မင်း အောင်လှိုင်၏ ရုရှား ခရီးစဉ် မစခင် အရှိုက် ထိုးခံခဲ့ရသည်က ကမ္ဘာတဝှမ်း လူများအား ဒုက္ခလှလှ ကြီး ပေးနေသော ငွေလိမ် ဂိုဏ်းကြီး များ သိသိကြီး နှင့် မသိကျိုးကျွံ ပြုပြီး လက်ဖျား နှင့် ပင် မတို့ဘဲ ကြည်ကြည်ဖြူ ဖြူ လက်ခံထားသည့် အပြင် နိုင်ငံ အကျိုးပြု ဆိုကာ ဂုဏ် ထူး ဆောင် ဘွဲ့များပင် ချီးမြှင့်ခဲ့ကြသေးသည် မဟုတ်ပါလော၊ ၎င်းကိုယ်တိုင် ချီးမြှင့် ခံခဲ့ရသည့် ကိုးကန့် စစ်ခေါင်းဆောင်များသည် ယခု အခါ ဘီဂျင်း တရားရုံးခန်းရှိ ဝက်ခြံ ထဲ ရောက်ကုန်ကြသည့် အဖြစ်က တွေးကြည့်လေ ရှက်စရာ ဖြစ်လာရသည်။
အဆိုးထဲက အကောင်း ဖြစ်လာရသည်က ၎င်းတို့သည် ဘယ်လိုလူစားမျိူးလဲ၊ နိုင်ငံတွင်း ဘာတွေ ဖြစ်နေလဲ ဆိုသည်ကို ယခင် ဖာသိဖာသာ နေလာခဲ့သည့် သတင်း မီဒီယာ များက ၎င်းတို့ နိုင်ငံသား များ သိလာအောင် အကျယ်တဝင့် ရေးသား ဖေါ်ပြလာကြသည်။
ထို့အတွက်လည်း အိမ်ရှင် ဖြစ်သူ ရုရှားသည် ၎င်းတို့ အတွက် ဂုဏ်သိက္ခာ ကျဆင်းစရာ ဖြစ်လာနေသည့် မင်းအောင်လှိုင် နှင့် အဖွဲ့ကို အောင့်သီးအောင့်သက် နှင့် လက်ခံခဲ့ရသည့် အဖြစ် ရောက်သွားခဲ့ရ တော့သည်။
ယနေ့ ပူတင် နှင့် တွေ့ဆုံရာတွင် "ဘုရင်တပါး" အလား အလေးပြုခဲ့သည့် အဖြစ်ကို ရုရှား တီဗီ တွင် ထုတ်လွှင့် ပြသည့် အကြောင်း လန်ဒန် ရှိ ဒေလီးမေးလ် သတင်းစာတွင် ဖေါ်ပြခဲ့ကြပြီး၊ "အသင် ၏ ခိုင်မာ ပြတ်သားသော ခေါင်းဆောင်မှု အောက်တွင် အောင်ပွဲ မလွဲ မသွေ ရရှိ လိမ့်မည်" ဟု ကျွနုပ် ယုံကြည်ကြောင်းလည်း ပြောသွားခဲ့သည်ဟု ဆိုသည်။
ထိုမျှ လေးနက်လှသည့် စကားလုံးများ ကျန်ခဲ့မည် စိုး၍ စာရွက် ထုတ်ပြီး ဖတ်ပြ နေလေရော့သလားဟု ပင် ထင်ရသည်။ တကယ်တမ်း တွင် ဘယ်က ရှာလာမှန်း မသိသော ၁၈၃၈ ခုနှစ်ထုတ် မဟာဘိသက္က ပဏ္ဍိတ ဘွဲ့ခံ ပါဠိ ဆရာကြီး ဦးစော ရေးသားသော ဦးအောင်ဇေယျ အထ္ထုပတ္တိ ကျမ်းစာလာ ဗုဒ္ဓ ဘုရားရှင် ကြွက်မင်းကို မြင်၍ နောင် နှစ်ပေါင်း ၂၀၀၀ ကျော်သောအခါ ရုရှား လူမျိုးမင်းသည် လက်နက် စကြာ အမျိုး မျိုး တတ် မြောက်၍ လက်နက် စကြာရှင် ဖြစ်လတံ့၊ မြန်မာ ဘုရင် နှင့် ရုရှား မင်းသည် ချစ်ကြည် သော မဟာမိတ် ဖြစ်လတ္တံ ဟု ဖေါ်ပြထားသည့် အပိုဒ်ကို ဖတ်ပြနေခြင်း သာ ဖြစ်သည်။
၎င်းကိုယ်၎င်းလည်း ပူတင် နှင့် တန်းတူ ဘုရင်တပါးဟု ယူဆလိုက်ခြင်းလည်း ဖြစ်သည်။
ဤသည်ကပင် တတ်သမျှ မှတ်သမျှ နှင့် ပူတင် သဘောကျအောင် ဂျင်း ထဲ့ ပေးနေခြင်း ဖြစ်သည်။ ပူတင်အားလည်း ၎င်းကဲ့သို့ပင် ဘုရင်ရူး ဟု ယူဆနေ၍လည်း ဖြစ်ပေမည်၊ ပူတင် ကဲ့သို့ လူမျိုး ကကော လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ နီးပါးက စာအုပ်ကြီး ဖွင့်၍ ဖတ်ပြလာသည်ကို အရေးတယူ လုပ် စိတ်ဝင်စားမည် လော၊ ၎င်း အတွက် ပေးထားသည့် အချိန်စေ့လျှင် ထ ပြန်သွားမည်သာ ဖြစ်သည်။
လက်တွေ့ တွင် ပူတင်သည် အမေရိကန် လွှတ်တော် နှစ်ရပ်ပေါင်း အား ပြောကြားမည့် ဒေါ်နယ် ထရန့် မိန့်ခွန်း ကိုသာ စိတ်ဝင်စားနေမည်သာ ဖြစ်သည်။
မင်းအောင်လှိုင်၏ လုပ်ရပ်သည် တမျိုးသားလုံး၏ national psyche စိတ်ဓါတ်၊ သဘောထား၊ အသိအလိမ္မာ ကို ၎င်းနှင့် တတန်းထဲ ထားလိုက်ခြင်းဖြင့် အများ အမြင်တွင် ညိုးနွမ်းအောင် ပြုမူလိုက်ခြင်းလည်း ဖြစ်သည်။
၎င်း ပြောသည့် စကားများ ကြားလိုက်ရ သောအနီးအနားရှိ သက်တော်စောင့် များကမူ ၎င်းတို့ သမ္မတကြီး ဖြစ်သူအား လည်ပင်းများ ထ ညှစ်သည် အထိ ဖြစ်လာနိုင်သလားဟု ပူပင် ကုန်ကြမည်သာ ဖြစ်သည်။
သို့သော် ကြွက်မင်း တဖြစ်လည်း ပူတင်သည် ရာဇအိန္ဒြ အပျက်မခံဘဲ နျူကလီယား စက်ရုံ ဆောက်ပေးလတ္တံ၊ ရေနက် ဆိပ်ကမ်း ရစေ လတ္တံဟု ပြန်၍ ကောင်းချီး ပေးသွားခဲ့သည်။
ထို့ပြင် ၎င်းတို့ထံ ဆင် ပေါက် ၆ ကောင် ပေးပို့ခဲ့သည်ကို ကျေးဇူး တင်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်ဟု သတင်းတွင် ပါရှိလာခဲ့သည်။ မိမိတို့အား ကူညီ ပေးနေမှု များ အတွက် ကျေးဇူး ဥပကာရ တင်ရှိကြောင်းလည်း ပြန်လည် ပြောဆိုခဲ့သည်။
ရုရှား ထံမှ ဂျက် တိုက်လေယာဉ် ၆ စင်း ပေးပို့ မှု ပြီးဆုံးသည့် အထိမ်းအမှတ် အဖြစ် ဆင် ပေါက် ခြောက်ကောင် ပို့ပေးခဲ့သည့် ဆင် သံခင်းတမန်ခင်း ဟု အနောက်တိုင်း သတင်းစာများက အမည်တပ်ခဲ့ကြသည်၊ ပူတင်ထံမှ မေလ ၉ ရက်နေ့တွင် ကျင်းပမည့် ဆိုဗီယက် တပ်နီ တော်၏ ဒုတိယ ကမ္ဘာစစ် အောင်ပွဲခံ နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေး ပြပွဲသို့ မြန်မာဖက်မှ တပ်ဖွဲ့ ပါဝင်ရန် ပါ ဖိတ်ခေါ် ခဲ့သည်ဟု သိရသည်။
၎င်းတို့ ဆက်၍ ရှင်သန်ရေး အတွက် ရုရှားအား ခြေသလုံး ဖက်မတတ် ဖြစ်နေသည် များကိုလည်း မြန်မာ ပြည်သူ တို့ ရင်နာနာ ဖြင့် တွေ့ကြရမည့် မြင်ကွင်းလည်း ဖြစ်နေပေတော့သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!