ခေတ်သစ် သမိုင်း တလျောက် အရပ်သား ပြည်သူများ အပေါ် ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်ခဲ့မှုများသည် ရေတိုတွင်သာ ဗျူဟာပိုင်း အသာစီး ရနိုင်သော်လည်း ရေရှည်တွင် ကျဆုံးခန်း ဦးတည်နေပြီ ဆိုသည်ကို အကြိမ်ကြိမ် သက်သေ ပြခဲ့ပြီး ဖြစ်သည်။
စစ်တပ်၏ 'ဖြတ် လေး ဖြတ်" ဆိုသည်လည်း ထို့နည်း ၎င်းပင် ဖြစ်သည်။
၎င်းတို့၏ လက်ချက်ဖြင့် မြန်မာပြည်သူတို့ ရင်ဆိုင်နေရသော ကြေကွဲ ဝမ်းနည်းဖွယ် ဖြစ်ရပ်များကို ဗူးလေးရာ ဖရုံဆင့်ပေးခဲ့ကြသည်က အိမ်နီးချင်း များ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား တို့ပင် ဖြစ်သည်ဟု ဆောင်းပါးရှင် ဂျိမ်းရွှေက DVB တွင် သုံးသပ် တင်ပြထားသည်။
အဆိုပါ အိမ်နီးချင်း နိုင်ငံများ၏ လုပ်ရပ်များသည် ဒေသတွင်း မတည်မငြိမ် ဖြစ်စေသည်သာမက ၎င်းတို့၏ ဂုဏ်သိက္ခာပါ မှေးမှိန် ယုတ်လျော့သွားစေခဲ့သည်။
ဆောင်းပါးရှင် က လူထု အား ရက်စက် ကြမ်းကြုပ်စွာ ဖိနှိပ်ခဲ့မှု များကြောင့် ကျဆုံးသွားရသည့် နမူနာ များ အဖြစ် ဗီယက်နမ်စစ်၊ ဆိုဗီယက်တို့၏ အာဖဂန်နစ္စတန် စစ်၊ အမေရိကန်၏ အီရတ် စစ်ပွဲများ ကို ထောက်ပြသွားခဲ့သည်။
အဆိုပါ စစ်ပွဲများ ကို လေ့လာကြည့်မည်ဆိုက လူထု၏ ခုခံ တွန်းလှန်မှု အင်အား ကောင်းသည်ထက် ကောင်းလာခြင်း၊ တရားဝင် ရပ်တည်ပိုင်ခွင့် ဆုံးရှုံးသွားခြင်း နှင့် နောက်ဆုံး မဟာဗျုဟာ အရ အရေးနိမ့်သွားစေသည် အထိ ဖြစ်လာခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။
အကယ်၍ မြန်မာ စစ်တပ်သည် ၎င်းတို့ လုပ်ရပ်များကြောင့် အောင်မြင်မှု များ ရနေသည်ဟု ထင်နေပါက ယင်းသည် မကောင်းသော အကျိုးဆက်များ သာ ဖြစ်ပေါ်လာမည် ဆိုသည်နှင့် ရေရှည်ကို ထည့်သွင်းစဉ်းစားနိုင်ခြင်း မရှိ လောက်အောင် ထူပိန်း နေသည့် အဖြစ်ကို တွေ့ကြရမည် ဖြစ်သည်။
၎င်းတို့စိတ်ထဲ အောင်မြင်သည်ဟု ယူဆနေမှု များက ၂၀၁၇ တွင် ရိုဟင်ဂျာ အကျပ်အတည်း ကို ဖန်တီးပြီး ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာ အလယ်တွင် အယုံအကြည်မဲ့စေခြင်းဖြင့် ၂၀၂၁ အာဏာသိမ်းပွဲ ဖြစ်လာအောင် လမ်းခင်းပေးနိုင်ခဲ့ခြင်း။
နိုင်ငံအား ဒီမိုကရေစီ နိုင်ငံများ နှင့် ကင်းကွာသွားစေပြီး တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ကဲ့သို့ လူ့အခွင့် အရေးထက် စီးပွားရေး နှင့် မဟာဗျူဟာ အကျိုး ဦးစားပေးသည့် အာဏာရှင် နိုင်ငံများ နှင့် တလုံးတစည်း တည်း ဖြစ်လာခြင်း၊
ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် တို့မှ ရိုဟင်ဂျာ နှင့် ရိုဟင်ဂျာ မဟုတ်သူများကို အတင်းအကျပ် ပြန်ပို့ကြခြင်းကြောင့် ၎င်းတို့ တပ်သား စုဆောင်းရေး အတွက် အကျိုး ဖြစ်ထွန်းလာခြင်း ဖြင့် အသက်ဆက် နိုင်အောင် ပံ့ပိုးပေးခဲ့ကြခြင်း
တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး ပြိုကွဲအောင် သွေးခွဲခြင်း၊ ၊ ဘင်္ဂလားဒေ့ရှ်သည် ရခိုင်ပြည်နယ် အတွင်း ARSA အဖွဲ့ကို အားပေးအားမြှောက်လုပ်လာသည် ဟု စွပ်စွဲ ခံလာရမှု နှင့် အတူ ဒေသတွင်း ပဋိပက္ခ ပိုမို ရှည်ကြာ ကြီးထွားလာစေသည်။
စစ်တပ်၏ ပြည်သူများ အပေါ် အကြမ်းဖက်လာခြင်းသည် ကိုယ်ကျင့် သိက္ခာ ပိုင်းအရ ရွံရှာဖွယ် ကောင်းနေသည့်အပြင် ၎င်းတို့လည်း ဂမူးရှူးထိုး နှင့် ကြံရာမရ ဖြစ်လာနေသည်မှာ ထင်ရှားပေါ်လွင်လာခဲ့သည်။
ထို့အတွက် လူထု၏ ဒေါသ ကို ဆွပေး သလို ဖြစ်လာပြီး တော်လှန်ရေး သည် အင်အားကြီးထွားလာစေသည်။ ၎င်းတို့အားလည်း နိုင်ငံကို အုပ်ချုပ်ပိုင်ခွင့် ရှိသူများ အဖြစ် ရှုမြင်ကြခြင်း လည်း တဖြေးဖြေး ဆုံးရှုံး သွားစေခဲ့သည်။ လူထု နှင့်လည်း တဖြေးဖြေး ကင်းကွာလာကာ အထီးကျန် ဖြစ်လာခဲ့သည်။
တရားဝင် အုပ်ချုပ် ပိုင်ခွင့် ဆိုသည်ကို အကြောက်တရား နှင့် ဖန်တီးယူ၍ မရပေ။
တော်လှန်ရေး အင်အားစုများ ထိန်းချုပ်နယ်မြေ များရှိ မြို့ရွာများကို မဲမဲ မြင်ရာ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ဖြင့် ပစ်ခတ် ခဲ့ခြင်းများ ကြောင့် အရေးပါသည့် စီးပွားရေး အခြေခံ အဆောက်အအုံများ ပျက်စီးသွားစေပြီး လူ ထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည်။
ထိုလုပ်ရပ်များကြောင့် တော်လှန်ရေးသည် အားပျော့သွားခြင်း မရှိယုံမျှမက ၎င်းတို့ အပေါ် မုန်းတီးရွံရှာ စိတ်များ ဖြင့် ၎င်းတို့ အား ဖယ်ရှားမှ ဖြစ်တော့မည်ဟူသော ခံယူချက် များ ဖြင့် တော်လှန်ရေးသည် ပို၍ ပင် အင်အား ကောင်းလာခဲ့သည်။ နယ်မြေများ လက်လွှတ်လိုက်ရသည့် အပြင် ကျန်ရှိ နေသည့် ၎င်းတို့အပေါ် ထောက်ခံနေမှု များလည်း တဖြေးဖြေး ပျောက်ကွယ်သွားပြီး ကျဆုံးခန်း တိုင်လာတော့မည် ဖြစ်သည်။
အိမ်နီးချင်း နိုင်ငံများက လည်း စစ်ခေါင်းဆောင်များ အသက်ဆက် နိုင်အောင် ပံ့ပိုးပေးလာခဲ့သည်။ အိန္ဒိယ သည် ၎င်းတို့၏ အရှေ့ မျှော် ပေါ်လစီ ဖြင့် စစ်ခေါင်းဆောင်များ နှင့် ထိတွေ့ဆက်ဆံနေဆဲဖြစ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရအား ပွင့်ပွင့်လင်းလင်း ထောက်ခံပေးရမည့် အရေးကို ရှောင်ရှားခဲ့ကြသည်။
တရုတ်သည်လည်း ဒေသတွင်း ရေရှည် တည်ငြိမ်ရေး ထက် ၎င်းတို့၏ ရေတို အကျိုးစီးပွားကိုသာ ကြည့်ရှု လုပ်ဆောင်နေဆဲ ဖြစ်သည်။
၎င်းတို့၏ စီမံကိန်း များ ဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမကြီး၊ အိန္ဒိယ၏ ကုလားတန် မြစ်ကြောင်း ကုန်စည် ပို့ဆောင်ရေး စီမံကိန်း၊ အာရှ အဝေးပြေးလမ်းမ တည်ဆောက်ရေး တို့သည်လည်း အဆိုပါ စီမံကိန်း ဒေသများ အတွင်း ပြည်သူတို့ ဆောက်တည်ရာ မရ ဖြစ်လာသည် နှင့် အမျှ အကြီး အကျယ် ခြိမ်းခြောက်ခံနေကြရပြီ ဖြစ်သည်။
ပုဂွလိက လုံခြုံရေး ကုမ္ပဏီ များ သုံးလာခြင်းသည်လည်း ဒေသခံများ၏ လူမှု ဖူလုံရေးထက် ပြည်ပ ကုမ္ပဏီ များ၏ အကျိုး ဦးစားပေး လုပ်ရပ် အဖြစ် ရှုမြင်လာကြမည် ဖြစ်သောကြောင့် ထိတ်တိုက် ရင်ဆိုင် တွေ့လာနိုင်စရာများ ရှိလာပြီး၊ တင်းမာမှု များ နှင့် အတူ အကြမ်းဖက်မှု များ ပို၍ တိုးလာဖို့သာ ရှိနေသည်။
စစ်တပ်၏ လူသားများ အပေါ် ရာဇဝတ်မှု များ ကျုးလွန် နိုင်ရေး တွင် ကြံရာပါ အဖြစ် ပံ့ပိုးပေးခဲ့သည့် နိုင်ငံများ သည် လည်း မျိုးဆက်ပေါင်းများစွာ အမည်းစက်ကြီး စွဲထင်ကျန်ရစ်သွား တော့ မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!