ဗဟို ကွပ်ကဲမှု ကင်းမဲ့‌နေခြင်း သည် အားနည်းချက်ဟု ဆိုသော်လည်း အားသာချက် ဖြစ်လာနေ

by Hla Soewai - Mar 24 2025

မြန်မာ စစ်ရေး လေ့လာနေသူ လေ့လာနေသူ ဒေါ်မီမီ ဝင်းဘတ် မှ The Diplomat စာစောင်တွင် အောက်ပါ အတိုင်း သုံးသပ် ရေးသားလာခဲ့သည်။

 

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းယူ လိုက်သည့် အခါတွင်တော့ သမိုင်းတကျော့ ပြန်လည် လာပြီဟု အများက ယူဆခဲ့ကြသည်။ နိုင်ငံကို ဖိနှိပ် အုပ်ချုပ်ရာတွင် ဆယ်စု နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိထားပြီး ဖြစ်သည့်အပြင် လက်နက် အရာတွင်လည်း တောင့်တင်းလှသည် ဖြစ်၍ "အင်အားကြီးလွန်း၍ ကျရှူံးရန်" မဖြစ်နိုင်လောက်ဟု တွက်ဆ ထားကြ၍ ဖြစ်သည်။

 

ယခင် ၁၉၈၈ နှင့် ၂၀၀၇ အတွင်း အုံကြွ ကန့်ကွက်ခဲ့မှု များသည်လည်း ရက်ရက်စက်စက် ချေမှုန်းခံခဲ့ရ ပြီး ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ အာဏာ သိမ်းမှု ကို ဆန့်ကျင် ကန့်ကွက်မှု များ က ၂၀၂၁ တွင် စတင်လာခဲ့ရာမှ လေးနှစ်အကြာ ယခု အချိန်တွင် ယခင်က ယူဆထားမှု များကို ချေဖျက် နိုင်ခဲ့ပြီး စစ်တပ်သည် အရေးနိမ့်သည်ထက် နိမ့်လာခဲ့သည်။

 

ဤသည်ကလည်း ဗဟိုကွပ်ကဲမှု မရှိသော်လည်း အခြေအနေ နှင့် လိုက်လျော ညီထွေစွာ လှုပ်ရှားနိုင်စွမ်း အားကောင်းလာခြင်း ကြောင့် အာဏာသိမ်း တပ်များသည် နယ်မြေ အမြောက်အမြားကို လက်လွှတ်ခဲ့ရသည်။

 

၂၀၂၃ နှစ်ကုန်ပိုင်း တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တညီတညွတ် တည်း ထိုးစစ် ဆင်လာခဲ့၍ မဟာဗျူဟာ ကျသော စခန်းများ လက်လွှတ်ခဲ့ရသည်။ ၂၀၂၄ တွင် တော်လှန်ရေး တပ်များသည် နေပြည်တော်သို့ ဦးတည်ချီတက်လာနိုင်ပြီ ဖြစ်သည်။ လူများ၊ စစ်မြေပြင် အခြေအနေ နှင့် တော်လှန်ရေး၏ ပြောင်းလဲလာမှု များ နှင့် အတူ မဆုပ်မနစ် တွန်းလှန် တိုက်ခိုက်လာနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။

 

ဤသည်ကလည်း ငါးများ တ‌နေရာမှ တနေရာသို့ ကူးခတ်ရာတွင် တညီတညာတည်း ဟန်ချက်ညီညီ ကူးခတ်သလို မျိုး လှုပ်ရှားနိုင်ခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။ ဗဟိုကွပ်ကဲမှု မရှိသော်လည်း အခြေအနေ နှင့် အညီ လိုက်လျောညီထွေ ဖြစ်အောင် စီမံ နိုင်ခဲ့၍ စစ်တပ် အနေဖြင့် တချက်တည်း နှင့် အလဲ ထိုး နိုင်ဖို့ မဖြစ်နိုင်သည့် အခြေအ‌နေ ဆိုက်ခဲ့ရသည်။

 

ငန်းအုပ်များ ပျံသန်း ကြသလို ‌ခေါင်းဆောင်မှု အလှည့် အပြောင်း နှင့် တော်လှန်ရေး အရှိန်အဟုန်ကို ဆက်၍ ထိန်းထား နိုင်ခဲ့သည်။ ထိုကဲ့သို့ ပုံ‌ သေ မဟုတ်ဘဲ လိုအပ်လျင် လိုအပ်သလို ဖွဲ့စည်း တည်ဆောက်လာမှု သည် ဖရိုဖရဲ ဟု ယူဆထားသော အနေအထားကို အားသာချက် အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သည်။ စစ်ကောင်စီ အားလည်း ဖိအား ဆက်တိုက်ဆိုသလို ပေးနိုင်ခဲ့ပြီး တရုတ်ကဲ့သို့ အင်အားကြီး နိုင်ငံများ၏ ကြိုးကိုင် ချယ်လှယ်နိုင်မည့် အလားအလာများ ကို ဖယ်ရှားနိုင်ခဲ့သည်။

 

မြန်မာတို့၏‌ တော်လှန်ရေးသည် တစုတစည်းတည်း ကွပ်ကဲမှု မရှိဘဲ ပြည်သူ့ကာကွယ်ရေး တပ်များ၊ တိုင်းရင်းသား တပ်များ၊ ဒေသခံ ကာကွယ်ရေး တပ်များ၊ အမျိုးသား ညီညွတ်ရေး အစိုးရ အစရှိသဖြင့် အကွဲကွဲ အပြားပြား ဖြစ်နေပုံရသည်။ တဦးတည်း ခေါင်းဆောင်မှု၊ ဌာနချုပ်ဟူ၍လည်း သတ်သတ်မှတ်မှတ် မရှိပေ။

 

သို့သော်လည်း ထိုအနေအထားသည် အားနည်းချက် ဖြစ်မလာဘဲ အားသာချက် ဖြစ်လာရသည်။ ငါးအုပ်များကဲ့သို့ပင် ကိုယ့်အုပ်စု နှင့် ကိုယ် ရည်ရွယ်ချက် တူညီစွာ လှုပ်ရှား‌ နေကြပြီး ထောက်လှန်းရေး သတင်းများ ဖလှယ်ခြင်း၊ ရှိထားသော အရင်းအမြစ်များ ဝေငှခြင်း အစရှိသည့် နည်းလမ်းများ နှင့် လှုပ်ရှား နေကြခြင်း ဖြစ်သည်။

 

ယင်းသည် တပန်းသာသည့် အကျိုးကျေးဇူး များစွာ ထွက်ပေါ်လာသည်။ ပထမ အချက် အနေဖြင့် အာဏာသိမ်း အဖွဲ့ အနေဖြင့် ခေါင်းဆောင် ဆိုသည်ကို ပစ်မှတ်ထား ရှင်းလင်းနိုင်စွမ်း မရှိ ဖြစ်နေသည်။ တပ်မှုး တယောက် ကျဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းကြောင့် တော်လှန်ရေးသည် ယိမ်းယိုင်သွားနိုင်ခြင်း မရှိ၊ ဒုတိယ အချက် အနေဖြင့် ဌာနချုပ်ဟူ၍ မရှိသဖြင့် ၎င်းတို့အဖို့ ချေမှုန်းရန် အခွင့်မသာ ဖြစ်လာရသည်။ တော်လှန်ရေး တပ်များက နေရာ အနှံ့ ပြန့်ကျဲ နေ၍ ထိုးစစ်ကြီးတရပ် ဆင်နွှဲဖို့ ခက်ခဲလာရသည်။ တတိယ အချက် အနေဖြင့် တော်လှန်ရေး တပ်များက စစ်မြေပြင် အနေအထားကို ကြည့်၍ မိမိတို့ သ‌ ဘော အတိုင်း လိုက်‌လျော ညီထွေ ပြောင်းလဲ ကျင့်သုံးနိုင်ခြင်းပင် ဖြစ်သည်။ တနေရာတွင် နှေး‌ကွေးသွားပါက အခြား တနေရာတွင် အရှိန်မြှင့် တိုက်နိုင်၍ စစ်ကောင်စီတပ်များ ဟန်ချက်ပျက်ပြားခဲ့ရသည်။

 

ထို့အတွက် တော်လှန်ရေး တပ်များ ရေရှည် စစ်ပွဲ ဆင်နွှဲလာနိုင်ပြီး စစ်ကောင်စီ တပ်များ၏ လက်နက် အင်အား နှင့် အရင်းအမြစ်များ အသာစီး ရနေမှု ပျက်ပြုန်း သွားစေခဲ့သည်။

 

အခြားသော တော်လှန်ရေး များ နှင့် မတူပဲ ပျံသန်းနေသော ငန်းအုပ်များလို တိုက်ပွဲ အခြေအ‌နေကို ကြည့်၍ ခေါင်းဆောင် ကို အလှည့်ကျ ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည်။

 

ပျံသန်းနေသော ငန်းများကဲ့သို့ ခေါင်းဆောင်မှု အလှည့် အပြောင်း လေးမျိုး ရှိနေသည်ကို တွေ့ရသည်။

 

(၁) ၂၀၂၁-၂၂ တော်လှန်ရေး၏ အစောပိုင်း အဆင့် တွင် NUG သည် နိုင်ငံရေး လမ်းညွှန်မှု ပေးလာပြီး PDF သည် မြို့ပြ ပျောက်ကျား အသွင့်ဖြင့် လှုပ်ရှားလာနိုင်ခဲ့ခြင်းကြောင့် စစ်တပ်၏ ထိန်းချုပ်မှု ဖရိုဖရဲ ဖြစ်လာပြီး ထိုးစစ်များ ဆင်နွှဲ နိုင်သည့် အဆင့် ရောက်လာအောင် ဖန်တီးပေးနိုင်ခဲ့သည်။

 

(၂) ၂၀၂၃ အောက်တိုဘာ တွင် ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ဖြင့် မြို့ကြီးများ၊ စစ်ဌာနချုပ်များ၊ ကုန်သွယ်ရေး လမ်းကြောင်းများကို သိမ်းယူ နိုင်ခဲ့ခြင်းဖြင့် ၎င်းတို့ ဒေသတွင် စစ်တပ်ကို အလဲထိုးနိုင်ခဲ့သည်။

 

(၃) အာရက္ခ တပ်တော်သည် ရခိုင်ပြည်နယ် အတွင်း ထိုးစစ်ကြီး ဆင်နွှဲလာပြီး နယ်မြေ အမြောက်အမြား သိမ်းပိုက်နိုင်လာခဲ့၍ စစ်တပ်သည် တဆုတ်တည်း ဆုတ်ခွာ ထွက်ပြေးနေကြရသည်။

 

(၄) ၂၀၂၄ နှင့် ယခုထိ အဓိက တိုင်းရင်းသား များ ဖြစ်သော ကချင်၊ ကရင်နီ၊ ကရင် နှင့် ချင်းလက်နက်ကိုင် အဖွဲ့များ က အသီးသီး စစ်မျက်နှာ ပေါင်းစုံ မှ ထိုးစစ်ဆင်လာနေပြီ ဖြစ်၍ စစ်တပ် အဖို့ နဲနဲ နှင့် ကျဲကျဲ ဝိုင်းနေကြရပြီး တော်လှန်ရေး တပ်များသည်လည်း တဖြေးဖြေး နေပြည်တော် နှင့် နီးကပ်စ ပြုလာခဲ့ပြီ ဖြစ်သည်။

 

ထိုသို့ တော်လှန်ရေးကို တယောက်တလှည့် ဦးဆောင်လာခဲ့၍ လည်း စစ်ပန်းသည်ဟူ၍ မရှိဘဲ ဆက်လက် တိုက်ခိုက်နိုင်ပြီး တရုတ်၏ ကြိုးကိုင် ချယ်လှယ်ခြင်းကို ရှောင်ရှားနိုင်ခဲ့သည်။ အားလုံးကလည်း ငန်းများလို ဦးတည်ရာ နှင့် ရည်မှန်းချက်ကို ကောင်းစွာ သိရှိထားကြပြီး ဖြစ်သည်။

 

စစ်ကောင်စီတပ်များ အဖို့တော့ ရည်ရွယ်ချက် ပျောက်ဆုံးနေပြီး ညီညွတ်မှု ပျက်ပြားကာ လမ်းပျောက်နေကြသည်။ စစ်တပ်သည် ရှေ့ဆက် ရပ်တည် နိုင်စွမ်း မရှိတော့၊ ယခင် အုံကြွမှု များ နှင့် မတူပဲ နိုင်ငံ အနှံ့ တွန်းလှန်တိုက်ခိုက်မှု များ နှင့် ကြုံနေရသည်၊ ရှင်းလင်းသော အဓိက ဗဟိုချက်မဟူ၍ မရှိသည့် အပြင် ၎င်းတို့လို တင်းကျပ်သော အဆင့်ဆင့် အမိန့်ပေး အမိန့်ခံ ပုံစံမျိုး မဟုတ်ဘဲ ပို၍ လျင်လျင်မြန်မြန်ဖြင့် အခြေအနေ နှင့် လိုက်လျောညီထွေ စွာ ကွန်ယက်သဖွယ် ချိတ်ဆက် ခုခံမှု နှင့် ရင်ဆိုင်နေကြရသည်။ ထို့ပြင် စစ်အုပ်ချုပ်ရေး လက်အောက် တွင် နေရန် လုံးဝ လက်မခံနိုင်သည့် မျိုးဆက်သစ် တော်လှန်ရေး သမားများက ဦးဆောင်နေခြင်းလည်း ဖြစ်သည်။

 

တရုတ်၏ ဝင်ရောက်စွက်ဖက် မှု ကြောင့် မြောက်ပိုင်းတွင် အရှိန်ကျသွားသော်လည်း ကျန် တိုင်းရင်းသား အဖွဲ့များက အခြားနေရာများ တွင် အရှိန်မြှင့် တိုက်ခိုက်လာနေကြသည်။ တရုတ်၏ စီမံကိန်းများသည် တိုင်းရင်းသား တပ်များ၏ ထိန်းချုပ် နယ်မြေ များ အတွင်း ရှိနေပြီး ၎င်းတို့အပေါ် ဘီဂျင်း၏ ဩဇာအာဏာလည်း အကန့်အသတ် နှင့်သာ ရှိနေသည်။ တဖက်တွင် အမေရိကန်၊ အာဆီယံ နှင့် ဒေသတွင်း နိုင်ငံများက မြန်မာ တို့၏ တော်လှန်ရေး အင်အား ကြီးထွားလာနေမှု ကို အသိအမှတ် ပြုလာကြ‌သော်လည်း သတိကြီးကြီး ထားနေကြဆဲပင် ဖြစ်သည်။

 

မြန်မာ တို့၏ တော်လှန်ရေးသည် ပျောက်ကြား တော်လှန်မှု နည်းဥပဒေသများကို အသစ်တဖန် ပြန်လည် ရေးဆွဲ ပေးလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း လွတ်မြောက် နယ်မြေများ တွင် အုပ်ချုပ်ရေး၊ ကွဲပြားနေသော နိုင်ငံရေး ရည်မှန်းချက်များ နှင့် အတူ စစ်ကောင်စီ အလွန် တည်ငြိမ်ရေးကို အာမခံနိုင်ဖို့တွင် စိန်ခေါ် မှု များ ရှိနေသော်လည်း အခြေအနေ နှင့် လိုက်လျောညီထွေ ဆောင်ရွက် နိုင်စွမ်း က တပန်းသာနေသည်။

 

နေပြည်တော် ၏ ကျဆုံးခန်းသည် လတ်တလော ဖြစ်မလာ နိုင်သေးသော်‌လည်း စစ်ကောင်စီသည် အနိုင်မရတော့မည့် စစ်ပွဲ ကို တိုက်နေကြရပြီ ဖြစ်သည်။ ၎င်းတို့ ရင်ဆိုင်နေရသူများသည်လည်း ယခင်ကထက် ကျောခြင်းကပ်၊ ရင်ခြင်းကပ် ဖြစ်လာပြီး စိတ်ဓါတ် ခိုင်မာစွာ ဖြင့် လိုလျင်လိုသလို ဗျူဟာ ကို ပြောင်းလဲ တိုက်ခိုက်နိုင်စွမ်း ရှိလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!