မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ဆိုရာဝယ်

by Hla Soewai - Mar 14 2025

ပြည်သူ တရပ်လုံး ဒီမိုကရေစီ နှင့် လွတ်လပ်ခွင့် များ ရရှိဖို့ တခဲနက် အုံကြွ စတင် တောင်းဆိုခဲ့မှု သည် ယနေ့ မတ်လ ၁၃ ရက်တွင် ၃၇ နှစ် တင်းတင်းပင် ပြည့် မြောက်လာခဲ့ပြီ ဖြစ်သည်။

 

သို့သော်လည်း စစ်အာဏာပိုင်များ၏ နည်းအမျိုးမျိုး ဖိနှိပ်ပြီး ကလိမ်ကကျစ် လှည့်စားမှု များ ကြောင့် ယခု အချိန်အထိ မြန်မာ တို့ အတွက် ဒုံရင်း ဒုံရင်း ပင် ရှိနေဆဲ ဖြစ်သည် ဆိုသော အချက်ကပင် ၎င်းတို့၏ အာဏာ ဖက်တွယ်ထားလို သော စိတ်ရင်း အမှန်ကို မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။

 

၎င်း နှင့် အတူ အပေါင်းအပါ သားမြေးတစု ကောင်းစားရေး အတွက် တိုင်းပြည်တွင် ဒီမိုကရေစီ နေခြည်လေး ဖြာကျလာခဲ့သည်ကိုပင် အမှောင်တိုက် ပြန်သွင်းခဲ့သော အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ အား ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီ လ တွင် ပြုလုပ်မည်ဟု ဘဲလာရုစ် သို့ ရောက်ရှိသွားစဉ် အတွင်း ထုတ်ဖေါ် ပြောဆိုသွားခဲ့ပြီး ဖြစ်သည်။

 

နိုင်ငံတွင်း ဒေသ အတော်များများသည် ၎င်းတို့ ထိန်းချုပ်မှု အောက်တွင်မရှိ၊ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်သည်လည်း အကျဉ်းထောင်ထဲတွင် ရှိနေ၍ ဒီမိုကရေစီ ရှေ့ရေးသည် မှုန်ဝါးဝါး အဆင့်သာ ရှိနေသည်ဟု လန်ဒန်ထုတ် ဒေးလီး မေးလ် သတင်းစာက သုံးသပ်ရေးသားထားသည်။

 

ရွေးကောက်ပွဲ တွင် ပါဝင်ရန် နိုင်ငံရေး ပါတီ ၅၃ ခု မှ စာရင်းသွင်းထားပြီး ဖြစ်သည်ဟု မင်းအောင်လှိုင်က ပြောလာသည်။ သို့သော် တနိုင်ငံလုံး သောင်ပြို ကမ်းပြို မဲပေးခဲ့ကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တော့ ပါဝင်ခြင်း မရှိပေ။ NLD အား မှတ်ပုံတင်ရန် ပျက်ကွက်သည် ဆိုကာ ၂၀၂၃ တွင် ရွေးကော်က ဖျက်သိမ်းပစ်ခဲ့သည်။

 

ရွေးကောက်ပွဲ အတွက် မဲစာရင်း ပြုစုရာတွင် လုံခြုံရေး ကြောင့် ဆိုကာ လူဦးရေ ၅၁ သန်း အနက် ၁၉ သန်းကို ချန်လှပ်ထားရသည်။

 

လေ့လာသူများကမူ ရွေးကောက်ပွဲ မတိုင်မီ တွင် တော်လှန်ရေး တပ်များက ထိုးစစ်ကြီး ဆင်နွှဲလာဖို့ ရှိနေသည်ဟု ခန့်မှန်းထားကြသည်။

 

ထိုသို့သော အနေအထား နှင့် ပြုလုပ်မည့် ရွေးကောက်ပွဲ ကို နိုင်ငံတကာ၏ ထောက်ခံမှု ရဖို့ မရှိသည်က စစ်ကောင်စီ အတွက် ပြဿနာ ဖြစ်လာရသည်။

 

သို့သော် ပြည်သူ့ ပါတီ ခေါင်းဆောင် ကိုကိုကြီး အတွက်မူ ပြဿနာ ရှိပုံမရပေ။ ၎င်းမှ ပြဿနာများကို လက်နက် နှင့် ဖြေရှင်း၍ မရ၊ ရွေးကောက်ပွဲ နည်းလမ်းသည်သာ ပြေလည်ရာ ပြေလည် ကြောင်း ‌ဖြေရှင်း နိုင်မည်ဟု ယုံကြည်ကြောင်း ပြောလာခဲ့သည်။

 

ရွေးကောက်ပွဲသည် အပြစ်အနာ ကင်းမည် မဟုတ်သော်လည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမည်ဟု ဆိုသည်။

 

၎င်းသည် မင်းအောင်လှိုင် တို့ အဖွဲ့ထက်ပင် ယုံကြည်မှု လွန်ကဲနေပေသည်။

 

ယုံကြည်ချင်ရာ ယုံကြည်၍ ရသော်လည်း ၎င်း၏ ယုံကြည်မှုသည် ဆရာဗန်းမော်တင်အောင် စကားနှင့် ပြောရလျင် နို့စို့အရွယ် ကလေးငယ်က မကြာမီ အိမ်ထောင်ပြု၍ ရပြီဟု ယုံကြည်ကာ မိန်းမ တောင်း‌ ပေးရန် ပူဆာ နေသလို မျိုး ဖြစ်နေသည်။

 

၎င်းတို့ အဖို့က စစ်အာဏာရှင်များ နှင့် ကြံရာပါ collaborators များဟု သမိုင်းတွင် အမည်းစက် စွန်းထင်းသွားခဲ့ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် တင်မြှောက်လာမည့် အစိုးရ ဆိုသည်ကလည်း တိုက်ခိုက်နေမှု များကို အဆုံးသတ် အောင် လုပ်နိုင်မည် မဟုတ်၊ ငြိမ်းချမ်းရေး အတွက် လာရောက် ဆွေးနွေးကြပါရန် ဆက်ပြောနေမည်သာ ဖြစ်သည်ဟု ကရင် အမျိုးသား သမဂ္ဂ ကေအင်ယူ ခေါင်းဆောင်တဦး ဖြစ်သူ စောသမိန် ထွန်းက ဆိုသည်။

 

နိုင်ငံတကာရှိ အထင်ကရ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည်သူများကမူ လက်ရှိ အနေအထား တွင် စစ်မှန်သော ရွေးကောက်ပွဲ မဖြစ်နိုင်ဟု ဆိုကာ ဖေဖေါ်ဝါရီ လ အတွင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ပယ်ချခဲ့ကြပြီးလည်း ဖြစ်သည်။

 

ရွေး‌ ကောက်ပွဲ ကြောင့် နိုင်ငံတွင်း အကွဲအပြဲများ ပိုမို နက်ရှိုင်းလာပြီး အကြမ်းဖက်မှု များ ကြီးထွားလာကာ စစ်အာဏာရှင် စနစ် ပို၍ပင် အမြစ်တွယ်လာနိုင်သည်ဟု ကြေညာချက်တွင် ဖေါ်ပြထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလကပင် အရေးပေါ် အခြေအနေ ကို ခုနှစ်ကြိမ်မြောက် သက်တမ်းတိုးခဲ့ပြီး ဖြစ်သည်။

 

ယခုအခါ ရုရှား မှ ပူပူနွေးနွေး ပြန်ရောက်လာသော မင်းအောင်လှိုင် သည် နေပြည်တော်သို့ ရောက်ရှိနေသော တရုတ် အထူးသံတမန် တိန်ရင်ချွန်း က လာရောက် တွေ့ဆုံခဲ့ပြီ ဖြစ်၍ တရုတ်ကြီး ရင်ခွင်ထဲ ပြန်ရောက်သွားရရှာပြီ ဖြစ်သည်။

 

စစ်တွေ နှင့် ကျောက်ဖြူ ကို ခြိမ်းခြောက်လာပြီ ဖြစ်၍ တရုတ် အစိုးရ မှ မင်းအောင်လှိုင် မည်သို့ စီစဉ်ထားသည်ကို အပူတပြင်း သိလိုနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!