ပြေးလမ်းကို ပိုင်းခြားထားသော ကွန်ကရစ် တုံးများ ရှိရာ အရောက် ပြေးသွား နိုင်သူများကတော့ နောက်တွင် ပြားပြားဝပ်အောင် အကာအကွယ် ယူထားကြသည်။ ကျွန်တော် ခေါင်းပေါ် ကျည်ဆံလိုလို ဗုံးဆံလိုလို ဝှီကနဲ ဖြတ်သွားချိန်တွင်တော့ ကျွန်တော်လည်း မြေကြီး ပေါ် ဝပ်ချလိုက်ပြီး တွားသွားလိုက်သည်။
ဘွန်ကလည်း လင်း ကို တဖက်ကဆွဲပြီး ကျွန်တော် လုပ်သလို လိုက်လုပ်သည်။ လင်း ၏ မျက် နှာသည် စိုးရိမ်စိတ်၏ ဖိစီးခြင်း ခံနေရသော်လည်း ဖြစ်ချင်တာ ဖြစ် အလျော့မပေး ဟူသော အသွင်မျိုး တွေ့နေရသည်။
ကျွန်တော်တို့ စမ်းတဝါးဝါး နှင့် တွားသွားရင်းက ကွန်ကရိ တုံး များ နောက် ကွက်လပ် တနေရာ သို့ ရောက်လာခဲ့သည်။ လေယာဉ် စက်သံလည်း ရပ်သွားပြီ ဖြစ်၍ ကျွန်တော်တို့ထံ ချိန်ရွယ် ပစ်ခတ်နေသည့် အသံများကို ကြားလာရသည်။ ကျည်ဆံ များက ခေါင်းပေါ် မှ ကော၊ ကွန်ကရစ် ကို ထိမှန်ပြီး ပြန်ကန်ထွက်လာရော မျိုးစုံ ဝဲပျံ နေသည်။
သေနတ် သမားများက လေယာဉ် မှ ထွက် ပေါ် လာသည့် မီးတောက်များဆီ ဦးတည် ပစ်ခတ်နေကြသည်။ ဘွန် သည် ဒူးကို ရင်ဘတ် နှင့် ကပ်ထားပြီး သူ နှင့် လင်း ကြား ရှိ ဒပ် အား လက်တဖက် နှင့် တင်းကျပ်စွာ ဖက်ထားသည်။
ဘွန် က ကိုယ်ဖက်က လူများ လေယာဉ် နှင့် မလိုက်ရ၍ မကျေမနပ် နှစ် ပစ်ခတ်ခြင်း ဖြစ်မည်ဟု ပြောလာသည်။ ကျွန်တော်ကတော့ ဖြစ်နိုင်ခြေ အရမ်းနည်း နေသည်။ မြောက်ဗီယက်နမ် တပ် NVA သည် လေယာဉ် ကွင်း ပတ်ပတ်လည် နေရာယူထားပြီး ဖြစ်သည်ဟု ပြောလိုက်သည်။ ထို့နောက်တွင်တော့ လေယာဉ် ဆီတိုင်ကီ သည် ပေါက်ကွဲသွား၍ မီးတောက် မီးလျံ များ ကြောင့် လေယာဉ် ကွင်း တကွင်းလုံး နီးနီး လင်းထိန်သွားသည်။
ကျွန်တော်လည်း မျက်နှာကို တဖက်သို့ လှည့်လိုက်သည်။ ထိုအခါကျမှ ကျွန်တော် ကျောပြင်ကို မျက်နှာ နှင့် ဖိကပ်ထားသူသည် စောစောက တွေ့ခဲ့သည့် လက်ထောက် အတွင်းဝန် ဖြစ်နေမှန်း သိလိုက်ရသည်။ သူသည်လည်း ကွန်မြူနစ်သူလျို နှင့် လေယာဉ် ကွင်း ဂိတ်ဝ ရှိ ဒုအရာခံဗိုလ် လိုပင် ကျွန်တော်ကို သေစေချင်နေသူ ဖြစ်သည်။
သူတို့ အားလုံး မုန်းမည် ဆိုလည်း မုန်းထိုက်ပေသည်။ သူ့အိမ်သို့ အကြောင်းမကြား ဘာမကြားပဲ ရောက်သွား၍ သူ အတွက် ရပေါက်ရလမ်း များ ပိတ်သွားသဖြင့် ထိခိုက်သွားခဲ့ရသည်။ သူ့ အိမ်လိပ်စာကို အရက်မူးသမား ဗိုလ်မှုး ဆီက ရခဲ့ခြင်း ဖြစ်သည်။
ဧည့်ခန်းထဲ ထိုင်လိုက်လျင်ပင် သူ့ လက်ထဲတွင် ဗီဇာများ ရှိနေသည် ဆိုသည်မှာ မှန်ကြောင်း၊ ဒီဗီဇာ များကို တရားမျှတမှု ရှိအောင် ရသင့်ရထိုက်သူများကို ထုတ်ပေးသွားမည်ဟု ပြောလာသည်။ အခွင့်ထူးခံများ၊ ပိုက်ဆံတတ်နိုင်သူများသာ ရမည်ဆိုက မည်သို့မျှ တရားမည် မဟုတ်ဟု ဆိုသည်။
ကျွန်တော်ကလည်း သူ့စကား ကို ထောက်ခံသည့် အနေဖြင့် အင်း လိုက်နေရသည်။ တရားသည့် အတိုင်း ဆိုက ထွက်ဖို့ လိုအပ်နေသူ တိုင်း ရသင့်သည်။ ထိုသို့ မည်သို့မျှ မဖြစ်နိုင် ဆိုသည်ကလည်း သိသာနေသည်။ ထိုအတွက် သူ့ အနေဖြင့် ကျဉ်းထဲ ကျပ်ထဲ ရောက်နေရကြောင်း၊ မည်သူ သွားသင့်သည် မသွားသင့်သည် ဆိုသည်ကို သူ့ အဖို့ ဆုံးဖြတ်ရမည့် တရားသူကြီး ဖြစ်လာနေသည် ဟုလည်း ပြောပြန်သည်။ ကျွန်တော့် နေရာမှာဆို ကက်ပတိန် ဘာလုပ်မလဲဟု ပြန် မေးခွန်းထုတ်လာသည်။
လူကြီးမင်း အနေအထားကို ကျွန်တော် နားလည် သဘောပေါက်ကြောင်း ပြောရင်း တချိန်လုံး ပြုံးပြီး နားထောင်နေရ၍ ကျွန်တော် ပါးချိုင့်များပင် နာလာနေသည်။ ကျွန် တော် လာရင်းကိစ္စ ကို ပြောရမည့် အချိန် ကျရန် စောင့်ဖို့ စိတ်မရှည်နိုင် ဖြစ်လာသည်။ ကျွန်တော်ဖက်ကလည်း သူ့လိုပင် မေးဖျား ထိမတတ် ဆွဲခြုံလာသော ကိုယ်ကျင့်သိက္ခာ ဆိုတာကြီး ထုတ်သုံးရပေတော့မည်။
ခင်ဗျားလည်း ကောင်းကောင်းနေ ကောင်းကောင်းစားတတ်တဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ် တယောက်ပဲ လေ ဟု ဆိုကာ ခေါင်းကို ဘယ်ရော ညာရော လှည့်ပြီး ငွေကုန် ကြေးကျ ခံ မွမ်းမံ ထား၍ သန့်ရှင်း သပ်ယပ်လှသည့် သူ့အိမ်တွင်းကို မေးထိုး ပြလိုက်သည်။
သူ၏ ပလာစတာ သုပ်ထား သော အိမ်နံရံ တွင် အလှ ကပ်ထားသည့် တောက်တဲ့ များ၊ ချိတ်ထားသည့် တိုင်ကပ်နာရီ၊ ပြက္ခဒိန်၊ တရုတ်စာများ ရေးထိုးထားသော စာ ခွေများ၊ သမ္မတ ဟောင်း ငိုဒင်ဒီယန် ခေတ်ကောင်းစဉ်က ရိုက်ထား သော ရောင်စုံ ဓါတ်ပုံ တို့ကို တွေ့ရသည်၊ ငိုဒင်ဒီယန်သာ လုပ်ကြံ မခံရဆိုက ယခု ထိ အမေရိကန် ရုပ်သေးရုပ် မဟုတ်သည့် သမ္မတ အဖြစ် ရှိနေဦးမည်ဟု ယုံကြည်နေသော ကြောင့် ဖြစ်ပေလိမ့်မည်။
ယခုအခါတွင် တော့ အဖြူရောင် ဝတ်စုံ နှင့် လူပု လေးသည် ၎င်း၏ ကက်သိုလစ် ဘာသာဝင် များ အကြား သူတော်စင် ဖြစ်၍ နေပေပြီ၊ ၎င်းသည် အမေရိကန် သံချပ်ကာ ကား တစီးထဲတွင် လက် နှင့် ခြေကို ပူးချည်ထား ခံရပြီး မျက်နှာတွင်လည်း သွေးအလူးလူး၊ ဦးနှောက် တစ်ရှူး အသားစများလည်း ပြန့်ကျဲနေပြီး အာဇာနည် တယောက်အလား အသတ်ခံခဲ့ရသည်။ ထိုသို့ အသတ်ခံခဲ့ရသည့် ပုံသည် ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ နောက်ကွယ် က ပြောလိုသည့် အဓိပ္ပါယ်သည် အယ်ကာပုန်း အမှု ကဲ့သိူ့ပင် သိမ်မွေ့သော်လည်း ပေါ်လွင် ထင်ရှား အောင် အသိပေး နိုင်ခဲ့သည်၊ "အမေရိကန် ပြည်ထောင်စုကို လာမစမ်းနဲ့၊ မီးပွင့်သွားမည် " ဆိုသည်ပင် ဖြစ်သည်။ (အယ် ကာပုန်းသည် ၁၉၂၅ မှ ၁၉၃၁ အတွင်း ချီကာဂို တွင် ဘုရင်တပါးလို ဩဇာ သက်ရောက်ခဲ့သည့် မာဖီယား ဂိုဏ်းခေါင်းဆောင်ကြီး ဖြစ်သည်)
တကယ်တမ်း မတရားတာက ရိုးရိုးသားသား လုပ်ကိုင် အသက်မွေး တဲ့လူက ဆင်းဆင်းရဲရဲ နေ နေကြရတာပဲ ကျွန်တော်က ပြောလိုက်သည်။ ဒါကြောင့် ကျွန်တော် ဆရာသမားက ကျေးဇူး သိတတ်တဲ့ အနေနဲ့ ပေးလိုက်တာကို လက်ခံစေချင်ပါတယ်၊ ခင်ဗျားလက်ထဲမှ လူ ကိုးဆယ့် နှစ်ယောက် အတွက် ဗီဇာ တွေ ရှိနေတဲ့ အပြင် ပိုတောင်နေသေးတယ် မဟုတ်လား။
ပြောသာ ပြောလိုက်ရသော်လည်း သူတွင် ရှိမရှိကို အသေအချာ မသိ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တွင် ပါလာသည့် စရံငွေ ကို အရင်ပေးပြီး ကျန်တာ ကို နောက်ပြန်လာပေးမည်ဟု ကတိပေးခဲ့ဖို့ ဖြစ်သည်။ သူ့ဖက်က အပြုသဘော တုန့်ပြန်လာသည့် အခါတွင်တော့ စာအိတ်ထဲ ထည့်ထားသည့် ကျွန်တော် လက်ထဲ ကျန်နေသည့် ဒေါ်လာ ၄,၀၀၀ ကို ထုတ်ပေးလိုက်သည်။ ထိုငွေ သည် သူသာ လျော့လျော့ပေါ့ပေါ့ ယူမည် ဆိုလျင် လူ နှစ်ယောက် အတွက် ဗီဇာ ဖိုး ဖြစ်သည်။
လက်ထောက် အတွင်းဝန်က စာအိတ်ထဲမှ ငွေများကို သူ့လက်မ နှင့် တဖြတ်ဖြတ် ရေလိုက်သည်။ ချက်ခြင်းပင် စာအိပ်ထဲက ငွေဘယ်လောက်ပါသည်ကို သိသွား ပြီး ဒီလောက်နဲ့ ဘယ်ရမလဲ ပုံစံဖြင့် ကော်ဖီ စားပွဲကို စာအိတ် နှင့် ရိုက်လိုက်သည်။ သူ၏ ဒေါသ ကို ဖေါ်ပြရန် မလုံလောက်သေးသည့် အလား နောက်တကြိမ် ထပ်ရိုက်ပြန်သည်။
"ခင်ဗျား ကျွန်တော်ကို လာဒ်ထိုးဖို့ ကြိုးစားရဲတယ်ပေါ့လေ" ဟု ပါးစပ်က ပြောပြန်သည်။
ကျွန်တော်က ပြန်ထိုင်ဖို့ လက်ပြလိုက်ရင်း ကျွန်တော်လည်း ခင်ဗျားလို ကျဉ်းထဲကျပ်ထဲ ရောက်နေရတဲ့ အတွက် အခုလို မဖြစ်လို့သာ လုပ်ရတာ ဖြစ်ကြောင်း၊ ခင်ဗျားလက်ထဲ တပြားမှ မကုန်ပဲ ရလာတဲ့ ဗီဇာ တွေကို ရောင်းနေတာ မဟုတ်ဘူးလား ဟု ကျွန်တော်က မေးလိုက်သည်။
ဒေသခံ ရဲမှုးကို ဖုန်းဆက်လိုက်ရင် ကျွန်တော်ကော၊ ခင်ဗျားပါ အဖမ်းခံရမှာ၊ ဒီလိုဆိုလဲ တရားမှ မဟုတ်ဘူး၊ ခင်ဗျား အနေနဲ့ ကိုယ်အတွက် ဗီဇာ ချန်ထားပြီး ကျန်တာ တွေ ဝေပေးလို့ရတယ်ဆိုလည်း တရားမျှတ မှု ရှိမှာ မဟုတ်ဘူး။
တရားမျှတမှု အရှိဆုံး အဖြေက ခုန ပြောသလို ဗီဇာ ကိုးဆယ့် နှစ်ခု အတွက် ကျွန်တော်ပေးတဲ့ ဒေါ်လာ လေးထောင်ကို ယူထားလိုက်၊ နင့်မိုဆို ခင်ဗျား လက်ထဲ ဗီဇာ ကိုးဆယ့်နှစ်ဆောင်လည်း ရှိတော့မှာ မဟုတ်တဲ့ အပြင် ဒေါ်လာ လေးထောင် ဆိုတာလည်း ဝေးလာဝေး ဖြစ်သွားမယ်၊ အခု ဆို ခင်ဗျား မနက်ဖန် ရုံးတက်ပြီး နောက်ထပ် ဗီဇာ ကိုးဆယ့်နှစ်စောင်ကို အလွယ်လေး ထပ်ယူလို့ ရတယ်၊ တကယ်တော့ ဒါ တွေက စက္ကူ ရွက်တွေ ပါဗျာ။
ဗြူရိုကရက် တယောက် အတွက် စက္ကူရွက်သည် သူတို့ မျက်စိထဲတွင် စက္ကူ ရွက် အဖြစ် မည်သည့်အခါ မှ ဖြစ်မလာခဲ့။ စက္ကူ တရွက်သည် လူတယောက်၏ အသက် ဖြစ်နေသည်။ သူ့ဆီက စာရွက်များ ကျွန်တော် ယူသွားသည့် အတွက် မုန်းတီးနေခြင်း ဖြစ်သည်။ ကျွန်တော်ကတော့ နည်းနည်းလေး မှ ဂရုမစိုက်၊ ကျွန်တော် စိတ်ထဲ လောလောဆယ် အနှောက်အယှက် ဖြစ်နေရသည် က ကွန်ကရိ တုံးကြီး များ နောက် မည်မျှ ကြာကြာစောင့်ရဦးမည် မသိသည့် အဖြစ်နှင့် မည်သို့ ဖြေရှင်းရမည် ဆိုသည်ကို လည်း မသိ ဖြစ်နေခြင်းပင် ဖြစ်သည်။