သားဖြစ်သူ ပါဗယ်သည် အသက် ဆယ်လေး နှစ် အရွယ် ရှိနေပြီ ဖြစ်သည်၊ တရက်တွင် သူ၏ ဆံပင် ကို ဆောင့်ဆွဲပစ်ရန် လှမ်းဆွဲလိုက်ချိန်တွင်တော့ ပါဗယ်သည် ငုံ့ခံမနေတော့ဘဲ တူကြီး တချောင်းကို ကောက်ကိုင်လိုက်ရင်း က ပါးစပ်ကလည်း "ခင်ဗျားကြီး ကျုပ်ကို မထိနဲ့" ဟု ခပ်ထန်ထန် ပြောလိုက်သည်။
အဖေ လုပ်သူသည် အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် ကိုယ်ဟန်ရှိသော သားဖြစ်သူ အား ဘုဇဘတ် ပင် ပေါ် ကျနေသည့် အရိပ်အလား အုပ်မိုး၍ ကြည့်လိုက်သည်။
"တော်လောက်ပြီ အဖေ၊ ကျွန်တော် အဖေ လုပ်သမျှ ဆက်ပြီး ငုံ့ခံ မနေနိုင်တော့ဘူး" ဟု ပါဗယ်က ပြောလိုက်သည်။
သူသည် မျက်လုံး များကို ပြူးကျယ်အောင် ဖွင့်ထားရင်း တူကြီးကိုလည်း တရမ်းရမ်း လုပ်နေသည်။
အဖေ လုပ်သူက သူ့ကို တချက်ကြည့်လိုက်ပြီး ပြုံးလိုက်ရင်းက..
"ကောင်းပြီ၊ အညစ်အစုတ် ခွေးလေ ခွေးသန်းကောင်" ဟု အသက်ကို ပြင်းပြင်း ရှုသွင်းလိုက်သည်။
တအောင့် အကြာတွင် အနီးရှိ သူ့ မိန်းမ ဖက် လှည့်ပြီး "မင်း ငါ့ဆီက ပိုက်ဆံလာမတောင်းနဲ့တော့၊ ဒီကောင် မင်းကို လုပ်ကြွေးလိမ့်မယ်"
"ဒါဆို တော်က ရသမျှ အကုန် သောက်ပစ်တော့မယ် ပေါ့လေ"
"ဒါ မင်းအလုပ် မဟုတ်ဘူး ခွေးလေ ခွေးသန်းမ"
ထို့နောက်ပိုင်း မှစ၍ နောက် သုံးနှစ်ကြာ သူ သေဆုံးသွားသည်အထိ သား ဖြစ်သူ ကို ဖုတ်လေသည့် ငပိ ရှိတယ်ဟုပင် မအောက် မေ့တော့၊ စကားလည်း တခွန်းမှ မပြောတော့။
ဗလာဆော့ တွင် သူ့လိုပင် ညစ်စုတ်စုတ် နိုင်လှသော ခွေးကြီး တကောင် ရှိသည်။ ခွေးသည် မနက် အလုပ်သွား တိုင်း စက်ရုံ ဂိတ်ဝ အထိ သူနှင့် အတူ လိုက်လေ့ရှိသည်။ အလုပ်ဆင်းချိန်တွင်လည်း ဂိတ်ဝ တွင် လာ ထိုင်စောင့် နေတတ်သည်။
အလုပ်ပိတ်ရက် များတွင် ဗလာဆော့ အရက်ဆိုင်တကာ လှည့်သည့် အခါတိုင်း တနေကုန်နီးပါး သူ့ နောက်က တကောက်ကောက် လိုက်တတ်ပြန်သည်။ အိမ်ပြန်ရောက်ပြီး အရက်မူးမူး နှင့် ထမင်းစားပွဲ ထိုင်သည့် အခါ ဗလာဆော့ သည် သူ့ ပန်းကန်ထဲမှ ခွေးကို ချကြွေးတတ်သည်။
ခွေးကို တခါဖူးမျှ ရိုက်နှက်ကြိမ်းမောင်းခြင်းလည်း မရှိ၊ ပွတ်သတ် ချော့မြူခြင်းလည်း မလုပ်ခဲ့ဖူးပေ။ မိန်းမ ဖြစ်သူက စားသောက်ပြီး ပန်းကန်ခွက် ယောက်များကို အချိန်မီ သိမ်းဆည်းပြီး အရက်ပုလင်း လာ ချမပေး မိလျှင် တော့ ဗလာဆော့မှ စားပွဲပေါ် ရှိသမျှ ကို အကုန် လွှင့်ပစ်တော့သည်။
ဗလာဆော့ သည် နံရံကို မှီကာ မျက်လုံးကို မှိတ်ပြီး ပါးစပ်မှလည်း ကွဲအက်သော အသံကြီးဖြင့် သီချင်း တပုဒ် ကို လေးတွဲ့တွဲ့ကြီး ဆိုနေပြန်သည်။ သူ၏ လွမ်းဆွတ်ဆွတ် နှင့် ဘာ ဆိုလို့ ဆိုမှန်း မသိ ဆို နေသော သီချင်းသံကြောင့် ပါးစပ်ထဲရှိ ပေါင်မုန့်စ များ ပင် ထွက်ကျလာ၍ ရှည်လျားသော မုတ်ဆိတ် ကြီးများကို သူ၏ ထူထဲ သော လက်ချောင်းကြီးများနှင့် သပ် နေပြန်သည်။ သူ၏ သီချင်းသံကြောင့် ဆောင်းတွင်း တလျောက် ကျက်စားလေ့ ရှိသည့် ဝံပုလွေများ၏ အူသံ ကိုပင် အမှတ်ရလာကြသည်။
ပုလင်းထဲရှိ အရက် မကုန်သေးသရွေ့ သီချင်းသံက ရပ်မသွား၊ အရက် ကုန်သွားသည့် အခါတွင်တော့ သီချင်းလည်းရပ်၊ လူကလည်း စားပွဲ ပေါ် ခေါင်းစိုက်ကျ အိပ် မောကျသွားတော့သည်။ နောက်နေ့ မနက်စောစော စက်ရုံက ဥဩဆွဲသံ ကြားမှပင် နိုးလာတော့သည်။ ခွေးကလည်း သူဘေးတွင် လဲလျောင်းနေတတ်သည်။
သေသည့် အခါတွင်တော့ အပြင်းအထန် ဝေဒနာ ခံစားလိုက်ရသည်။ ငါးရက်လောက် တကိုယ်လုံး ပြာနှမ်းလာပြီး အိပ်ယာထဲတွင် လူးလှိမ့်နေရသည်။ မျက်လုံး ကိုလည်း တင်းတင်း ပိတ်ပြီး အံကိုလည်း တချိန်လုံး ကြိတ်ထားသည်။ တခါတရံတွင် ဇနီးဖြစ်သူ အား "ငါ့ကို အဆိပ်တိုက်စမ်းပါ၊ သေပါရစေ" ဟု တစာစာ အော်ဟစ်နေသည်။
ဇနီး ဖြစ်သူက ဆရာဝန်ကို ပင့်လာခဲ့သော်လည်း ဆရာဝန်က လတ်တလော အနာအုံဆေး မျိုး ရှာဖို့ နှင့် ခွဲစိတ်ဖို့ လို၍ ဆေးရုံ ချက်ခြင်း တင်ရမည်ဟု ပြောလာသည်။
ထိုစကားကြောင့် "ငရဲရောက်မယ့် ကောင်၊ ငါ့ဘာသာ ငါသေမယ်၊ ခွေးလှေခွေးသန်းကောင်ရေ" ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဆရာဝန် ပြန်သွားသည့် အခါတွင်တော့ ဇနီးသည်က မျက်ရည်လဲရွှဲ နှင့် ဆေးရုံတက်ပြီး ခွဲစိတ်ကုသခံဖို့ တိုက်တွန်းရှာသည်။
သူက လက်သီးကို ကျစ်ကျစ် ပါ အောင် ဆုပ်လိုက်ပြီး "မင်းလုပ်ရဲရင် လုပ်ကြည့်လိုက်၊ ငါ နေကောင်း သွားလို့ကတော့ မင်း အခုထက် ဆိုးသွားမယ်"
စက်ရုံ မှမနက် စောစော ဥဩသံ ထွက်လာသည့် အချိန်တွင်တော့ အသက် ထွက်သွား ခဲ့ပြီ ဖြစ်သည်။