နိုင်ငံသည် နှစ်ပေါင်း ခုနှစ်ဆယ် လုံးလုံး ပြည်တွင်းစစ်ဒဏ်၊ စစ်ဗိုလ်ချုပ်များ၏ အုပ်ချုပ်ရေး နှင့် ဆင်းရဲ မွဲတွေမှု ဒဏ်ရာ ဒဏ်ချက်များကို ခါးစည်း ခံခဲ့ကြရပြီး ဖြစ်သော်လည်း လူငယ်များ အဖို့ ယခုအချိန် လောက် အနာဂတ် ဆိုသည်ကို အသာထားဘိဦး အသက်တချောင်းကို ရှာကြံ မွေးနေရလောက်သည်အထိ ကြောက်မက်ဖွယ် ဆိုးဝါးလှသည့် အနေအထားကို ကြုံခဲ့ကြရခြင်း မရှိပေ။
ယခင်က တခါမျှ မျှော်မှန်းနိုင်ခြင်း မရှိခဲ့သည့် လှပသော၊ တိုးတက်ရာ တိုးတက်ကြောင်း ဖေါ်ဆောင် နိုင်မည့် အနာဂတ် ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ပြက်ပြက်ထင်ထင် မြင်ခွင့်ရလာခဲ့သော်လည်း မင်းအောင်လှိုင် ဦးဆောင်သော စစ်ဗိုလ်ချုပ် တသိုက်၏ လက်နက် အားကိုး ဖြင့် အာဏာ သိမ်းယူခဲ့၍ တမဟုတ် ချင်း ပျက်စီးသွားခဲ့ရသည်။
လူငယ် ထောင်ပေါင်းများစွာလည်း လက်နက်စွဲကိုင် တော်လှန်ခဲ့ကြ၍ ယခုအခါ စစ်ခေါင်းဆောင်များသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တဝိုက်တွင်သာ စိတ်ချလက်ချ သွားလာနိုင်သည့် အခြေ အနေ ရောက်လာခဲ့ကြရသည်။
ဆောက်တည်ရာ မရ ဖြစ်လာ သော စစ်ခေါင်းဆောင်များသည်လည်း အရက်စက်တကာ အရက်စက်ဆုံး နည်းလမ်းများ သုံး၍ နိုင်ငံ အနှံ အကြမ်းဖက်လာကြ၍ ၎င်းတို့ လက်အောက်တွင် ရှိနေသည့် လူငယ်များအဖို့ တိုးထွက် နိုင်မည့် အခွင့်အလန်းဟူ၍ ဘာတခုမျှ မကျန်အောင် ဖြစ်လာရပြီး ၎င်းတို့လက်ထဲ ပြုသမျှ နုရတော့မည့် အဖြစ် ရောက်လာခဲ့ရပြီ ဖြစ်သည်။
၂၀၂၄ ဖေဖေါ်ဝါရီ လ မှ စတင်ခဲ့သော လူငယ်များကို အတင်းအဓမ္မ စစ်ထဲ ဆွဲသွင်းနေမှု သည် အရှုံးများ တိုး၍ ရင်ဆိုင်လာရသည် နှင့် အမျှ ပို၍ ကြမ်းလာသည်။ လမ်းများ ပေါ်မှ အတင်းအကျပ် ဆွဲ ခေါ် ခံရသော အရည်အတွက်သည် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြင့်တက်လာနေသည်။
ပြည်ပတွင် သွားရောက် ပညာသင်ကြားခွင့် ရရေးသည် သာ တခုတည်းသော ထွက်ပေါက် အဖြစ် ရှိနေခဲ့သော်လည်း ယင်းသည်ပင် ငွေကြေး တတ်နိုင်သူများ အတွက် သာ ဖြစ်နေသည်။ ဤသည်ကလည်း ငွေတန်ဖိုးသည် ဒလဟော ကျဆင်းနေ၍ ကျောင်းလခ နှင့် နေထိုင်မှု စရိတ် များ အတွက် တတ်နိုင်သူ အရည် အတွက် နည်းသည်ထက် နည်းလာနေသည်။
ပညာထူးချွန် သော်လည်း ကိုယ့်စားရိတ် နှင့် ကိုယ် မတက်နိုင်သူများ အတွက် ပြည်ပ ပညာသင်ဆု ကို အားကိုးအားထား အဖြစ် မျှော်မှန်း၍ ရနိုင်စရာ ရှိသော်လည်း ယခုအခါ အမေရိကန် ဖွံ့ဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ USAID မှ ရံပုံငွေ ချပေးထားမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
ထို့အတွက် ဖိလစ်ပိုင်၊ ကမ္ဘောဒီယား၊ အင်ဒိုနီရှား နှင့် ထိုင်း တို့တွင် ပညာသင်ဆု ဖြင့် ကျောင်းတက်နေကြဆဲ ကျောင်းသား ၄၀၀ ခန့် တိုးလို့တန်းလန်း ဖြစ်နေပြီး ပြည်တော် ပြန် မည်ဆိုကလည်း မင်းအောင်လှိုင် နှင့် အပေါင်းအပါ များ လက်ထဲ သက်ဆင်းရတော့မည် ဖြစ်သည်။
၂၀၂၄ ဧပြီလ အတွင်း NGO အဖွဲ့တခု ဖြစ်သည့် Burma Affairs & Conflict Study မှ ထုတ်ပြန်သော အစီရင်ခံ စာ တွင် စစ်မှုထမ်းရမည်ဟူသော ကြေညာချက် ထွက်ပြီး နှစ်လ အတွင်း မှာပင် ထွက်ပြေး တိမ်းရှောင်သွားသူ လူငယ်ပေါင်း တသိန်းခန့် ရှိခဲ့သည်ဟု ပါရှိသည်။
၂၀၂၅ အစောပိုင်း တွင် စစ်ကောင်စီသည် စစ်မှုထမ်းရန် အရွယ်ရှိ အမျိုးသမီးများ စာရင်းကို ကောက်ယူ ပြုစုလာပြန်သည်။ ထိုအတွက်လည်း အမျိုးသမီးငယ် များ အထိတ်တလန့် ဖြစ်ကာ ပြေးပေါက်ကို စဉ်းစားလာကြပြန်သည်။
စစ်မှုထမ်းရန် အသက်ပြည့်သူတိုင်းအား ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်လိုက်ကြပြန်သည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သည် စောင့်ကြည့်ထောက်လှန်း မှု များ၊ ခြိမ်းခြောက် ငွေတောင်း၍ ရသည့် အဆောက်အအုံကြီး ဖြစ်လာနေသည်။
ပြည်တွင်း တွင် ပင် နေရပ်စွန့်ခွာ တိမ်း ရှောင်မည်လော၊ ထိုင်းကို နယ်စပ်မှ ဖြတ်ကျော် သွားမည်လော ဆိုသည့် ရွေးချယ်ပိုင်ခွင့်သာ ရှိ တော့သည်။
တော်လှန်ရေး တပ်ဖွဲ့များကလည်း ပြတ်ပြတ်သားသား အောင်ပွဲခံဖို့ အရှိန်မြှင့်တော့မည်ဟု ကြွေးကြော်လာကြပြီ ဖြစ်သည်။ မိမိတို့ နှင့် လာရောက် ပူးပေါင်းရန်လည်း ဆင့်ခေါ်ခဲ့ကြ၍ ပါဝင်လာသူ အများ အပြား ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ပို၍ ရက်စက် ကြမ်းကြုပ်လာ နေသော စစ်ပွဲကြီး တွင် ကြံရာမရ ဖြစ်လာ နေသောလူငယ်များသည် စစ်ပွဲတွင် ပါဝင်ခြင်းသည်သာ ၎င်းတို့ အတွက် တခုတည်းသော ရှေ့ဆက်ရန် လမ်းကြောင်းအဖြစ် တကယ်တမ်း ရှုမြင်လာကြမည်လား ဆိုသည် အပေါ် မူတည်နေသည်။
အတင်း အဓမ္မ စစ်ထဲဆွဲ သွင်း နေခြင်းသည် လူငယ်များသာ မက မိသားစု များပါ ထိခိုက်လာနေသည်။ ၎င်းတို့၏ သားများ စစ်တပ် လက်ထဲ ပါမသွားရေး အတွက် ပိုင်ဆိုင်သမျှ ထုခွဲရောင်းချ၊ ရွှေငွေ လက်ဝတ်ရတနာ များ ပေါင်နှံ သို့မဟုတ်ကလည်း မတန်တဆ အတိုး နှုန်း ဖြင့် ချေးငှားပြီး လာဒ်ထိုးကြရပြန်သည်။
လူငယ်များသည် ၎င်းတို့၏ ပညာသင်ကြားရေး၊ ဘဝ တက်လမ်း များ ဆုံးရှုံးခဲ့ယုံမက မိဘ ဆွေမျိုး များလည်း ရှိသမျှ ဖြူကာပြာကာ ကျ ခဲ့ရသည်။ မျက်ရည် နှင့် မျက်ခွက် ဖြစ်ကျန်ခဲ့ကြသည်။
၂၀၂၄ ဧပြီလ တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ၏ အစီရင်ခံစာ တွင် အာဏာသိမ်းပြီး သုံး နှစ် အတွင်း မှာပင် နိုင်ငံတွင်းရှိ လူလတ်တန်းစား ၅၀ ရာနှုန်း ပျောက်ဆုံးသွားခဲ့ပြီဟု ဖေါ်ပြထားသည်။
လူငယ်များ၏ ဘဝ ကို ဖျက်ဆီးနေမှု၏ အကျိုးဆက်သည် နိုင်ငံအား ဆယ်စုနှစ်ပေါင်း များစွာ တိုင် အရိပ်မည်းကြီး အဖြစ် ခြောက်လှန့် ခံရတော့မည် ဖြစ်သည်။
(ကနေဒါ ၏ The Conversation ဝက်ဆိုဒ် တွင် ပါရှိသည့် ဘရစ်စတို တက္ကသိုလ်မှ မြန်မာ သုတေသီ တဦး၏ "Myanmar’s military rule is crippling hope for young people like never before" ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်။)