ARSA ခေါင်းဆောင် ဖမ်းဆီးမှု၊ ဟိဂ် နှင့် ဗြူနိုအေရိစ်

by Hla Soewai - Mar 24 2025

ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့ဝင်များက အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် ဟု အမည်ပေးထားသည့် ARSA ခေါင်းဆောင် အဘူ အာမား ဂျုနုနီ နှင့် အ‌ ပေါင်းအပါ များကို မြို့တော် ဒက္ကား အနီး တွင် ၎င်းတို့ ခိုအောင်းရာ နေရာများကို အင်္ဂါနေ့က လက်ရ ဖမ်းဆီးရမိသွားပြီ ဖြစ်သည်။

 

၎င်းအား နိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေမှု၊ ဖေါက်ခွဲရေး နှင့် အကြမ်းဖက် လုပ်ရပ်များ အတွက် အရေးယူသွားမည်ဟု သိရသည်။

 

ဂျုနုနီသည် ပါကစ္စတန် တွင် မွေးဖွားပြီး မက္ကာတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ ၎င်းသည် ဘင်္ဂလား‌ဒေ့ရှ် ကို ခြေကုပ်ယူပြီး မြန်မာဘက်ခြမ်း သို့ ဝင်ရောက်တိုက်ခိုက်နေသူ ဖြစ်သည်။

 

ARSA အဖွဲ့သည် ရိုဟင်ဂျာ ဒုက္ခသည် စခန်းများကို ထိန်းချုပ်ထားနိုင်ရေး အတွက် ပြန်ပေးဆွဲ၊ လူသတ်၊ မူးယစ်ဆေးဝါး များ ရောင်းဝယ် ခြင်း အစရှိသည့် လုပ်ရပ်များ ကျူးလွန် လာခြင်း ကြောင့် စခန်း အတွင်း ရိုဟင်ဂျာ ဒုက္ခသည် ရာပေါင်းများစွာ သေဆုံးခဲ့ရသည်ဟု ဘင်္ဂလား‌ဒေ့ရှ် ထောက်လှန်းရေး အရာရှိများက ဆိုသည်။

 

ခရိုင်တရားသူကြီးက ၎င်းအား အသေးစိတ် စစ်ဆေးရန် ရဲအဖွဲ့ကို အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယခုထိ ဂျနုနီ သည် နိုင်ငံတွင်း မည်သို့မည်ပုံ ရောက်ရှိပြီး နေထိုင်နေသည်ကို သဲသဲကွဲကွဲ မသိရသေးဟု ဆိုသည်။

 

ARSA အား ၂၀၁၆ တွင် ဆော်ဒီအာရေးဗီယား ရောက် ရိုဟင်ဂျာ များ နှင့် ဖွဲ့စည်းခဲ့ပြီး စစ်သင်တန်း များကို ပါကစ္စတန် သို့မဟုတ် အာဖဂန်နစ္စတန် တွင် တက်ရောက်ခဲ့ပုံ ရှိသည်ဟု နိုင်ငံတကာ အကျပ်အတည်း များ လေ့လာရေး အဖွဲ့ က ဆိုသည်။

 

၂၀၁၇ တွင် နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်လာပြီး စစ်တပ်၏ မြေလှန်စနစ် ကျင့်သုံးလာ၍ ဘင်္ဂလားဒေ့ရှ် တွင် ရိုဟင်ဂျာ တသန်းခန့် ထွက်ပြေး ခိုလှုံသွား၍ ကမ္ဘာအကြီးဆုံး ဒုက္ခသည် စခန်းကြီး ဖြစ်အောင် စစ်ခေါင်းဆောင်များက ဖန်တီးခဲ့ကြသည်။

 

ယခုအခါ ဒေါ်နယ် ထရန့် ၏ ရံပုံငွေများ ဖြတ်တောက်ခဲ့မှု ကြောင့် ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် မှ ဆက်လက် ထောက်ပံ့ နိုင်စွမ်း မရှိတော့ဘဲ မိသားစု တစု အတွက် လစဉ် ပေးနေကျ ဒေါ်လာ ၅၀ ကို မတ်လ ၁၉ တွင် နောက်ဆုံးအကြိမ် အဖြစ် လက်ခံရရှိတော့မည်လည်း ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည် သည် အဆိုပါ ပြဿနာ စတင် မီးမွှေးလာစဉ်ကတည်းက သူမ၏ လုပ်ပိုင်ခွင့် ထဲမှ ဖြေရှင်းပေးနိုင်ရန် ကိုဖီ အာနန် ကော်မရှင်ကို ဖွဲ့စည်း ပေးခဲ့သည်။ အဆိုပါ အဖွဲ့၏ ထောက်ခံ တင်ပြချက်များ အတိုင်း ရိုဟင်ဂျာ တို့၏ နိုင်ငံသား ဖြစ်ပိုင်ခွင့် တောင်းဆို မှု များအားလည်း နိုင်ငံတကာ စံနှုန်း များ နှင့် အညီ ဖြေရှင်းပေးသွားမည်၊ ၎င်းတို့ အတွက် ပညာ‌ ရေး၊ ကျန်းမာ‌ ရေး၊ အလုပ်အကိုင် အခွင့်အလန်း များ အတွက် အစီအမံ များကိုလည်း ချမှတ် ပေးသွားမည် ဟု စီစဉ်လာခဲ့သည်။

 

သို့သော် အနောက်တိုင်း သတင်း မီဒီယာ များက ၎င်းတို့ ရေးချင်သည့် သတင်းမျိုး မဟုတ်၍ ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာ ပြဿနာ အပေါ် အသံတိတ်နေသည်ဟု စွပ်စွဲလာကြကြောင်း ဖာဂုစ် အာလိုက DVB တွင် မတ်လ ၁၆ ရက်နေ့ က ယခုလို ရှင်းလင်းရေးသားလာခဲ့သည်။

 

ဟိဂ် ရှိ နိုင်ငံတရားရုံး တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ စစ်တပ်ဖက်မှ ခုခံချေပပေးခဲ့သည်ဟု ပင် စွပ်စွဲလာခဲ့သည်။ တကယ်တမ်းတွင် သူမမှ မြန်မာ သည် ထိုသို့ ရက်စက်ကြမ်းကြုပ်မှု များကို ပြည်တွင်း တွင်သာ စစ်ဆေး အရေးယူပိုင်ခွင့် ရှိသည် ဆိုသော နိုင်ငံ၏ အချုပ်အခြာ အာဏာကို ခုခံ ကာကွယ် ခဲ့ခြင်းသာ ဖြစ်သည်။

 

ဒီမိုကရေစီ လိုလားသော ပြည်သူတရပ်လုံးက တခဲနက် ရွေးချယ် တင်မြှောက်ထားခဲ့သော်လည်း လက်တွေ့ တွင် ပြစ်မှု ကျုးလွန်သည့် စစ်တပ် နှင့် အာဏာ ကို ခွဲဝေ ကျင့်သုံးနေရသည့် အဖြစ်ကို မသိကျိုးကျွံ ပြု ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။

 

၎င်းတို့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ အယူအဆများ နှင့် ထင်ရာမြင်ရာ ရေးသားခဲ့ကြ၍ လက်တွေ့တွင် ရိုဟင်ဂျာ တို့ အတွက် ကာဖရပ်စ် အရိပ်လွှမ်းမှု သာ ဖြစ်လာခဲ့သည်။ ဆိုလိုသည်မှာ ဂျာမန် စာရေးဆရာကြီး ဖရန့် ကာဖကာ၏ "တရားခွင်" ဝတ္ထုလို ဗျူရိုကရေစီ ကြိုးနီ စနစ်၊ မတရားသောစွပ်စွဲမှုများ၊ နှင့် လူတစ်ဦး၏အခွင့်အရေးများကို လျစ်လျူရှုသည့် စနစ်တို့ကြောင့် တွယ်ရာမဲ့ ဘဝ နှင့် မွန်းကျပ်သည့် အိမ်မက်ဆိုး များသာ ဖြစ်လာစေခဲ့သည်။

 

အာဂျင်တီနား တရားရုံးမှ အသက် ၇၉ နှစ်ရှိပြီး မည်သည့် နေရာ မှန်း မသိသည့် တနေရာတွင် လျို့ဝှက် ချုပ်နှောင်ခံထားရကာ မည်သူနှင့်မှလည်း တွေ့ခွင့်မရရှာသည့် နိုင်ငံတော် အတိုင်ပင်ခံ အား ဘုမသိ ဘမသိ ဖြင့် ဖမ်းဝရမ်း ထုတ်လာခဲ့သည်။

 

ဆောင်းပါးရှင် က မိမိနှင့် ဩစ‌တေးလျှ ပညာရှင် ‌ပါမောက္ခ အလန် ကလီမင့်စ် တို့မှ ဒေါ်အောင်ဆန်းစုကြည် နှင့် မည်သို့မျှ ပတ်သက်မှု မရှိကြောင်း တချက်ခြင်းကို အသေးစိတ် တင်ပြခဲ့ပြီး ဖြစ်သည်။

 

သူမကိုယ်တိုင်လည်း ပါဝင် ပတ်သက်မှု မရှိ၊ ထိန်းချုပ် နိုင်စွမ်း လည်း မရှိသည့် အမျိုးသမီးကြီးအား အနောက်တိုင်း မီဒီယာများ၏ ဇာတ်ထုတ် အတိုင်း ဗြိတိန် အခြေစိုက် ရိုဟင်ဂျာ အသင်းက ၂၀၁၉ တွင် အမှုထဲ ဆွဲသွင်းခဲ့ခြင်း ဖြစ်သည်။ အာဂျင်တီနား တရားရုံးက ၎င်းတို့၏ အမှု ကို အနိုင်ပေးပြီး သူမကို ပါ ဖမ်းဝရမ်း ထုတ်လာသည့် အခါတွင်တော့ ရုတ်ခြည်း ဆိုသလို ၎င်းတို့၏ တင်ပြချက်ကို မစဉ်းစားဘဲ စီရင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောလာခဲ့သည်။

 

အနောက်တိုင်း တွင် "မင်းအောင်လှိုင်" ၏ အမည်သည် သာမန်ညောင်ည သာ ဖြစ်၍ တကမ္ဘာလုံး သိသည့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ က ပို၍ အာရုံစိုက်လာအောင် ဆွဲထည့် ခဲ့ကြခြင်းသာ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်မှုသည် ကမ္ဘာတဝှမ်း ထင်ရှား ကျော်ကြားသူ ဖြစ်နေခြင်း‌ ကြောင့် သာ ဖြစ်ပြီး နိုင်ငံရေး ကြောင့် မဟုတ်ပေ။ သူမအား ရုံးတင်ခဲ့ကြခြင်းသည်လည်း မီဒီယာ များ နှင့် ထင်ပေါ် ကျော်ကြား မှု ကြောင့်သာ ဥပဒေ လမ်းကြောင်း အတိုင်း မဟုတ်ပဲ အတုအယောင် တရားစီရင်ခဲ့မှု သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!