တော်လှန်ရေး တပ်ပေါင်းစု၏ ယာယီ အပစ်အခတ် ရပ်စဲရေး ကို မင်းအောင်လှိုင်မှ ပယ်ချခဲ့ပြီး မကြာခင်မှာပင် တရုတ် ကြက်ခြေနီ ယာဉ် တန်းကို အာဏာသိမ်း တပ်များက စတင် ပစ်ခတ်လာခဲ့သည်။
ထိုသို့ပစ်ခတ်ခဲ့ခြင်းကို ၎င်းတို့၏ ပြောခွင့်ရ ဇော်မင်းထွန်း မှ အတည်ပြုခဲ့ပြီး ရပ်ရန် ပြောသည်ကို မရပ်ဘဲ ဆက်မောင်းနေ၍ သတိပေး ပစ်ခတ်ခဲ့ရခြင်းဟု ဆိုသည်။
နောင်ချို မြို့နယ် အတွင်း အမ်မတီး ရွာ အနီး အင်္ဂါနေ့ ည ၉:၂၁ တွင် ဖြစ်ပွားခဲ့ခြင်း ဟု TNLA ဖက် က အသိပေးလာခဲ့သည်။
ယာဉ်တန်းသည် နောက်ပြန်လှည့်ခဲ့၍ TNLA တပ်ဖွဲ့ဝင်များ က အကူအညီ လိုအပ်နေသည့် နေရာများကို ရောက်နိုင်ရန် စောင့်ရှောက်ပေးခဲ့ရသည်ဟု ဆိုသည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကယ်ဆယ်ရေး အဖွဲ့ နှင့် ထောက်ပံ့ရေး ပစ္စည်းများ ဘေးကင်း လုံခြုံခဲ့သည် ဟု ဆိုပြီး နှစ်ဖက်စလုံး မှ ငလျင်ဒဏ် ကယ်ဆယ်ရေး ကို ဦးစားပေးရန် တိုက်တွန်းထားသည်။
မင်းအောင်လှိုင်မှ တော်လှန်ရေး အဖွဲ့များသည် အပစ်အခတ် ရပ်စဲထားသည် ဆိုသော်လည်း ရှေ့လျောက် တိုက်ခိုက်ရန် ပြင်ဆင်နေ၍ ယင်းအား ၎င်းတို့ အပေါ် တိုက်ခိုက်မှု အဖြစ် ယူဆပြီး စစ်ဆင် သွားမည်ဟု ဆိုသည်။ ဤသည်ကပင် မြေငလျင် လှူပ်နေသည့် ကြားမှ ဆက်၍ ဗုံးကြဲတိုက်ခိုက်နေသည်ကို သွယ်ဝိုက် ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
သို့သော်လည်း တရုတ် ကြက်ခြေနီ ယာဉ်တန်းကို ပစ်ခတ်ခဲ့၍ အရှက်တကွဲ ဖြစ်ခဲ့ရပြီး နောက် တရုတ်ဖိအား ကြောင့်ဟု ယူဆရပြီး ချက်ခြင်း ဆိုသလိုပင် ၎င်းတို့လည်း ဧပြီ ၂ မှ ၂၂ အထိ အပစ်အခတ် ရပ်စဲသည်ဟု ကမန်းကတမ်း ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။
ယခုလည်း နိုင်ငံတကာ ကယ်ဆယ် ရေး အဖွဲ့များက ပိတ်မိ နေသူ များကို ကြိုးစားပမ်းစား မနား မနေ ရှာ ဖွေ ကယ်ထုတ် နေချိန်တွင် ၎င်းအတွက် ရတောင့်ရခဲ အခွင့်အရေး တခု ဖြစ်သည့် ဘန်ကောက်တွင် ကျင်းပမည့် BIMSTEC ထိပ်သီး အစည်း အဝေး တက်ရန် ရောက်လာမည်ဟု ထိုင်းဖက် မှ အတည်ပြုလာသည်။
လွန်ခဲ့သည့် နှစ်နှစ် တနာရီ ၁၇၅ မိုင်နှုန်း ဖြင့် မိုချာ ဆိုင်ကလုံး ဝင်ရောက် မွှေနှောက် လာပြီး အကြီး အကျယ် ပျက်စီးဖို့ ရှိသည်ဟု စိုးရိမ်တကြီး ခန့်မှန်းနေသော်လည်း မင်းအောင်လှိုင်သည် မည်သို့မျှ မနေဘဲ နောက်လိုက် နောက်ပါ များ နှင့် အတူ ယတြာချေဖို့ ထီးတော်တင်ရန် ကျိုင်းတုံသို့ပင် ထွက်သွားခဲ့သူ ဖြစ်သည်။
သို့သော်လည်း အယူသီးတတ်သည့် မြန်မာ အများစုက ယခု မြေငလျင်သည် မင်းအောင်လှိုင် အတွက် ကျဆုံးခန်း ဆိုက်လာတော့မည် အတိတ်နမိတ် ဆိုးပင် ဖြစ်သည်ဟု တွက်ဆထားကြပြီ ဖြစ်သည်ဟု အယ်ဂျာဇီယား သတင်း တွင် ဖေါ်ပြထားသည်။
မိမိတို့ အပေါ် သဘာဝ ဘေးအန္တရာယ် ကျရောက်တိုင်း တာဝန်ပျက်ကွက်ခဲ့ကြသည့် စစ်ခေါင်းဆောင်များကို ဝဋ်သည် စောင့်ဆိုင်းနေမည်ကား မဟုတ်ပေ။
#အမေရိကန်၏ရှက်ဖွယ်လိလိလုပ်ရပ်
တရုတ် နှင့် ရုရှား တို့မှ ကယ်ဆယ်ရေး ဝန်ထမ်းများ ရာနှင့်ချီ စေလွှတ်နေချိန်တွင် အမေရိကန် မှ လူ သုံးဦး ပါ အဖွဲ့ ရောက်ရှိလာခဲ့သည်။
ထိုလုပ်ရပ် အပေါ် နိုင်ငံတကာမှ အပြင်းအထန် ဝေဖန်ခဲ့ပြီး ဩစတေးလျှ တောင်ပိုင်း တက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ မြန်မာ အရေး ကျွမ်းကျင်သူ ပါမောက္ခ အဒမ် ဆင်ဆမ် မှ ထရန့် အစိုးရ၏ ဝတ်ကျေတန်းကျေ လုပ်ရပ်သည် မြန်မာ ပြည်သူများ အပေါ် စော်ကားလိုက်ခြင်းသာ ဖြစ်သည်ဟု ပြောဆို ရှုတ်ချ လိုက်သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို က ပြည်ပ အကူအညီ ပေးရေး ဆိုင်ရာ မူဝါဒ များကို အမေရိကန် နိုင်ငံသား များ အကျိုး အတွက် အကောင်းဆုံး ဖြစ်လာနိုင်ဖို့ ရှိသည်များကို သာ ကူညီ နိုင်ရန် ပြန်လည် ထိန်းညှိနေသည်ဟု ကြေညာချက် ထုတ်ပြန်လာသည်။
ဤသည်ကပင် မြန်မာတို့၏ တော်လှန်ရေးနှင့် ကွာရှင်း ပြတ်စဲပြီ ဆိုသည့် အမေရိကန်၏ သဘောထား ဟု မှတ်ယူနိုင်ပေသည်။
ထို့ပြင် USAID ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေး ဗြူရိုသည် မြန်မာ မြေငလျင် အတွက် ပြင်ဆင်နေချိန်တွင် ဝေးဝေး နေဖို့ အီးမေး ဝင်လာကြောင်း ဝန်ထမ်းများက ပြောသည်ဟု နယူးယောက် တိုင်းမ် သတင်းစာက ဆိုသည်။
အမေရိကန်သည် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး အတွက် ထိတ်ထိတ်ကြဲ နည်းပညာများ၊ စက်ကိရိယာများ နှင့် ကျွမ်းကျင်မှု များ ရှိထား၍ ထိထိရောက်ရောက် ကူညီမည် ဆိုလျင် လူ့ အသက်ပေါင်း များစွာ ချမ်းသာရာ ရနိုင်ပေသည်။
ကမ္ဘာ အရေးအခင်းများ တွင် အမေရိကန် တို့ ဖာသိဖာသာ နေလာသည်ကို ထင်ရှားစွာ ပြဆိုလိုက်ခြင်း ဖြစ်ပြီး ရှေ့လျောက် ဩဇာအာဏာ ကျဆင်းဖို့ အစပျိုး လာပြီ ဖြစ်သည်ဟု လည်း ထောက်ပြခဲ့ကြသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!