ထိုသို့ စိတ်ထဲတွင် ခိုအောင်းနေသော အငြိုးများသည် တစထက် တစ ကြီးထွားလာပြီး အမြဲလို ဖြစ် နေသည့် ကုသ၍ လည်း ပျောက်နိုင်ဖွယ် မရှိသော ကြွက်သားများ ပင်ပန်း ကိုက်ခဲ နေမှုများလို ကျင့်သားရလာကြသည်။ ထိုသို့ဖြစ်လာခြင်းသည် မွေးကတည်းက ဖခင်များ ထံမှ အမွေဆက်ခံလာကြခြင်းကြောင့် ပင် ဖြစ်သည်။
မွေးဖွားရာမှ သေဆုံးသည်အထိ အရိပ်မည်းကြီးလို ကပ်ငြိပါလာခြင်း မျိုး ဖြစ် နေယုံမက ၎င်းတို့အား လည်း ရာဇဝတ်မှု များ ကျုးလွန်အောင် လှုံ့ဆော် ပေးလာသည်။ ဘာရယ်မဟုတ် ရည်ရွယ်ချက် မရှိ ကျုးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုပ်မှု များ နောက်ကွယ် တွင် ကြောက်မက်ဖွယ် ကောင်းစွာ ပုန်းလျိုးနေတတ်သည်။
အလုပ် ပိတ်ရက်များ တွင် လူငယ်များသည် ညဉ့်နက်မှ အိမ်ပြန် ရောက်လာတတ်ကြသည်။ အဝတ်အစား များလည်း စုတ်ပြဲနေပြီး ဖုံအလူးလူး နှင့် ညစ်ပတ်နံစော်နေသည်။ မျက်နှာတွင်လည်း ဒဏ်ရာဒဏ်ချက်များ ရလာသော်လည်း တဖက်လူကို ဘယ်လိုဘယ်ပုံ ထိုးကြိတ်လိုက်သည်၊ သို့မဟုတ်ကလည်း ဘယ်လို နာသွားအောင် ပြောလိုက်သည်များ ကို မမောနိုင် မပန်းနိုင် ကြွားဝါကြပြန်သည်။ သူတို့ ကိုယ်တိုင် ပြောခံခဲ့ရလျှင်လည်း ဒေါသတကြီး သို့မဟုတ်၊ မျက်ရည်လဲရွှဲ နှင့် ပြန်ပြောတတ်ကြသေးသည်။
တခါတရံတွင် လူမှန်း သူ မှန်း မသိအောင် မူးနေကြ၍ ၎င်းတို့အား လမ်းပေါ် နှင့် အရက်ဆိုင်များမှ အမေ သို့မဟုတ် အဖေ လုပ်သူများက အိမ် ပြန်ခေါ်လာရသည်။ ထိုသို့ ခေါ်လာရင်း စိတ်တိုတိုနှင့် ဆဲဆိုကြိမ်းမောင်း လာကြသည်။ တခါတရံတွင် ယိုင်လဲမတတ် ဖြစ်နေသော အရက်နံ့ တထောင်းထောင်း ထွက်နေသည့် ကြားမှ အရိုက်အနှက်လည်း ခံရတတ်သေးသည်။ အိမ်ရောက်လျင်တော့ နောက်နေ့ မနက် စော စော စက်ရုံ မှ ဥဩ မှုတ်သည့် အသံကြားလျင် အလျင်မီ အိပ်ယာ ထနိုင်ဖို့ အတွက် အနည်းနှင့် အများ ဆိုသလို အိပ်ယာထဲအထိ အရောက် ပို့ပေးပြီး ပြီးစလွယ် မဟုတ်ဘဲ အိပ်ပျော်အောင် စနစ်တကျ ပြင်ဆင် ပေးတတ်ကြသည်။
လူငယ်များ မူးရူး ရန်ဖြစ်ကြခြင်းသည် အသက်ကြီးသူ များ အဖို့ အပြစ်ဆိုလောက်အောင် မဖြစ် ဟု သတ်မှတ်ထားကြသော်လည်း ၎င်းတို့၏ ကလေးများ ထိုသို့ ဖြစ်လာခဲ့လျင် ကြိမ်းမောင်း ရိုက်နှက်ကြစမြဲ ပင် ဖြစ်သည်။ ၎င်းတို့ ငယ်ရွယ်စဉ်ကလည်း ထိုသို့ မူးကြ၊ ရန်ဖြစ်ကြ၊ မိဘများ၏ အထုအထောင်း ခံခဲ့ကြပြီး ဖြစ်၍ လည်း အဆန်းတကြယ် မဟုတ်တော့။ ၎င်းတို့၏ ဘဝ များက ထိုနည်းနှင်နှင် လည်ပတ်နေစမြဲ လည်း ဖြစ်သည်။
ရွှံ့ နွံ များ ကြောင့် ညစ်ညမ်းနေသော ချောင်း ရေ လို တနှစ်ပြီး တနှစ် အပြောင်းအလဲ မရှိ ဖြေးဖြေးချင်း တသွင်သွင် စီးဆင်းနေသလို မျိုး ဖြစ်နေသည်။ ရှေးဟောင်း ယဉ်ကျေးမှု ထုံးတမ်းများ နှင့် စွဲမြဲနေသော အကျင့်ဟောင်း များ ကြားတွင် နစ်မြုပ် နေပြီး နေ့တဓူဝ အပြောင်းအလဲ မရှိ ကျင်လည် နေကြရသူ များ ဖြစ်သည်။ မည်သူတဦး တယောက် တွင်မျှ ထိုသို့ ဖြစ်နေသည့် အနေအထားကို ပြောင်းလဲလိုစိတ် ကော၊ ပြောင်းလဲနိုင်ရန် ကြိုးစားဖို့ အချိန် ကော ရှိခဲ့ကြပုံ မရပေ။
လူစိမ်း ဆို၍လည်း ရွာသို့ တခါတရံ မှသာ ရောက်လာတတ်သည်။ လူစိမ်း ဖြစ်နေ၍လည်း ရောက်ကာစ တွင် လူတိုင်းက သတိထားမိကြသည်။ လူစိမ်းကလည်း ၎င်း အလုပ်လုပ်ခဲ့သည့် နေရာ ဒေသအကြောင်းများ ပြောပြတတ်၍ သတိထားမိရာမှ အပေါ်ယံသဘော စိတ်ဝင်စားမှု ရှိလာကြသည်။ နောက် ပိုင်း အထူး အဆန်း ပြောစရာ စကား ကုန်ခန်းလာသည့် အခါတွင်တော့ ၎င်း အပေါ် လူများက သူလိုငါလိုပင် သဘောထားလာကြပြီး ဖာသိဖာသာ ဖြစ်ကုန်ကြသည်။
၎င်း ပြောခဲ့သည့် အကြောင်း များ ထဲမှ အလုပ်သမား လူတန်းစား၏ အခြေအနေသည် နေရာတကာ တွင် အတူတူပင် ဖြစ်သည်ဟု သိလာကြသည်။ သို့ဆို က လက်ရှိ အခြေအနေ များကို အဘယ်သို့များ အထူးတလည် မကျေမနပ် ပြောစရာ ရှိပေဦးမည်နည်း။
တခါတရံ တွင်တော့ လူစိမ်းထံ မှ ၎င်းတို့ မြို့ရွာတဝိုက် တခါဖူးမျှ မကြားဘူးသော အထူးအဆန်း စကားများကို ကြားရတတ်သည်။လူများက အငြင်းအခုံ လုပ်လေ့ မရှိသော်လည်း ၎င်း ပြောသည့် စကား အထူးအဆန်းများကို ယုံရအခက်၊ မယုံရ အခက် နားထောင်တတ်ကြသည်။
အချို့က သူ့စကားများကြောင့် ဘာရယ်မှန်း မသိ ဒေါသ ထွက်လာကြပြီး၊ အချို့ကလည်း စိတ်ထဲ ဇဝေဇဝါ နှင့် ခေါင်းနပမ်း ကြီးကုန်ကြသည်။ အချို့ကျ ပြန်လည်း ဘာရယ်မှန်း မသိ သည့် မျှော်လင့်ချက် အရိပ်အယောင် ခပ်ဖျော့ဖျော့ ထွက်လာတတ်၍ စိတ်ထဲ အနှောက်အယှက် ဖြစ်ကုန်ကြသည်။ ထိုသို့ မလိုလားအပ်သော စိတ်ရှုပ်ထွေးမှုမျိုးကို ခေါင်းထဲမှ ဖျောက်ဖျက် ပစ်နိုင်ရန် အရက်ကို ဖိသောက်လာကြသည်။
လူစိမ်းသည် ၎င်းတို့ နှင့် မတူဘဲ ထူးထူးခြားခြား ဖြစ်နေသည်ကို သတိပြုမိလာကြသည့် အခါတွင် ၎င်းအား ဆန့်ကျင်လိုစိတ်များ ကိန်းအောင်းလာကြသည်။ ၎င်းအပေါ်လည်း ဘာရယ်မှန်း မသိသည့် စိုးရိမ် ကြောင့်ကြစိတ်များ ဖြင့် ဆက်ဆံလာကြသည်။
လူစိမ်းသည် ၎င်းတို့ တသမတ်တည်း အပြောင်းအလဲ မရှိ စိတ်ပျက်စရာ ရွေ့လျားနေသော ဘဝအား အနှောက်အယှက် တစုံတရာ ပေးလာမည့် အရေးကို စိုးရွံ့ကြ၍ ဖြစ်သည်။ ၎င်းတို့၏ ဘဝများ သည် ခက်ခဲ ကြမ်းတမ်းပြီး ဝမ်းနည်းစရာ ကောင်းနေသော်လည်း သူ့ အနေအထား နှင့် သူ တည်ငြိမ်မှု ရှိနေခဲ့ပြီး ဖြစ်သည်။
ဘဝ ၏ ဖိစီး နှိပ်စက်မှု ဒဏ် ကို ခံနေကျ ဖြစ်၍ နေသား ကျနေကြခြင်း လည်း ဖြစ်သည်။
၎င်းတို့၏ ဘဝ များ ယခုထက် ပို၍ ကောင်းမွန်လာနိုင်သည့် အလှည့်အပြောင်းများ ဖြစ်လာဖို့ မျှော်လင့်ချက် မရှိ၍လည်း ပြောင်းလဲလာခဲ့လျင်လည်း ၎င်းတို့ အဖို့ ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးကြီး ပိုလေးလာသလိုသာ ဖြစ်မည်ဟု ယူဆလာကြသည်။