ပြေးကြပြန်ပြီ

by Hla Soewai - Mar 24 2025

ယခင်က စစ်တပ်၏ ထိုးစစ်ကြောင့် ကေအင်ယူ တပ်များ ထိုင်းသို့ ဖြတ်ကူး တိမ်းရှောင်သွားခဲ့ကြသည့် အစဉ်အလာ ရှိခဲ့သော်လည်း တော်လှန်ရေးကြီး စတင် ဖြစ်ပွားပြီးနောက်တွင်မူ တဖက် နိုင်ငံသို့ တိမ်းရှောင်သွားကြသူများ စတန်းဒတ် အာမီ မှ တပ်ဖွဲ့ဝင် များ ဖြစ်လာသည့် ကံကြမ္မာ အလှည့် အပြောင်းကို ရှက်ဖွယ်လိလိ ကြုံလာကြရပြီ ဖြစ်သည်။

 

ယခု အခါ ကရင် အမျိုးသား လွတ်မြောက်ရေး တပ် KNLA နှင့် PDF ပူးပေါင်း တပ်များမှ နယ်စပ်ရှိ ပူလူတူ စခန်းကို စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား အများ အပြား ကျဆုံးပြီး ကျန်ရှိသူများလည်း လက်နက်များပင် မသယ်နိုင်တော့ဘဲ ကစင့်ကလျား နှင့် ထိုင်းဖက်ရှိ တပ်ခ် ပြည်နယ်ထဲသို့ ထွက်ပြေး ဝင်ရောက်သွားကြသည် ဆိုသော သတင်းသည် AFP ကြေးနန်း သတင်းမှ တဆင့် ကမ္ဘာ သတင်းမီဒီယာ များ တွင် ဖေါ်ပြလာကြသည်။

 

နှစ်ပတ် နီးပါး ထိုးစစ် ဆင်ခဲ့ပြီး နောက် သောကြာနေ့ နံနက် ၃ နာရီ တွင် စခန်းကို သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ တပ်သား မည်မျှ အရည် အတွက် ထွက်ပြေးသွားသည်ကို အတိအကျ မသိရဟု ကေအင်ယူ ၏ ကြေညာချက် တွင် ပါရှိသည်။ (ပုံတွင် ရှု)

 

ပူလုတူ စခန်းသည် မြဝတီ မြို့ မြောက်ဖက် မိုင် ၅၀ ခန့် အကွာ တွင် ရှိသည်။

 

စစ်ကောင်စီ သည် နယ်စပ်ဒေသများ တွင် နာလံ မထူ နိုင်အောင် ရှူံးနိမ့်နေသော်လည်း အလယ်ပိုင်း ဒေသတွင် မူ အတင်းအကျပ် စစ်အင်အား စုဆောင်းမှုများ၊ လေကြောင်း အသာစီး ဖြင့် ကြံ့ကြံ့ခံလျက် ရှိသည်။

 

၎င်းတို့၏ ခံတပ် နေပြည်တော်ကို အဓိက ခြိမ်းခြောက်လာမည့် ပြည်သူ့ကာကွယ်ရေး တပ်များကို အရင် ချေမှုန်းနိုင်မှ ဖြစ်မည်ဟု စိတ်ပိုင်းဖြတ်ထားပုံရသည်။

 

ယခုလည်း ရုရှား ခရီးစဉ် အတွင်း အာကာသ နှင့် ဂြိုလ်တု နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ခေါင်းစဉ် အောက်တွင်‌ မြေပြင်ကို စောင့်ကြည့် ထောက်လှန်းနေသည့် ဂြိုလ်တု သတင်းဓါတ်ပုံ များ ပေးပို့ရန် ရုရှား၏ သဘောတူညီချက် ရရှိသွားပြီ ဖြစ်သည် ဩစတေးလျ ၏ The Interpreter စာစောင်တွင် အင်ဒရူး ဆဲသ် က ရေးသားထားသည်။

 

ဂြိုလ်တု မှ ပေးပို့သော ပုံရိပ်များ လေ့လာသုတေသန ပြုရေး ပူးတွဲ ဌာန ဖွင့်လှစ်ရန် သဘောတူခဲ့ကြပြန်၍ ၎င်းတို့အား ဖတ်ရှု တတ်အောင် သင်ကြား ပို့ချရန် ရုရှား ပညာရှင်များက ကူညီဖို့ ရှိနေသည်။

 

မင်းအောင်လှိုင်မှလည်း တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ၎င်း၏ လက်အောက်တွင် မရှိတော့သော မိုးကုတ်၊ ဖားကန့်၊ စစ်ကိုင်း တိုင်း အတွင်း ရှိ သယံဇာတ တွင်းထွက်များ လာရောက် တူးဖေါ်ယူကြရန် ရုရှား ကုမ္ပဏီများကို တရားဝင် ဖိတ်ခေါ်လိုက်ပြီ ဖြစ်သည်၊ ယင်းသည် လုံခြုံရေး တာဝန်ယူရန် ရုရှား တပ်များ ဝင်လာအောင် တဖက်လှည့် နှင့် ခေါ်ယူ ရန် ကြံစည်လာခြင်းလည်း ဖြစ်သည်။

 

တိုင်းရင်းသား တပ်များ အဖို့ ၎င်းတို့ လက်ဝယ် ရရှိထားသော နယ်မြေ များကို တသက်လုံး ရရှိ နေမည့် အလား ယစ်မူးကာ အချင်းချင်း အငြင်းပွားနေရန် အချိန်မရှိတော့၊ စစ်တပ်မှ နည်းမျိုးစုံ နှင့် ကောက်ကျစ်ယုတ်မာရန် ၊ သွေးခွဲရန် နှစ်ဆယ့် လေးနာရီ ကြံစည်နေသည့် အတွက် ၎င်းတို့အား အပြီးအပိုင် အမြန်ဆုံး ဖယ်ရှားနိုင်မှ ဖြစ်မည်ဟု နှလုံးသွင်းထားကြရမည် ဖြစ်သည်။

 

လက်ရှိတွင် နိုင်ငံတကာ က စောင့်ကြည့်‌ နေကြသည် ဖြစ်၍ တော်လှန်ရေး ကို ဦးတည်ရမည့်အစား ရရှိထားသော နယ်မြေများ ကို အငြင်းပွားနေကြသည်မှာ မည်သူက လွန်သည် ဖြစ်စေ လွန်စွာ ရှက်ဖို့ ကောင်းနေသည်။ 

 

နကိုယ်ကတည်းက ထိုသို့ ဖြစ်မည်ဟု ထင်ကြေး ပေးထားသူ များ အတွက် ကျေနပ်သွားအောင် လုပ်နေသလို ဖြစ်နေသည်။

 

အရှိန်ရနေသည့် တိုက်ပွဲ ကို ဆက်မတိုက်တော့ပဲ ရပ်ပစ်လိုက်ခြင်း အတွက် တချိန်ကျလျင် နောင်တ ရမည် ဆိုက မည်သူကမျှ စာနာကြတော့မည် မဟုတ်၊ ထိုကဲ့သို့ အတွေးအခေါ် ရှိခဲ့သည်ကိုပင် အံ့ဩနေကြပြီ ဖြစ်သည်။

 

လက်ရှိတွင် အကြမ်းဖက် စစ်တပ်အား ကမ္ဘာ လက်နက် အင်အားကြီး နှစ်နိုင်ငံ က ကူညီ ပံ့ပိုးပေးနေပြီ ဖြစ်၍ အပစ်အခတ် ရပ်စဲရမည့် အချိန်မဟုတ်တော့၊ အချိန်ဆွဲ၍ မရတော့၊ အင်နှင့် အား နှင့် ပြတ်ပြတ်သားသား တိုက်နိုင်‌မှ ဖြစ်ပေတော့မည်။

 

စစ်ကောင်စီ လုံးဝ ပြိုကွဲသွား မှသာ အောင်ပွဲခံနိုင်မည် ဟု ပြော၍ ရသော်လည်း လက်ရှိ တော်လှန်ရေးကြောင့် ၎င်းတို့ အသက်ဆက် နိုင်ရန် နည်းမျိုးစုံ သုံး ၍ ရုန်းကန် နေရအောင်၊ အတိုင်းတိုင်း အပြည်ပြည် ကြားလို့ မကောင်းအောင် တရုတ်၊ ရုရှား တို့အား ခြေသလုံး ပြေးဖက်နေရသည် အထိ ဖြစ်လာအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!