မင်းအောင်လှိုင်၏ ရုရှား အား ကပ်ဖါးယပ်ဖါး ဆက်ဆံခဲ့မှု စင်္ကာပူ သတင်းစာ ဖွင့်ချ

by Hla Soewai - Mar 14 2025

ကမ္ဘာ စနစ်ကြီး သည် ယခုအခါ စက်ဆုပ် ရွံရှာဖွယ် အဖြစ် ကူးပြောင်းလာသည် နှင့် အမျှ နိုင်ငံငယ် လေး များ အဖို့ အင်အားကြီးသော နိုင်ငံများကို မဖြစ်မနေ ရိုကျိုး ရဖို့ ဖြစ်လာသည်။ အချို့ နိုင်ငံများက ယခု တည်းကပင် ပျော်ပျော်ကြီး စိတ်ပါလက်ပါ ဦးညွှတ်လာကြပြီ ဖြစ်သည်။

 

ထိုအချက်အား ထင်ထင်ရှားရှား သက်သေပြသွားသည် က မြန်မာ စစ်ခေါင်းဆောင်၏ ရုရှား ခရီးစဉ် ပင် ဖြစ်သည်။

 

ဆိုရှယ် မီဒီယာ တွင်တော့ တော်လှန်ရေးဖက်က ရပ်တည်ပေးနေသူများက မင်းအောင်လှိုင်မှ ပူတင်အား ကိုယ်အမူအရာ အားဖြင့် တလေးတစား ရိုကျိုး နေပုံအား ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်ခဲ့ကြသည်။ သိသာ ထင်ရှားခဲ့ရသည်က ပူတင် နှင့် တွေ့ဆုံစဉ် ပြောခဲ့သည်များကို တရားဝင် ထုတ်ပြန်ချက် တွင် ပါရှိလာခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင်၏ အပြောအား ကရင်မလင်၏ ကြေညာချက်တွင် "အဆွေတော်၏ ဦးဆောင်မှု အောက်တွင် ရုရှားသည် ကမ္ဘာတွင် နံပတ်တစ် ဖြစ်လာသည်ကို အဆွေတော် အတွက် ဂုဏ်ယူ မိကြောင်း" ပါရှိခဲ့သည်။

 

"အဆွေတော်အားလည်း ရုရှား ခေါင်းဆောင် အဖြစ်သာမက ကမ္ဘာခေါင်းဆောင်ကြီး ဟု ပင် ပြောလိုကြောင်း၊ အဆွေတော်သည် ကမ္ဘာတည်ငြိမ်ရေး ကို စောင့်ကြည့်ပြီး အစစ အရာရာ စီမံခန့်ခွဲနေသည့် အတွက် ဖြစ်သည်" ဟုလည်း ပြောပြန်သည်။

 

ထိုမျှလောက် ဖော်လံဖါး ယုံ နှင့် ရပ်မသွားသေး၊ ရုရှား-မြန်မာ ဆက်ဆံရေး အား မထင်မရှား ဗုဒ္ဓ ဗျာဒိတ်တော် ကို ဆွဲထုတ်ကာ "ယခင်က ကြွက်မင်းကြီး" ဖြစ်ခဲ့သူ ဟု ချီးကြူး ပြန်သည်။

 

ပူတင်က ၎င်းအား ယခုလို ထူးထူးခြားခြား ပြောလာသည်ကို အသိအမှတ် မပြုခဲ့သော်လည်း ကျေးဇူး တင်ကြောင်းတော့ ပြန်လည် ပြောဆိုခဲ့သည်။ ပူတင်ကို ပြုံးဖြီးနေသော မျက်နှာကြီး ဖြင့် အားရပါးရ ပွေါဖက် နှုတ်ဆက်ခဲ့မှု နှင့် မော်စကို ဆပ်ကပ် အဖွဲ့ကြီးသို့ ဆင် ခြောက်ကောင် ပေးပို့ခဲ့မှု အတွက် ဖြစ်ပေမည်။

 

ထိုမျှလောက် ကပ်ဖါးယပ်ဖါး နှင့် ရှက်ဖွယ်ကောင်းသည့် လုပ်ရပ် ရှိမည် မဟုတ်ဟု ဝေဖန်သူ တဦးက X တွင် ရေးသားထားသည်။

 

ရယ်စရာ မဟုတ်

 

ရယ်စရာ ဟာသ ဖြစ်ခဲ့သည်ကို ခဏ ဘေးဖယ်ထားပြီး မြန်မာ အရေး လေ့လာသူများကမူ သာမန် ဘေးထွက် ဇာတ်လမ်း တပုဒ် မဟုတ်ဟု သတိပေးလာကြသည်။ တကယ်တမ်း တွင် ၎င်းတို့ ရုန်းမထွက်နိုင် ဖြစ်နေသော ပဋိပက္ခကြီး လားရာကို ပြတ်ပြတ်သားသား ပြောင်းလဲပစ် နိုင်ရန် ရုရှား နှင့် နက်ရှိုင်းစွာ မဟာမိတ် ပြုလိုမှု ကို ထင်ဟပ်စေသည့် ခိုင်လုံသော အကြောင်းပြချက်များဟု ဆိုသည်။

 

မင်း‌ အောင်လှိုင်သည် ရုရှားသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပြီး ဖြစ်သော်လည်း ယခုတကြိမ်သည် ပထမဆုံး အကြိမ် တရားဝင် ခရီးစဉ် ဖြစ်နေ၍လည်း အလွန်ကို နှစ်ထောင်းအားရ ဖြစ်နေသည်ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ မြန်မာ တာဝန်ခံ ရစ်ချတ် ဟိုဆေးက ပြောခဲ့သည်။

 

ယင်းသည် ထရန့် အစိုးရမှ အစဉ်အလာ မဟာမိတ်များကို ကျောခိုင်း၍ ရုရှားဖက် ယိမ်းလာသည့် အရွေ့ ကြီး နှင့်လည်း တိုက်ဆိုင်နေသည်။

 

ထရန့်မှ ပူတင်ကို ကျားကန် ပေးလာနေခြင်းသည် ရုရှား-မြန်မာ ဆက်ဆံရေးကို ထပ်၍ အသက်သွင်းဖို့ လိုလာခြင်းသည် ယခု ခရီးစဉ်၏ နောက်ခံ အကြောင်းရင်းလည်း ဖြစ်သည်ဟု ဆိုသည်။

 

ကမ္ဘာ အလယ်တွင် ပြန်၍ ခေါင်းထောင်လာသော ရုရှားသည် ၎င်းအတွက် သံတမန်ရေး နှင့် ရင်းနှီးမြုပ်နှံ မှု အပိုင်းတွင် ပို၍ တန်ခိုးထွားလာမည်ဟု မင်းအောင်လှိုင်၏ ယုံကြည်မှု ခိုင်မာလာခဲ့သည်။

 

တရုတ်သည် မြန်မာ တွင် ဩဇာ ညောင်းလာနေသော်လည်း ရုရှား၏ ဒရုန်း နှင့် တိုက်လေယာဉ်များသည် တော်လှန်ရေး အင်အားစု များကို ဟန့်တား နိုင်ရေး တွင် အဓိက နေရာမှ ရှိနေဆဲ ဖြစ်သည်။

 

လေကြောင်း အင်အား ကို တိုး၍ အသုံးပြုနိုင်ခြေ ရှိ၍ အာဏာသိမ်း အဖွဲ့၏ အသာစီးရနေသည့် တခုတည်း သော အကြောင်းဖြစ်သည်။

 

မင်းအောင်လှိုင်၏ ခရီးစဉ် အတွင်း ကာကွယ်ရေး နှင့် ပတ်သက်၍ သဘောတူညီချက်မျိုး ချုပ်ဆိုခဲ့ခြင်း မရှိသော်လည်း မင်းအောင်လှိုင်ကတော့ ‌၎င်း၏ လေကြောင်းမှ အသာစီးရနေမှု ကို ဆက်၍ ထိန်းထားနိုင်ရန် ရုရှား၏ ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များကို မျက်စိကျနေသည်ဟု မြန်မာ-ရုရှား ဆက်ဆံရေး ကို လေ့လာနေသော ယူဆွတ် အီရှတ် အင်စတီကျု မှ ဒေါက်တာ အီယန် စတိုရီက ထောက်ပြခဲ့သည်။

 

နားလည်မှု စာချွန်လွှာ ဆယ်ခု ခန့် လက်မှတ်ရေးထိုးခဲ့ရာတွင် ထူးထူးခြားခြား အဖြစ် နျူကလီယား စွမ်းအင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပါဝင်လာခဲ့သည်။ စစ်ကောင်စီ ပြောခွင့်ရမှ ၁၁၀ မီဂါဝပ် နျူကလီယား ဓါတ်ပေါင်းဖို တည်ဆောက်ဖို့ ရှိနေသည်ဟု ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

ဤသည်ကပင် အန္တရာယ် အချက်ပေးသံ ဖြစ်လာသည်။ မြန်မာ အရေး လေ့လာသူ ဒေးဗီ စကော့ မေသီဆန် မှ နျူကလီယား အား ငြိမ်းချမ်းရေး အတွက် သုံးမည်ဟု ဆိုသော်လည်း လက်နက် အဖြစ် လျိုဝှက်စွာ ပြောင်းသွားမည့် စိုးရိမ်မကင်း ဖြစ်မှု များက ရှိနေမည်သာ ဖြစ်သည်ဟု ဆိုသည်။

 

ဒေါက်တာ စတိုရီ ကမူ မည်သူက ‌ငွေထောက်ပံ့မည်နည်း၊ မည်သူက တာဝန်ယူ လည်ပတ်ပေးမည်နည်း၊ နှင့် နိုင်ငံတကာ အနုမြူ အေဂျင်စီ မှ ကြီးကြပ် စစ်ဆေးမှု ရှိမည်လော ဆိုသည့် မေးခွန်းများ အတွက် ပဟေဠိ ဖြစ်နေရဆဲဟု ဆိုသည်။

 

မည်သို့ပင် ဆိုစေ မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်တွင် နိုင်ငံ အကြီးအကဲ အဖြစ် တရားဝင် သွားရောက်ခွင့် ရခဲ့သည့် ခရီးစဉ်လည်း ဖြစ်သည်။ မေသီဆန်က မင်းအောင်လှိုင် တွင် ဩဇာတက္ကိမ ရှိလာသည့် ပူတင် ရှိပြီး၊ တဖန် ပူတင် ဖက်တွင် ထရန့် ရှိနေပြီ ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

 

တရုတ်မှ ၎င်းတို့ အား ထိန်းထိန်းသိမ်းသိမ်း ဆက်ဆံနေမှု နှင့် အပုံကြီး ကွာခြားသွားသည်ဟု ဗလာဒီဗော့စတော့ အရှေဖျား တက္ကသိုလ်မှ ပါမောက္ခ အာယွန် လူကင် က ဆိုသည်။ 

 

၂၀၂၄ နိုဝင်ဘာလ တရုတ်ခရီးစဉ် တွင် မင်းအောင်လှိုင်သည် ကူမင်း မှ ကျော် သွားခွင့်မရဘဲ မဲ‌ခေါင် အစည်းအဝေး တက်သူ အဖြင့်နှင့်သာ တရုတ် ဝန်ကြီးချုပ် နှင့် တွေ့ခွင့်ရခဲ့သည်။ ဘီဂျင်း သို့လည်း မရောက်၊ ရှီကျင့်ပင် နှင့်လည်း မျက်နှာခြင်း ဆိုင်ခွင့်မရ။

 

ရုရှားသည်သာ မင်းအောင်လှိုင်အား မြန်မာ၏ တရားဝင် ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုသည့် တခုတည်းသော နိုင်ငံ ဖြစ်သည်။

 

ရုရှားသည် အနောက်အုပ်စု၏ အပယ်ခံ ဖြစ်နေ‌သော်လည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်များ အတွက် တန်ဖိုး မဖြတ်နိုင်သည့် ထောက်ခံမှု ကို ရရှိလာသည်။ ထရန့် ခေတ် ကမ္ဘာစင်မြင့်တွင် ရုရှားသည် ပြန်လည် ခေါင်းထောင်လာပြီး အနည်းဆုံး BRIC နှင့် လုံခြုံရေး ကောင်စီတွင် ဩဇာ ညောင်းလာမည် ဖြစ်သည်။

 

ရုရှားသည် စီးပွားရေး အရ တရုတ်လောက် အကြီးအကျယ် ရင်းနှီး မမြုပ်နှံ နိုင်သော်လည်း အရေးပါသည့် သံခင်းတမန်ခင်း ပိုင်း အတွက် အာမခံ ပေါ်လစီ တခု ဖြစ်လာသည်။ လက်ရှိတွင် ဖြစ်နိုင်ဖို့ ဝေးသေးသော်လည်း အကယ်၍ တရုတ်မှ ၎င်းတို့အား ထောက်ခံမှု ရုတ်သိမ်းသွားခဲ့လျင် ပူတင်၏ ထောက်ခံမှု သည် ယခင်ကထက် ပင် ပို၍ အရေးပါသည့် သံတမန်ရေးရာ အကာအကွယ် ဖြစ်လာပေမည်။

 

နောက်ထပ် တချက် အဖြစ် ပါမောက္ခ လူကင် ထောက်ပြသည်က ထရန့်သည် ဂရင်းလန် နှင့် ယူကရိန်း တို့ရှိ သယံဇာတများ အပေါ် အခြေပြု၍ ကိုင်တွယ် လာသဖြင့် မြန်မာရှိ သယံဇာတများကိုလည်း မျက်စောင်းထိုးလာနိုင်ဖွယ် ရှိနေခြင်းပင် ဖြစ်သည်။

 

မြေရှား သတ္တုများ အား တရုတ်မှ အဓိက ဝယ်ယူ နေသော်လည်း မြန်မာမှ ထွက်ရှိမှုသည် ယခင် တကမ္ဘာလုံး ပမာဏ ၏ ၀.၂ ရာနှုန်းမှ ၁၄ ရာနှုန်းအထိ ဖြစ်လာ၍ ထရန့် မျက်စိကျလာမည်ဆိုက ရုရှားမှ အမေရိကန်-မြန်မာ ပြန် ပေါင်းထုတ်ရေးတွင် ပွဲစား လုပ်လာနိုင်သည်။

 

အရှေ့တောင်အာရှ နိုင်ငံများက အာဏာသိမ်း အဖွဲ့ ပြိုလဲသွားမည့် အရေးကို စိုးရိမ်တကြီး စောင့်ကြည့် နေသော်လည်း မငြင်းနိုင်သည့် အချက်က တရုတ် နှင့် ရုရှား မှ ၎င်းတို့အား ပံ့ပိုးပေးနေခြင်း ဆိုသည်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(၂၀၂၅ မတ်လ ၁၀ ရက် နေ့ထုတ် စထရိတ် တိုင်း သတင်းစာပါ Bhavan Jaipragas ၏ "Myanmar junta leader’s Putin fawning shows Russia is his insurance policy" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)