MNDAA သည် လားရိုး အား ပြည်တွင်းစစ် မဖြစ်ပွားမီ အနေအထား ပြန်ရောက်အောင် ဖြေးဖြေးချင်း ကြိုးစားနေသော်လည်း မြို့ခံများကတော့ ၎င်းတို့ အဖွဲ့ ထွက်ခွာ သွားကြမည်လော ဟူသော အတွေးဖြင့် စိတ်ချလက်ချ မနေနိုင် ဖြစ်နေကြသည်ဟု အစချီကာ ရေးသားထားသည့် Frontier Myanmar ၏ ဆောင်းပါးကို ကောက်နှုတ်တင်ပြသွားပါမည်။
MNDAA သည် ဩဂုတ်လ ပထမ အပတ်တွင် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းယူကာ အာဏာသိမ်း တပ်များကို အပြီးအပိုင် မောင်းထုတ်နိုင်ခဲ့သည်။
စစ်တပ်သည် မြေပြင် စစ်ပွဲ တွင် အရေးနိမ့်သွားပြီး နောက် ငါးလ နီးပါး ခန့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လာခဲ့၍ မြို့သည် ပျက်စီးသွားခဲ့ရသည်။ လားရှိုး အား သိမ်းပိုက်ခဲ့မှု အား တရုတ်မှ မနှစ်မြို့သဖြင့် နယ်စပ် ကုန်သွယ် လမ်းကြောင်းကို ပိတ်ဆို့ခဲ့ကြ၍လည်း ဒေသ အတွင်း စီးပွားရေး ထိခိုက်သွားခဲ့ရသည်။
အထူးသဖြင့် စစ်ကောင်စီ ပြိုလဲသွားပြီး ၎င်းတို့ ရင်းနှီး မြုပ်နှံ ထားမှု များ ခြိမ်းခြောက်ခံလာရမည့် အရေးကို စိုးရိမ် ကြောင့်ကြလာ၍လည်း ဖြစ်သည်။
တိုက်ပွဲများ ပြင်းထန်လာ၍ ဇူလိုင်လကတည်းက မြို့ကို စွန့်ခွာထွက်ပြေးသွားကြသော လူများသည်လည်း စစ်တပ်မှ ဆက်၍ ဗုံးကြဲ တိုက်ခိုက်နေမှု နှင့် တရုတ်၏ ကုန်စည် စီးဆင်းမှု ကို ပိတ်ဆို့လာခဲ့ခြင်း များ ကြောင့် ပြန်လာမည့် အရေးကို ရွှေ့ဆိုင်းခဲ့ကြရသည်။
မင်းအောင်လှိုင် ကူမင်းသို့ သွားခဲ့သည့် နိုဝင်ဘာ ထဲမှာပင် ဗုံးကြဲတိုက်ခိုက်မှု များ အဆုံးသတ် သွားခဲ့သည်။ ဇန်နဝါရီ လတွင် ကူမင်း တွင် တရုတ်၏ ကြားဝင် ပေးခဲ့မှု ဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီး ပိတ်ဆို့ထားမှု များ ဖယ်ရှားပေးခဲ့သည်။
ထို့နောက်တွင်တော့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အရှိန်ရလာပြီး လားရှိူးသည် တဖြေးဖြေး နှင့် ပုံမှန် အနေအထား ပြန်ရောက်လာသည်။ မြို့ခံများလည်း ပြန်လာကြသဖြင့် ယခင် လူဦးရေ ၏ သုံးပုံ နှစ်ပုံခန့် အထိ ရှိလာသည်။
လားရှိုး၏ အနာဂတ်သည် ဇန်နဝါရီ လ အတွင်း ရရှိခဲ့သော သဘောတူညီချက် အပေါ် မူတည်နေသည်။ ယင်း နှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေး၍ ထင်ကြေး အမျိုးမျိုး ထွက်ပေါ် နေသည်။ အချို့က MNDAA သည် မြို့မှ တဖြေးဖြေး ချင်း ဆုတ်ခွာရန် သဘောတူထားပြီး ဖြစ်သည်ဟု ပြောနေသလို၊ အချို့ကလည်း ဇွန်လကုန်ပိုင်း တွင် အသုတ်များ ခွဲ၍ ထွက်ခွာမည်၊ ကိုးကန့် အဖွဲ့မှ အရာရှိတဦးကမူ ထွက်မည်ဆိုသည်မှာ သတင်းမှား ဖြစ်သည်ဟု ပြောလာခဲ့သည်။
MNDAA သည် အကယ်၍ လားရှိူးကို စစ်အုပ်ချုပ်ရေး သမားများ လက်ထဲ ပြန်ထဲ့ပေးခဲ့လျင် ၎င်းတို့ အတွက်သာမက နိုင်ငံ အနှံ့ တော်လှန်ရေး ကြီး အတွက် ပါ ထိခိုက်နစ်နာသွားမည် ဖြစ်သည်။
ဒေသခံ များ သဘောထားသည်လည်း အမျိုးမျိုး ဖြစ်နေသည်။ အချို့ကလည်း ကိုးကန့် အဖွဲ့ ဆက်ရှိနေပါက တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
မြေပြင်တိုက်ပွဲ များ အဆုံးသတ်သွားသည့် ဩဂုတ်လတွင်ပင် MNDAA သည် မီးပြန်ပေးနိုင်အောင် စတင် လုံးပမ်းလာခဲ့သည်။ သို့သော် လေကြောင်းမှ တိုက်ခိုက်လာမှု များကြောင့် မည်သို့မျှ မတတ်နိုင် လက်မှိုင်ချခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှု ရပ်စဲသွားသည့် နိုဝင်ဘာလ အတွင်း တရက်ပေး၊ နှစ်ရက်မလာ အချိန်ဇယား ဖြင့် မြို့၏ သုံးပုံ နှစ်ပုံ မီးပြန်လင်းလာခဲ့သည်။ ယခုအချိန်အထိ မီတာခ ကောက်ခံခြင်း မရှိသေးဟု သိရသည်။ ဈေးနှုန်း များ မသတ်မှတ်သေးရသော ကြောင့် ဖြစ်သည်ဟု ဆိုသည်။
MNDAA သည် မည်သို့သော ပုံစံ ဖြင့် မီးပြန်ပေးနိုင်သည်ကို လုံခြုံရေးအရ ထုတ်ပြောခြင်း မရှိသေးဘဲ နှုတ်ဆိပ်နေဆဲ ဖြစ်သည်။
MNDAA ၏ ကျန်းမာ ရေး ဌာန မှ ဝန်ထမ်း အင်အား ၅၀၀ ခန့်ဖြင့် စီမံခန့်ခွဲ နေသောလားရှိူး ဆေးရုံကြီးအား အချိန်ပြည့် မီးရရှိရန် ကြိုးစားနေဆဲ ဖြစ်သည်။ အများစုသည် CDM ကျန်းမာရေး ဝန်ထမ်းများ ဖြစ်သည်။
လာရောက်ကုသ သူများအားလည်း ဆေးဖိုးဝါးခ မတတ်နိုင်ပါဟု ရပ်ကွက် ထောက်ခံစာ ပါလျင် အခမဲ့ ကုသ ပေးနေပြီး ဆေးရုံ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လည်ပတ်လျက် ရှိနေသည်ဟု သိရသည်။ ကင်ဆာ ရောဂါသည်များကိုပင် ကုသ ပေးနိုင်ပြီး ဆေးဝါး အလုံအလောက် ရှိနေသည်ဟု MNDAA ၏ လားရှိူး ပြန်လည် တည်ဆောက်ရေး အဖွဲ့ တာဝန်ခံ နောဖော မှ ပြောပြခဲ့သည်။
ပညာရေး ကဏ္ဍတွင် နှေးကွေးနေဆဲဖြစ်ပြီး လာမည့် ဇွန်လ စာသင်နှစ်တွင် ကျောင်းများ ပြန်၍ ဖွင့်နိုင်ရန် ပြင်ဆင်နေကြသည်။ လောလောဆယ်တွင်တော့ MNDAA ၏ ကြားကာလ ပညာရေး ကော်မတီ၏ အစီအစဉ် ဖြင့် CDM ကျောင်းဆရာများက ဘုန်းတော်ကြီး ကျောင်းများနှင့် ရပ်ကွက် ဓမ္မာရုံများ တွင် သင်ကြားပေးလျက် ရှိသည်။ ဆရာများ၏ လစာကိုလည်း ကျောင်းသား မိဘများ၏ လှုဒန်း ငွေ ဖြင့် ပေးခဲ့သည်ဟု သိရသည်။
#စစ်အုပ်ချုပ်ရေးသမားများပြန်လာမည်လော
ဇန်နဝါရီလ အပစ်ရပ်ရေး သဘောတူညီချက် ရပြီး မကြာမီတွင် MNDAA တာဝန်ရှိသူ တဦးက ကွတ်ခိုင် တရုတ် နှစ်သစ် ကူးပွဲတွင် လားရှိုး မှ ၎င်းတို့ ဆုတ်ခွာမည်ဟု ပြောသော ဗီဒီယို ဖိုင်သည် ဆိုရှယ် မီဒီယာ ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် MNDAA ဖက်ကကော၊ အာဏာသိမ်း အဖွဲ့ကပါ အတည်ပြုခဲ့ခြင်း မရှိပေ။
ထိုသို့ ရှင်းရှင်းလင်းလင်း မရှိ ဖြစ်နေသည့် အတွက် မြို့ခံများ အကြား စိုးရိမ်စိတ်များ ဖြစ်လာကြသည်။ အတော်များများက စစ်အုပ်ချုပ်ရေး သမားများ ပြန်လာလိမ့်မည်ဟု သံသယ ရှိနေကြသည်။
မြို့ခံများထဲတွင် ၎င်းတို့ မရှိသည့် နောက် စိတ်ထဲလွတ်လွတ်လပ်လပ် ရှိလာကြ၍ MNDAA အုပ်ချုပ်ရေးသည် ပိုကောင်းသည်ဟု အပြောများ ရှိလာကြသည်။ တည်ဆောက်ရေး နှင့် အုပ်ချုပ်ရေး လုပ်ငန်းများ အရှိန်မပျက် ဆက်လုပ်နေကြသည်ကို ကြည့်၍ ထွက်မသွား လောက်ဟု ဆိုကာ အားတက်လာနေကြသည်။
အချို့ကလည်း တရုတ်စကားပြော တရုတ်များ လာအုပ်ချုပ်နေကြ၍ အသေးအဖွဲ့ ကိုပင် စကားပြန်နှင့် ပြောဆိုနေကြရသဖြင့် အဆင်မပြေ ဟု ယူဆနေသူများလည်း ရှိနေသည်။ MNDAA တို့ လာတိုက်၍ မြို့ပျက်စီး သွားရသည် ဟု အပြစ်ဖို့ကြပြီး ၎င်းတို့ကြောင့် နောက်တကြိမ် တိုက်ပွဲ ဖြစ်မည်ကို စိုးရိမ်နေကြသည်။
နောဖောကမူ မည်သို့ပင် ဖြစ်စေ MNDAA သည် လားရှိုး ကို ဖြစ်သည့် နည်းဖြင့် ဆက်၍ ထိန်းထားရန် ဆုံးဖြတ်ထားသည်ဟု ပြောခဲ့သည်။
(ပုံတွင် လားရှိုးကို သိမ်းယူ အပြီး ညီနောင်သုံး ဖေါ် မဟာမိတ် အဖွဲ့၏ အလံများ ဝင့်ကြွားစွာ လွှင့်ထူ ထားသည်ကို တွေ့နိုင်သည်)
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!