင်းကြီးများ၊ အင်ဂျီအို အဖွဲ့များ ဖြစ်သော နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၊ နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့၊ ဂရင်းပိစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ ဖောင်ဒေးရှင်းများ၊ မီဒီယာများ၊ ဘာသာရေး အာဏာပိုင် အဖွဲ့များ၊ ပြည်နယ် အုပ်ချုပ်ရေးမှုးများ၊ မြို့တော်ဝန်များ၊ ဒေသတွင်း နှင့် ကမ္ဘာလုံး ဆိုင်ရာ အဖွဲ့အစည်းများလည်း ပါဝင် လှုပ်ရှားနေကြသည်။ ထိုစစ်တုရင်ခုံကြီး ပေါ်တွင် အကြမ်းဖက်သမားများ၊ မူးယစ်ဂိုဏ်းများ၊ ပင်လယ်ဓါးပြ များလည်း ပါဝင်နေကြသည်။
လက်ရှိ တွင် အမှန်တကယ် ဖြစ်ပျက်လာသည်များက နိုင်ငံများသည် အခြား ပါဝင်ဖက်များထက် အင်အား အရာတွင်၎င်း၊ ဩဇာအာဏာ ချဲ့ထွင်ရာထွင်ရာ တွင် ၎င်း ပို၍ လုပ်နိုင်ကိုင်နိုင် ဖြစ်လာသော်လည်း အခြား နိုင်ငံများကို ၎င်းတို့ကဲ့သို့ လုပ်လာနိုင်စွမ်း မရှိအောင် မဟန့်တားနိုင်ခြင်းပင် ဖြစ်သည်။
ရလဒ် အဖြစ် လက်တွေ့ကျမှုထက် နိုင်ငံအချုပ်အခြာ အာဏာ ကို ဦးစားပေး မူဝါဒ ဖြင့် သတ်မှတ် ထားသော ကမ္ဘာကြီး အဖြစ် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
ကိုယ်ပိုင် ဆုံးဖြတ်ခွင့်
အချုပ်အခြာ အာဏာ နှင့် ဆက်စပ်နေသော အကြောင်းအရာ တခုသည်ကား ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် သို့မဟုတ် လူအများက ၎င်းတို့ သီးသန့် နိုင်ငံ တနိုင်ငံ အဖြစ် ရှိလာရန် လိုလားမှု ရှိမရှိ ရွေးချယ် ပိုင်ခွင့် ဆိုသည့် အယူအဆ ဖြစ်သည်။
နိုင်ငံ အများအပြားတွင် မတူညီသော ကိုးကွယ်သည့် ဘာသာ၊ စကား၊ ကွဲပြားသော လူမျိုးစု အစုအဝေးများ ရှိနေကြ စမြဲ ဖြစ်သည်။ မေးစရာ ဖြစ်လာသည်က မည်သည့် အုပ်စု၊ မည်သည့် နယ်မြေများသည် လွတ်လပ်သော နိုင်ငံများ အဖြစ် တည်ဆောက်နိုင်ရန် မည်သို့သော မှတ်ကျောက်ဖြင့် ဆုံးဖြတ်ရမည်နည်း ဆိုသည် ပင် ဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ နိုင်ငံတကာ တွင် တူညီသော သဘောထား ထွက်ပေါ်လာခဲ့ခြင်း မရှိသေးပေ။
ဥပမာ အားဖြင့် တိုင်ဝမ်သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံ တနိုင်ငံ ဖြစ်လာရန် လိုအပ်သော အရည်အသွေး များ အကုန် ရှိနေပြီး ဖြစ်သည်။ အုပ်ချုပ်ပိုင်ခွင့် ရထားသူများသည် ကိုယ်ပိုင်စစ်တပ် နှင့် အင်အား ကို အပြည့်အဝ အသုံးချ ပိုင်ခွင့် ရှိနေသည်။ ဗဟိုဘဏ်လုပ်ငန်း နှင့် လွတ်လပ်စွာ လှုပ်ရှားနိုင်သော နိုင်ငံရေးစနစ်ကလည်း ရှိနေပြီး ဖြစ်သည်။
သို့သော်လည်း တရုတ်မှ ၎င်းတို့ ပိုင်ဟု ပြောဆို ကြေညာ ထားမှု ကြောင့် တိုင်ဝမ်အား အသိအမှတ် ပြုသော နိုင်ငံဟူ၍ နှစ်ဒါဇင် ပင် မပြည့်ပေ။
နောက်ထပ် ဥပမာကား ကော်ဆိုဗို ပင် ဖြစ်သည်။ ကော်ဆိုဗိုအား အမေရိကန် အပါအဝင် နိုင်ငံပေါင်းတရာကျော်က လွတ်လပ်သော နိုင်ငံ အဖြစ် အသိအမှတ် ပြုထားသော်လည်း တရုတ်၊ ရုရှား၊ အိမ်နီးချင်း ဆာဘီယား အပါအဝင် နိုင်ငံ အတော်များများက အသိအမှတ် ပြုခြင်း မရှိသေးပေ။
ဆိုလိုချင်သည်က အချုပ်အခြာ အာဏာ ဆိုသည်က ရှုသူ ၏ အမြင်ပေါ်တွင်သာ မူတည်နေခြင်း မျိုး ဖြစ်သည်။ ယခုအခါ တွင်တော့ အဆိုပါ အရေးသည်ဒုတိယ ကမ္ဘာစစ် အပြီး လောက်ကလို အဓိက ကျသည့် ပြဿနာ မဟုတ် တော့၊ ထိုအချိန်က အရှေ့အလယ်ပိုင်း၊ အာဖရိက၊ တောင်အာရှ နိုင်ငံများသည် ဥရောပ နိုင်ငံများ၏ ကိုလိုနီ ကျွန်ဘဝ မှ လွတ်မြောက်လာကြချိန်လည်း ဖြစ်သည်။
အဓိက မကျတော့ဟု ဆိုသော်လည်း ပျောက်ကွယ်သွားချင်း မျိုးတော့ မဟုတ်ပေ။ နိုင်ငံ များ အတွင်း မိမိတို့ ကိုယ်ပိုင် နိုင်ငံ ရရှိလိုနေသည့် အုပ်စုများ ရှိနေဆဲ ကြောင့်ပင် ဖြစ်သည်။
ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင် ဆိုသည့် "လူများတွင် တူညီသော အခွင့် အရေး နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိသည် ဆိုသည့် မူအား လေးစားရမည်" ဆိုသည်ကား ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းထဲတွင် သာ ရှိနေသည်။ ယင်းအား ကိုလိုနီ ခေတ်တွင်သာ လှိုက်လှဲစွာ ပွေ့ဖက်ခဲ့ကြသော်လည်း ယခုလို နိုင်ငံပေါင်း ၁၉၀ ကျော် ရှိလာနေချိန်တွင်တော့ ဖာသိဖာသာ ဖြစ်လာခဲ့သည်။
၎င်းတို့ နိုင်ငံ အတွင်းရှိ လူမျိုးစု များက ကိုယ်ပိုင်နိုင်ငံ တည်ထောင်နိုင်ရေး အတွက် တွန်းတွန်း တိုက် တိုက် လုပ်လာသည့် အခါ အစိုးရ များ အနေဖြင့် မည်သို့မည်ပုံ သင့်တင့်လျောက်ပတ်စွာ တုန့်ပြန်ရမည် ဆိုသည့်အပေါ် ဆုံးဖြတ်နိုင်မည့် ဖြေရှင်းချက်မျိုး ရဖို့ ခက်ခဲနေသည်။
ပထမဆုံး အနေဖြင့် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ဆိုသည့် သဘောတရားကို နိုင်ငံတခု ဖြစ်တည်လာရေး အား ခွင့်ပြုရမည်၊ သို့မဟုတ် မှန်ကန်ကြောင်း အားနှင့် မာန် နှင့် ပြတ်ပြတ်သားသား တင်ပြနိုင်ရမည် ဆိုသည် နှင့် အစားထိုးရမည် ဖြစ်သည်။
ထိုသို့ လွတ်လပ်ရေး ကို တောင်းဆိုလာသည့် အုပ်စု၏ လှုပ်ရှားမှု သည် အဆိုပါ နိုင်ငံတည်ရှိရာ အနီးတဝိုက်ရှိ ဒေသများ နှင့် ကမ္ဘာကိုပင် ရိုက်ခတ်လာနိုင်သည်။ ထိုသို့ လူအများ အပြားအား ထိခိုက်သွားနိုင်သည့် အတွက် နိုင်ငံ ဖြစ်တည်မှု ရရှိရန် ကြိုးပမ်းနေသော အဖွဲ့တဖွဲ့တည်း၏ ဆုံးဖြတ်ချက် ဖြင့် ခွင့်မပြုသင့်ပေ။