အထီးကျန် သူ့ဘဝ

by Hla Soewai - Jun 09 2020

သမ္မတ ဖြစ်လာခဲ့ချိန်မှစ၍ မဟာမိတ် နိုင်ငံ များ အား ပမာမခန့် ဆက်ဆံခဲ့ခြင်း၊ မိမိသဘောနှင့် မိမိ ထင်ရာစိုင်းခဲ့ခြင်းများ ‌‌ကြောင့် ယခုလို အကျပ်အတည်းတွင် မဟာမိတ် ‌နိုင်ငံ ခေါင်းဆောင်များ၏ ပြစ်ပယ်ခြင်းကို ခံနေရပြီး မည်သူကမျှလည်း လွတ်လပ်သော ကမ္ဘာ၏ ခေါင်းဆောင်ကြီး အဖြစ် နေရာ မပေးကြတော့ပေ။

ယခုလအတွင်း ဝါရှင်တန် မှာ လုပ်ဖို့ ရှိနေတဲ့ G7 အုပ်စု အစည်းအဝေးကို ဂျာမဏီ ဝန်ကြီးချုပ် အင်ဂျဲလာ မာကယ်က ဗိုင်းရပ်စ်အ‌ကြောင်းပြပြီး တက်ရောက်ဖို့ ငြင်းဆိုလိုက် သည်ကပင် သိသာ ထင်ရှားနေပါတယ်။

ထရန့်အဖို့က G7 အစည်းအဝေးအား ကမ္ဘာ ခေါင်းဆောင်များ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လာကြခြင်းဖြင့် ဗိုင်းရပ်စ် အန္တရာယ်သည် စိုးရိမ်စရာ မရှိတော့ အားလုံးပုံမှန် ပြန်ဖြစ်ပြီ လို့ ပြည်တွင်း ပြည်ပကို ပြသနိုင်ဖို့ အားခဲထားတာလည်း ဖြစ်ပါတယ်။

သံခင်းတမန်ခင်း အရ ပြင်ဆင်မှုမရှိခဲ့ခြင်း၊ ထရန့်ရဲ့ တရုတ်ဆန့်ကျင်ရေး ပြခန်းကြီး အဖြစ် ပြောင်းလဲဖို့ ကြံနေတာကိုရိပ်စားမိလာခြင်းနဲ့ ရုရှားသမ္မတ ပူတင်ကို
ဖိတ်ကြားခြင်း အစရှိတာ‌တွေကို မနှစ်မြို့လို့ဟု ဆိုပါတယ်။ ထို့အပြင် လက်ရှိ ရှုပ်ထွေးနေတဲ့ အမေရိကန် ပြည်တွင်းရေး ပြဿနာနဲ့လည်း ကင်းကင်းရှင်းရှင်း နေလိုပုံ ရှိပါတယ်။

ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးအပေါ် ထရန့်ရဲ့လုပ်ရပ်တွေကိုကြည့်ပြီး သူမအဖို့ အတော်လေး တုန်လှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အမေရိကန် မှာ ဖြစ်ပျက်နေတာကြည့်ပြီး ဥရောပ မဟာမိတ်များက ထရန့်အဖို့ သူဖန်တီးထားတဲ့ ပြဿနာများကြောင့်ကိုယ့်ရှုးကိုယ်ပတ်‌လာနေပြီလို့ ယူဆနေ
ကြပါတယ်။

ထရန့်မှ ဆန္ဒပြသူများကို နှိမ်နှင်းရန် စစ်တပ်ကို ခေါ်ယူမယ့် ဆုံးဖြတ်ချက်ကြောင့် ခပ်ဝေးဝေးနေဖို့ဆုံးဖြတ်ထားကြပုံလည်း ရှိပါတယ်။ သူဘာဆက်လုပ်မလဲ ဆိုတာ ဘယ်သူမှ ရေရေရာရာ မသိကြတဲ့အပြင် ရွေးကောက်ပွဲအတွက် သူတို့ကို တနည်းမဟုတ် တနည်းအသုံးချခံရမှာကို စိုးရိမ်လာကြပြန်ပါတယ်။

နောက်ဆုံးသတင်းအရ အမေရိကန်ကာကွယ်ရေး ဝန်ကြီး မတ် အက်စ်ပါက တပ်များစေလွှတ်ရေး ကို ငြင်းပယ်လိုက်ပြီး မရှိမဖြစ်လိုအပ်လာမှသာ စေလွှတ်မယ်လို့ ပြောလာတဲ့အတွက် ထရန့် အငိုက်မိသွားခဲ့ရပြန်ပါတယ်။

ဒါ့အပြင် ထရန့်ကို များများဝေဖန်လေ သူတို့အတွက် ပို အကျိုးရှိလေဆိုတာကိုလည်း ၎င်းတို့၏ မြို့တော်ကြီးများဆီ ကူးစက်လာနေတဲ့ ဆန္ဒပြပွဲများကို ကြည့်ပြီး ရိပ်စားမိလာကြပါတယ်။

ထရန့်က သူ့ကို ခပ်ရှောင်ရှောင် လုပ်နေပြီဆိုတာ ရိပ်မိတဲ့အတွက် ပူတင်ထံ ချည်းကပ်လာပါတယ်။ တနင်္လာနေ့က ပူတင်ကို ဖုန်းခေါ်ပြီး ဗိုင်းရပ်စ် အရေး၊ ကုန်သွယ်ရေး နဲ့ G7 အစည်းအဝေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

ထရန့်က ပူတင်ကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ပါတယ်။ ပူတင် အဖို့ကလည်း သူ့ကိုကရိုင်းမီယား ကျုးကျော်သိမ်းပိုက်ခဲ့မှု နဲ့ ယူကရိန်း အရှေ့ပိုင်းက ပုန်ကန်မှုတွေကို အားပေးအား‌မြှောက် ပြုမှု‌‌ တွေနဲ့ G7 ကနေ ကန်ထုတ်ခဲ့ပြီးမှ အခုလို ဖိတ်ကြားလာတာကို လက်ခံမလား ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။

တနေ့ထဲမှာပဲ ထရန့်က သူနဲ့ ကလိုရိုကွင်းသောက်ဖေါ်သောက်ဖက် ဘရာဇီး သမ္မတ ဂျာယား ဘော်ဆိုနာယို ဆီလည်း ဖုန်းဆက်ခဲ့ပြန်ပါတယ်။

ဒါတွေကို ကြည့်ရင် ထရန့်သည် သူ၏ မဟာမိတ် များနှင့်သာမက တခါက သူ လေးစားပါသည်ဆိုသော အာဏာရှင်များဖြစ်တဲ့ ရှီကျင်ဖင့်၊ ပူတင်တို့နဲ့ တောင် အစီး
မကပ် ဖြစ်လာလို့ မိတ်ဆွေသစ်တွေ ရှာနေရပြီ ဆိုတာ ပြနေတယ်လို့ ဂျာမန် မာရှယ် ရံပုံငွေ တာဝန်ခံ ဝါရှင်တန်ရှိ ဂျုလီယန် စမစ်က ပြောပါတယ်။

ယခုအခါ အမေရိကန်ရဲ့ အားနည်းချက်တွေက ဗူးပေါ်သလို ပေါ်လာနေပြီ ဖြစ်တဲ့ အတွက် အဝတ်အစား မကပ်တော့တဲ့ ဧကရာဇ်မင်း ကြီးတပါးနဲ့ တူလာနေတယ်လို့ သူမက မှတ်ချက်ချခဲ့ပြန်ပါတယ်။

ကြာသပတေးနေ့အထိ အစည်းအဝေး ကို သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ကျင်းပဖို့ အခြေအနေ ကောင်းနေပေမယ့် သောကြာနေ့မှာတော့ ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်ကြီးတွင် အမေရိကန် မပါတော့လို့ ထရန့်ကကြေငြာလိုက်ပါတယ်။ ဒါက အရင် သူ ပြောထားတဲ့ ရက် သုံးဆယ် ပြည့်ဖို့ နှစ်ပတ်တောင် လိုပါသေးတယ်။

ထရန့်က အခုလို မဟာမိတ်များနဲ့ မတိုင်ပင် တဲ့အပြင် သတင်းများမှ တဆင့် သိလိုက်ရတဲ့အတွက် အတော်ကို အံ့အားသင့်သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီအတွက် မာကယ်က G7 ကို သူမ မတက်နိုင်တော့ဖူးလို့ ချက်ခြင်း အကြောင်းပြလိုက်တာလည်း ဖြစ်ပါတယ်။

မာကယ် အကြောင်း စာအုပ်ရေးသား ထုတ်ဝေခဲ့တဲ့ ဘရွတ်ကင်း အင်စတီကျု မှ အထက်တန်း သုတေသီ William Drozdiak ရဲ့အပြောအရ သူမနှင့် အတူ တွဲပြီး ဓါတ်ပုံတွဲရိုက်ဖို့လောက် စိတ်ဝင်စားပြီး လာတဲ့လူတိုင်းကိုလည်း သူလုပ်ချင်တာ မဖြစ်ဖြစ်အောင် ထောက်ခံခိုင်းဖို့သာ သိတဲ့ လူမျိုး ဖြစ်တဲ့အတွက် "I don't want to be in the room with this guy" လို့ ပြောခဲ့ဘူးတယ်လို့ ဆိုပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နဲ့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးတို့ကလည်း ပူတင်ကို ဖိတ်ကြားခဲ့မှု အပေါ် လူသိရှင်ကြားဝေဖန်ပြောဆိုလာကြပါတယ်။

ပြင်သစ် သမ္မတ ကတော့ ကာလကြာမြင့်စွာကတည်းက ထရန့်ကို ပြစ်ပယ်ထားသူ ဖြစ်ပြီး ရုရှားနဲ့ ဆက်ဆံရေး ပြေပြစ်အောင် တကိုယ်တော် ကြိုးပမ်းနေသူ ဖြစ်ပါတယ်။ ကော်ရိုနာဗိုင်းရပ် အရေးမှာ မဟာမိတ်များကို ဦးဆောင်နိုင်ဖို့ နေနေသာသာ ထရန့်သည် သူ့နိုင်ငံကို တောင် ဦးဆောင်မှု မပေးနိုင်တာ မြင်လာရတဲ့
အခါမှာတော့ မာကရွန်က I'm done with him လို့တွေးလာပုံ ရှိပါတယ်။

ထရန့်ရဲ့ သမ္မတ သက်တမ်း လေးနှစ်အတွင်း နိုင်ငံခြားရေး မူဝါဒ မှာ ဘာတခုမှ အောင်မြင်ခဲ့တာ မတွေ့ရပဲ ဓါတ်ပုံတွေပဲ ရိုက်နိုင်ခဲ့ပါတယ်။ မြောက်ကိုရီယားအရေး၊ အရှေ့အလယ်ပိုင်းအရေး များ မအောင်မမြင် ဖြစ်ခဲ့ရခြင်း၊ တရုတ်နှင့် ဆက်ဆံရေး ဆိုးသည်ထက် ဆိုးလာခဲ့ရခြင်းနဲ့ ရုရှားနဲ့ ဆက်ဆံရေး
မှာလည်း တိုးတက်မှု ရှိမလာခဲ့ခြင်းတို့ကို ထောက်ပြပြောဆိုလာနေကြပါတယ်။

(ဇွန်လ ၂ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်
သတင်းစာပါ 'Embattled at home, Trump finds himself isolated abroad, too' ဆောင်းပါးမှ ကောက်နှုတ်
တင်ပြသည်)